backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း)


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ကဘာလဲ။

တံတောင်ဆစ်ထိခိုက်ဒဏ်ရာသည် လူကြီးများနှင့် ကလေးများတွင်ပါ အဖြစ်များသည်။ စောစီးစွာသိရှိ၍ ကုသမှုခံယူနိုင်ခြင်းက နောက်ဆက်တွဲဖြစ်လာမည့် ဆိုးကျိုးများကို ကာကွယ်နိုင်သည်။ တံတောင်ဆစ်ကို ပြင်းထန်သောထိခိုက်မှု ဟူသမျှ ဆေးကုသရန်လိုသည်။ အရိုးကျိုးခြင်း၊ အရိုးနေရာလွဲခြင်း စသည့် ပြင်းထန်သော ထိခိုက်မှုများသည် လှုပ်ရှားမှုအပြင် သွေးကြောနှင့် အာရုံကြောတို့၏ လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်စေသည်။ ကလေးများတွင် အရိုးကျိုးခြင်းသည် အရိုး၏ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ အကြောင်းမှာ ကလေးများ၏ အရိုးတွင် အရိုးကြီးထွားမှုဖြစ်ပွားသော ဗဟိုချက်နေရာများရှိသည်။ ကလေးဘဝတလျှောက်လုံး အရိုးများသည် ဆက်လက်ကြီးထွားနေသဖြင့် အရိုးကျိုးခြင်းကြောင့် ထိုဗဟိုချက်နေရာတစ်ခု ထိခိုက်မိပါက အရိုး၏ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။

တံတောင်ရိုးကျိုးခြင်းသည် တံတောင်ဆစ်ဖြစ်လာစေသော လက်မောင်းရိုး၃ခုထဲမှ ၁ခု သို့မဟုတ် ၁ခုထက်ပို၍ ကျိုးခြင်းဖြစ်သည်။

Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပို အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာများမှာ

သင့်တံတောင်ဆစ်တွင် အောက်ပါလက္ခဏာများ ဖြစ်နေပါက အရိုးကျိုးခြင်းသို့မဟုတ် ဆေးကုသရန်လိုသော ထိခိုက်ဒဏ်ရာ တစ်ခုခုရှိနေနိုင်သည်။

  • တံတောင်ဆစ်သို့မဟုတ် တံတောင်ဆစ်၏ အထက်၊အောက်နေရာများတွင် ရောင်ရမ်းခြင်း
  • တံတောင်ဆစ်နှင့် အနီးတဝိုက်တွင် ပုံပျက်ခြင်း
  • တံတောင်ဆစ်တွင် သွေးခြေဥခြင်း၊ နီမြန်းခြင်း
  • တံတောင်ဆစ်ကို အပြည့်အဝလှုပ်ရှားမှုပြုရန် ခက်ခဲခြင်း

ကွေးခြင်း၊ဆန့်ခြင်း တံတောင်ဆစ်ကွေးရာတွင် သင့်ပုခုံးကို လက်ချောင်းများဖြင့်ထိနိုင်ရမည်။ ဆန့်ရာတွင်လည်း လက်မောင်းကို အပြည့်အဝ ဆန့်ထုတ်နိုင်ရမည်။

အတွင်းနှင့် အပြင်သို့လှည့်ခြင်း လက်မောင်းကိုခန္ဓါကိုယ်နှင့်ကပ်ထားပြီး တံတောင်ဆစ်ကို၉၀ဒီဂရီ ကွေးထားချိန်တွင် လက်ဖဝါးကို အပေါ်ဘက်သို့မျက်နှာမူလျက် လက်ကို အပြင်ဘက်သို့ လှည့်ထုတ်နိုင်ရမည်။ ထိုအနေအထားအတိုင်းပင် လက်ဖဝါးကို အောက်ဘက်သို့မျက်နှာမူလျက် လက်ကို အတွင်းဘက်သို့ လှည့်နိုင်ရမည်။

  • လက်ဖျံ၊ လက်ဖဝါး၊ လက်ချောင်းများ ထုံကြဉ်ခြင်း၊ အေးစက်ခြင်း
  • တံတောင်ဆစ်မှဖြတ်သန်းသွားသော အဓိကအာရုံကြော ၃ချောင်းရှိသည်။ ဒဏ်ရာပြင်းထန်ပါက ထိုအာရုံကြောများကို ထိခိုက်မိနိုင်သည်။

    တံတောင်ဆစ်မှဖြတ်သန်းသွားသော သွေးကြောများလည်း အများအပြားရှိသည်။ ဒဏ်ရာရခြင်း ရောင်ရမ်းခြင်းတို့ကြောင့် အရေးပါသော သွေးကြောများ ထိခိုက်မိခြင်း ဖိမိခြင်းတို့ဖြစ်နိုင်သည်။

    • တံတောင်ဆစ်ပြတ်ရှဒဏ်ရာ
    • ထိခိုက်ထားသော တံတောင်ဆစ်မှ အလွန်နာကျင်ခြင်း
    • တံတောင်ဆစ်၊လက်ဖျံတို့တွင် တင်းကြပ်ကြပ်ခံစားရခြင်း

    အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    တံတောင်ဆစ်ရိုးကျိုးခြင်းသည် ပြင်းထန်သော မသန်စွမ်းဖြစ်စေနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနိုင်သည်။ သင့်တံတောင်ဆစ်ရိုးကျိုးသည်ဟူ ထင်ပါက ဆေးရုံတစ်ခုခုရှိ အရေးပေါ်ဌာနသို့ ချက်ခြင်းသွားရောက်၍ ကုသမှုခံယူပါ။

    အနည်းငယ်သာရောင်ရမ်းပြီး သွေးခြေဥခြင်းမရှိ ပြတ်ရှဒဏ်ရာမရှိ ထုံကြဉ်ခြင်းမရှိလျှင် အရေးပေါ်ဌာန မသွားဘဲ ဆရာဝန်နှင့်ပြနိုင်သည်။

    သင့်တံတောင်ဆစ်တွင် ထိခိုက်ဒဏ်ရာရပြီး အောက်ပါလက္ခဏာများ ဖြစ်နေပါက အရေးပေါ်ဌာနသို့သွားရောက်၍ ကုသမှုခံယူသင့်သည်။

    • တံတောင်ဆစ်သို့မဟုတ် တံတောင်ဆစ်၏ အထက်၊အောက်နေရာများတွင် ရောင်ရမ်းခြင်း
    • တံတောင်ဆစ်နှင့် အနီးတဝိုက်တွင် ပုံပျက်ခြင်း

    သံသယရှိပါက မထိခိုက်မိသော တံတောင်ဆစ်နှင့် နှိုင်းယှဉ်ကြည့်ပါ။ အဖုအထစ် တစ်ခုခုပေါ်လာပါက အရေးပေါ်ဌာနသို့သွားပါ။

    • တံတောင်ဆစ်၊ လက်ကောက်ဝတ်တို့ကို လှုပ်ရှားပါက ဖေါက်ကနဲ အသံကြားရခြင်း၊ အရိုးခြင်း ဖိကြိတ်သည့် ခံစားမှုရခြင်း
    • တံတောင်ဆစ်လှုပ်ရှားမှု တန့်သွားခြင်း၊ ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း
    • အရောင်ပြောင်းခြင်း အပြာ၊ခရမ်း၊အမည်းရောင်တို့သည် တံတောင်ဆစ်ထဲသို့ သွေးယိုခြင်းကို ညွှန်ပြသည်။ နီမြန်းခြင်းသည် ရောဂါပိုးဝင်ခြင်းကို ပြသည်။
    • ထုံကြဉ်မှု မပျောက်ဘဲ ဆက်လက်ရှိနေခြင်း
    • လက်ဖျံ၊ လက်ကောက်ဝတ်၊ လက်ချောင်းများ ပုံမှန်လှုပ်ရှားရန် ခက်ခဲခြင်း၊ အရောင်၊ အပူချိန် ပြောင်းခြင်း
    • တံတောင်ဆစ်အနီးတဝိုက်မှ သွေးထွက်နေခြင်း
    • တံတောင်ဆစ် အပြည့် ဆန့်ထုတ်ခြင်း၊ သင့်ပုခုံးကို လက်ချောင်းများဖြင့်ထိနိုင်သည်အထိ တံတောင်ဆစ်ကွေးခြင်း၊ လက်ဖဝါးကို အပေါ်အောက်လှန်ခြင်းတို့ကို မနာမကျင်ဘဲ ပြုလုပ်နိုင်ရမည်။

    အကြောင်းရင်းများ

    Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    တံတောင်ဆစ်အရိုးကျိုးစေသော အကြောင်းများမှာ

    ချော်လဲခြင်း၊ ရိုက်မိခြင်း၊ အားကစားသမားများတွင် တံတောင်ဆစ်ကို အလွန်အကျွံ အသုံးပြုခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ဒဏ်ရာရနိုင်သည်။

    ဖြစ်နိုင်ခြေများ

    Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    တံတောင်ရိုးကျိုးစေသည့် အဖြစ်များသော ဖြစ်ရပ်များမှာ

    နှင်းလျှောစီးဘုတ်ပြားပေါ်မှ နောက်ပြန်လိမ့်ကျခြင်းတွင် လက်ထောက်လျက်ခံမိခြင်း

    ကား သို့မဟုတ် မော်တော်ဆိုင်ကယ်တိုက်မှု ကဲ့သို့ ပြင်းအားမြင့်ထိခိုက်မှု

    စကိတ်ဘုတ်၊ စက်ဘီးပေါ်မှ ပြုတ်ကျစဉ် တံတောင်ဆစ်နှင့် တိုက်ရိုက်ထောက်မိခြင်း

    ကားပြတင်းပေါက်ဖွင့်လျက် တံတောင်ဆစ်ထုတ်ထားမိသောကြောင့် ဘေးတိုက်ပွတ်ဆွဲ ဒဏ်ရာ

    တံတောင်ဆစ်၊ လက်ဖျံ၊ လက်ဝါး၊ ပုခုံးတို့သို့ တိုက်ရိုက်ဒဏ်ရာများ ရလျှင်လည်း တံတောင်ဆစ်ကို ထိခိုက်နိုင်သည်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်က သင်၏အထွေထွေကျန်းမာရေး အခြေအနေကို သိရှိရန် အောက်ပါမေးခွန်းအချို့ကိုမေးလိမ့်မည်။

    သင့်အသက်

    ဘယ်သန်/ညာသန်

    အလုပ်အကိုင်

    လှုပ်ရှားမှုအဆင့် (အားကစားသမားလား စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်သူလား)

    လက်နှင့် တံတောင်ဆစ်တွင် ဒဏ်ရာရဖူးခြင်း၊ ခွဲစိတ်ဖူးခြင်း ရှိမရှိ

    ဖြစ်ဖူးသောရောဂါများ (အရိုး၊အဆစ်၊အရွတ်၊ကြွက်သား၊အာရုံကြော၊သွေးကြောတို့ကို ထိခိုက်စေတတ်သောရောဂါများ သည်အရေးကြီးသည်။ သွေးထွက်ခြင်း၊ အနာကျက်ခြင်းဆိုင်ရာ ပြဿနာများသည်လည်း အရေးကြီးသည်။)

    လက်ရှိဖြစ်နေသောရောဂါများ

    သောက်နေသောဆေးများ

    မတည့်သောဆေးများ

    အရက်၊ဆေးလိပ် သောက်မသောက်

    ထိခိုက်မှုနှင့် ပတ်သတ်သည့် အသေးစိတ်မေးခွန်းများကိုလည်း မေးလိမ့်မည်။

    ဘာကြောင့်ဖြစ်သလဲ၊ ဥပမာ ချော်လဲသလား၊ တခုခုနဲ့ထိမိသလား။ ချော်လဲလျှင် လက်နဲ့ထောက်မိသလား တံတောင်နဲ့ထောက်မိသလား။

    ဘယ်တုန်းကထိမိသလဲ။ ဘယ်အချိန်မှာစဖြစ်သလဲ။

    သတိထားမိသော လက္ခဏာများ ဥပမာ နာသလား။ နာပြီးရောင်သလား။ ရောင်ပြီးအရောင်ပြောင်းသလား၊

    ဆရာဝန်က ထိခိုက်မိသောလက်ကို အထူးသဖြင့် စမ်းသပ်စစ်ဆေးမည်။ နှလုံး၊ အဆုတ်နှင့် ဗိုက်ကိုလည်း စမ်းသပ်ကောင်း စမ်းသပ်နိုင်သည်။ ခေါင်း၊လည်ပင်း၊ကျောနှင့် မထိခိုက်သော ခြေလက်များကိုလည်း စစ်ဆေးကြည့်လိမ့်မည်။ စမ်းသပ်ရသည့်အကြောင်းမှာ ပိုပြင်းထန်သော ဒဏ်ရာ သို့မဟုတ် ရောဂါအခြေအနေများ မရှိကြောင်း သေချာစေရန်ဖြစ်သည်။ တံတောင်ဆစ်ရိုးကျိုးသောကြောင့် အလွန်နာကျင်နေသော လူနာသည် အခြားဒဏ်ရာများ ရှိနေကြောင်းကိုပင် သတိမထားမိဘဲ ဖြစ်နေတတ်သည်။

    ဆရာဝန်က အခြေခံဓါတ်မှန်ရိုက်စစ်ဆေးခြင်း ပြုလုပ်လိမ့်မည်။ သင့်ကျန်းမာရေး အခြေအနေနှင့်ကုသမှုအတွက် လိုအပ်ချက်အပေါ်မူတည်ပြီး အခြားဓါတ်ခွဲစစ်ဆေးမှုများနှင့် အထူးဓါတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်လိမ့်မည်။

    တခါတရံ ဒဏ်ရာမှ အလွန်နာသောကြောင့် အပြည့်အစုံ စမ်းသပ်စစ်ဆေးရန် မဖြစ်နိုင်ပါ။ ထိုအခြေအနေမျိုးတွင် ဆရာဝန်က တံတောင်ဆစ်ကို မလှုပ်ရှားစေဘဲ၊ မထိဘဲ ကြည့်ရုံသာ ကြည့်၍ ကနဦးစစ်ဆေးမည်။

    သွေးကြောနှင့် အာရုံကြောများ ကောင်းစွာ အလုပ်လုပ်ကြောင်းသိသာရန် လက်ကောက်ဝတ်နှင့် လက်ဖဝါးကို စစ်ဆေးမည်။ ထို့နောက် ဆရာဝန်သည် နာကျင်မှုကို ကုသရန်နှင့် ဓါတ်မှန်ရိုက်ရန် ဆုံးဖြတ်သည်။ ပတ်တီးစည်းခြင်း၊ အကိုက်အခဲပျောက်ဆေးပေးခြင်းတို့ဖြင့် အနာသက်သာစေပြီးမှသာ မှန်ကန်သည့်စမ်းသပ်စစ်ဆေးမှု အပြည့်အစုံကို ပြုလုပ်နိုင်မည်။

    တံတောင်ဆစ်အခြေခံဓါတ်မှန်ရိုက်စစ်ဆေးခြင်းကို ရှေ့နှင့်ဘေးမှ ရိုက်ယူသည်။ အခြားထောင့်၂နေရာမှ ထပ်မံရိုက်သော ဓါတ်မှန်များလည်း လိုအပ်သည်။

    ကလေးများတွင် မထိခိုက်မိသော တံတောင်ဆစ်ကိုလည်း ဓါတ်မှန်ရိုက်ယူသည်။ ကလေးများ၏ တံတောင်ဆစ်သည် အရိုးများနှင့်သာ ဖွဲ့စည်းထားသည်မဟုတ်ပါ၊ နောင်တွင် အရိုးဖြစ်လာမည့် အရိုးနုများသည် ဓါတ်မှန်ထဲတွင် အရိုးကျိုးသည့်နေရာနှင့် မှားနိုင်သည်။ ထို့ကြောင့် ဒဏ်ရာရသည့်ဘက်နှင့် မရသည့်ဘက် ဓါတ်မှန်များကို ယှဉ်ကြည့်ခြင်းဖြင့် ရောဂါအမည်တပ်ရ လွယ်ကူစေသည်။

    အခြားအာထရာဆောင်း၊ စီတီနှင့် သံလိုက်ဓါတ်မှန်တို့ ရိုက်ခြင်းဖြင့် တံတောင်ဆစ်ရှိဒဏ်ရာကို ပိုမိုပြီးပြည့်စုံစွာ ကြည့်ရှုနိုင်စေသည်။ ထိုစစ်ဆေးမှုများကို အရေးပေါ်ဌာနတွင် လုပ်ခဲသော်လည်း လုံးဝမလုပ်သည်တော့ မဟုတ်ပါ။

    ယေဘူယျအားဖြင့် တံတောင်ဆစ်ရိုးကျိုးသူများတွင် ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန်မလိုပါ။ ရောဂါတစ်ခုခုရှိလျှင်၊ ဆေးသောက်နေလျှင် ဒဏ်ရာကိုခွဲစိတ်ကုသဖို့လိုလျှင်သာ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သည်။

    ဆရာဝန်က တံတောင်ဆစ်မှ ဖြတ်သန်းသွားသော သွေးကြောပြတ်မည်ကို စိုးရိမ်လျှင် သွေးကြောဓါတ်မှန်ရိုက်ရန်ညွှန်ကြားမည်။ သွေးကြောထဲသို့ ဆိုးဆေးထိုးထည့်ပြီး သွေးကြောပြတ်မပြတ် ကြည့်ခြင်းဖြစ်သည်။ သွေးကြောပျက်စီးမှုရှိပါက ခွဲစိတ်ပြုပြင်ရန်လိုသည်။ အကြောင်းမှာ ထိုသွေးကြောသည်လက်ကောက်ဝတ်နှင့် လက်ဖဝါးကို သွေးပို့ပေးနေသောကြောင့်ဖြစ်သည်။

    Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

    သင့်ဒဏ်ရာအမျိုးအစားပေါ်တွင် မူတည်သည်။ ပတ်တီးစည်းထားသော လက်ကို မြှောက်ထားခြင်း၊ ရောင်နေသောနေရာကို ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်း စသည့် ရိုးရှင်းသောကုသမှုများ လည်းဖြစ်နိုင်သည်။ ထိခိုက်မိသွားသော အရိုး၊ သွေးကြော၊ အာရုံကြောတို့ကို ပြုပြင်ရန် ခွဲစိပ်ကုသမှုလည်း လိုအပ်နိုင်သည်။ ကလေးများနှင့် လူကြီးများတွင် ဒဏ်ရာရပုံရော ပျောက်ကင်းပုံပါ မတူညီနိုင်ပါ။ ထို့ကြောင့် ကုသမှုပုံစံခြင်းလည်း မတူညီနိုင်ပါ။

    • ဆေးများ

    အနာပျောက်ဆေး အမျိုးမျိုးရှိသည်။ သောက်ဆေးများမှာ မပြင်းထန်သောအနာအတွက် ဖြစ်သည်။ အကြောဆေး သို့မဟုတ် အသားဆေးများမှာ အသင့်အတင့်မှ ပြင်းထန်သောအနာအတွက် ဖြစ်သည်။ တံတောင်ဆစ်ထဲသို့ တိုက်ရိုက်ဆေးထိုးထည့်သော ဆေးများလည်းရှိသည်။

    တံတောင်ဆစ်အရိုးကျိုးသွားခြင်း လွဲသွားခြင်းတို့ကို ပြန်ဆက်ရာတွင် သုံးသည့် ဆေးများလည်းရှိသည်။ ထိုဆေးများသည် နာကျင်ခြင်းကို အထူးသက်သာစေသည့်အပြင် အိပ်ပျော်စေခြင်းကြောင့် ကြွက်သားများကိုလျော့စေပြီး ဆရာဝန်မှ အလုပ်လုပ်ရ အဆင်ပြေစေသည်။ ထိုဆေးနှင့် အရိုးဆက်ခြင်းပြီးသောအခါ လူနာနိုးလာလျှင် အရိုးကိုပြန်ဆက်ပြီး ပတ်တီးစီးပြီးအနေအထားနှင့် တွေ့ရသည်။

    • ခွဲစိပ်ခြင်း

    ပွင့်နေသော ဒဏ်ရာ သို့မဟုတ် အရိုးအပိုင်းပိုင်းကျိုးခြင်းတို့တွင် ခွဲစိပ်ကုသခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ပွင့်နေသော ဒဏ်ရာဆိုရာတွင် တံတောင်ဆစ်ရှိ အရိုးတစ်ချောင်း/အရိုးများသည် အရေပြားမှဖောက်ထွက်နေခြင်းကို ဆိုလိုသည်။ အရိုးကို နေရာပြန်ချရုံသာမက ရောဂါပိုးမဝင်ရန် သေချာစွာသန့်ရှင်းပေးရန်လည်းလိုသည်။ ထိုလုပ်ငန်းများကို ခွဲစိပ်ခန်းတွင် လုပ်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

    အာရုံကြောနှင့် သွေးကြောများကို ထိခိုက်မိသော တံတောင်ဆစ်ဒဏ်ရာများကို ခွဲစိပ်ခန်းတွင်ပြုပြင်ရမည်။ ခွဲစိပ်ခန်းအသုံးပြုခြင်းက အချို့ တံတောင်ဆစ်အရိုးကျိုး ဒဏ်ရာများကို ပိုမိုကောင်းမွန်စွာ ကုသနိုင်ကြောင်း သုတေနပညာရှင်များက တွေ့ရှိခဲ့သည်။ သင့်ဆရာဝန်က သင့်အတွက်အကောင်းဆုံးကုသမှု နည်းလမ်းကို ရွေးချယ်ရာတွင်ကူညီပါလိမ့်မည်။

    • အခြားကုထုံးများ

    တံတောင်ဆစ်ထဲတွင် သွေး သို့မဟုတ် အခြားအရည်ဖြင့်ပြည့်နေပါက အရေးပေါ်ဌာနတွင် စုပ်ထုတ်ရန်လိုသည်။ ရရှိသောအရည်က ရောဂါအမည်တပ်နိုင်ရန် ကူညီမည်ဖြစ်သည်။ အရည်စုပ်ထုတ်ခြင်းဖြင့် တံတောင်ဆစ်ရှိဖိအားကို လျော့ကျစေပြီး အနာကိုလည်းသက်သာစေသည်။ အပြားခံ၍စီးသောပတ်တီး၊ လက်သိုင်းကြိုး၊ ကျောက်ပတ်တီးတို့ကိုလည်း သုံးနိုင်သည်။

    ဆရာဝန်များသည် ပလာစတာဖြင့်လုပ်သော အပြားကို လက်မောင်းနောက်တွင်ခံ၍ လက်တစ်ခုလုံးကို ပတ်ပတ်လည်ပလာစတာမကိုင်ဘဲထားသည်။ ထိုပလာစတာပြားများသည် တံတောင်ဆစ်ကို အနေအထားတစ်ခုတွင် ငြိမ်အောင်ထားရန် ရည်ရွယ်သည်။ တံတောင်ကွေးခြင်းနှင့် လက်လှည့်ခြင်းကို ကာကွယ်ရန်အတွက် ပုခုံးနားမှလက်ဖျံအထိ တောက်လျှောက်ခံထားသည်။ ထိုလှုပ်ရှားမှုများသည် ကုသမှုကို နှောင့်ယှက်ပြီး အဆစ်လွဲခြင်းကို ဖြစ်စေနိုင်သည်။

    ပလာစတာခံထားသဖြင့် လေးလံနေသော လက်မောင်းကို သက်တောင့်သက်သာရှိစေရန် ဆရာဝန်က လက်သိုင်းကြိုးပေးလိမ့်မည်။ အိမ်ရောက်လျှင် လက်သိုင်းကြိုးကို ဖြုတ်ပြီး လက်ကို ခေါင်းပေါ်မြှောက်ထားနိုင်သည်။ လက်မြှောက်ခြင်းသည် အရောင်ကျစေသည်။ ၎င်းမှာထိခိုက်မိပြီး ပထမရက်အနည်းငယ်အတွင်းတွင် အရေးကြီးသည်။ ရောင်ရမ်းခြင်းကြောင့် သွေးကြော၊အာရုံကြောများ ဖိမိနိုင်၍ ဖြစ်သည်။

    တံတောင်ဆစ်အရိုးများကျိုးနေလျှင်၊ အဆစ်နေရာလွဲနေလျှင် ဆရာဝန်မှ ပြန်ဆက်ပေးရန် လိုအပ်သည်။ အကြောင်းမှာ အရိုးများ သူ့နေရာနှင့်သူရှိခြင်းဖြင့်အနာသက်သာစေပြီး ကုသရန်လည်းပိုလွယ်စေသည်။ တခါတရံ ကျိုးသွားသော အရိုးအပိုင်းအစများက အာရုံကြောနှင့်သွေးကြောများကို ဖိမိခြင်း၊ ပြတ်စေခြင်းတို့ဖြစ်တတ်သည်။ အရိုးများကို နေရာမှန်ပြန်ထားခြင်းဖြင့် ထိုအပျက်အစီးတို့မှ ကာကွယ်နိုင်သည်။ အရိုးပြန်ဆက်ဖို့လိုလျှင် အနာပျောက်ဆေးနှင့် စိတ်ငြိမ်ဆေးတို့ကို သုံးနိုင်သည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    အရေးကြီးသောရှေးဦးပြုစုနည်းများမှာ

    ပွင့်နေသောဒဏ်ရာဖြစ်ပါက ပတ်တီးဖြင့်အုပ်ထားပါ။ သွေးထွက်နေပါက တင်းတင်းဖိပြီး လက်ကိုမြှောက်ထားပါ။ ရောင်နေပါက ရေခဲ သို့မဟုတ် ရေအေးဝတ်ကပ်ထားပါ။ အရေးပေါ်အကူအညီ ချက်ခြင်းခေါ်ပါ။

    အရေးပေါ်အကူအညီမရနိုင်သည့် အခြေအနေတွင် သင်က တံတောင်ရိုးကျိုးသည်ထင်ရသောလူနာကို ဆေးရုံပို့ပေးနေပါက တံတောင်ဆစ်နေရာကို တတ်နိုင်သမျှမလှုပ်အောင် ဂရုစိုက်ပါ။ ကတ်ထူသေတ္တာကို အရွယ်အစား၊ပုံစံမှန်မှန် ဖြတ်တောက်၍ဖြစ်စေ ပတ်တီးအောက်ခံပြီးစည်းနိုင်သည်။

    ကျိုးနေသောအရိုးကို ဖြောင့်ရန်မကြိုးစားပါနှင့်။ ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သောသူသာ လုပ်ပါစေ။

    အရိုးကျိုးပြီး အရေပြားပေါ်ဖေါက်ထွက်နေလျှင်လည်း ပြန်သွင်းရန်မကြိုးစားပါနှင့်။ ပုံပျက်နေသောလက်ကို ပြင်ရန်ကြိုးစားခြင်းသည် အရိုးနှင့်အခြားအရာများကို ပို၍ပျက်စီးစေနိုင်သည်။

    သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. May Myat Hnin Aung မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement