backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Trigger Finger (လက်ချောင်းတောင့်ခြင်း)ကဘာလဲ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Trigger Finger (လက်ချောင်းတောင့်ခြင်း)ကဘာလဲ။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Trigger Finger (လက်ချောင်းတောင့်ခြင်း) ကဘာလဲ။

လက်ချောင်းတောင့်ခြင်းဆိုသည်မှာ လက်ချောင်းများ ပုံစံအနေအထားတစ်ခုတည်းအဖြစ် တောင့်နေခြင်းကိုဆိုလိုပါသည်။ ဤရောဂါသည် လက်ချောင်းများကိုဝန်းရံထားသည့် အရွတ်များထိခိုက်ခြင်းကြောင့်ဖြစ်သည်။

အရွတ်ဆိုသည်မှာ ထူထဲသည့်အမျှင်တစ်ရှူးဖြစ်ပြီး ကြွက်သားများနှင့်တွဲလျက်တည်ရှိပါသည်။ အရွတ်ရောင်ခြင်းသည် အရွတ်များကို လွယ်လွယ်ကူကူမလှုပ်ရှားစေနိုင်သောကြောင့် လက်ချောင်းများသည် အနေအထားတစ်ခုတည်းတွင် ပုံသေဖြစ်သွားပါသည်။

Trigger Finger (လက်ချောင်းတောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေးဖြစ်နိုင်၏။ သို့သော် ရောဂါသည် အသက် ၄၅ နှစ်အထက်တွင်အဖြစ်များသည်။ အမျိုးသမီးများက အမျိုးသားများထက် ပိုအဖြစ်များ၏။ ၎င်းသည် သွားဆရာဝန်များ၊ စက်ချုပ်သမားများနှင့် လက်သမားများတွင် အတွေ့ရများသော ရောဂါဖြစ်သည်။

လက္ခဏာများ

Trigger Finger (လက်ချောင်းတောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက်ချောင်းများသည် ခေါက်ချင် ဆန့်ချင်လျှင်သော်မှ မကြာခဏဆိုသလို တောင့်တင်းအံသေပြီး အနေအထားတစ်ခုတည်းသို့ ဖြစ်သွားနိုင်သည်။ တစ်ခါတစ်ရံ လက်ချောင်းပုံစံပြောင်းရန် တစ်ယောက်ယောက်အကူအညီလိုတတ်၏။ အရွတ်နေရာတွင် နာကျင်မှုဖြစ်ပေါ်ပြီး လှုပ်ရှားလိုက်လျှင် ပိုပြီးနာသည်။

လူကြီးများတွင် လက်ချောင်းတောင့်ခြင်းအား လက်ခလယ်တွင်တွေ့ရများပြီး ကလေးများတွင်မူ လက်မတွင်တွေ့ရများ၏။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့မှတစ်ခုခုရှိလျှင် ဆရာဝန်နှင့်ဆက်သွယ်ပါ။

• လက္ခဏာများကြာနေလျှင်

• ခွဲစိတ်ပြီးနောက် သို့မဟုတ် ခွဲသည့်နေရာမှ အရည်များထွက်ပြီး ဖျားနေလျှင်

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Trigger Finger (လက်ချောင်းတောင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လက်ချောင်းတောင့်ခြင်းသည် လက်ချောင်းများ၏အရွတ်ဖုံးလွှာများ ရောင်ရမ်းပြီး အထိမခံနိုင်သည့်အခါတွင်ဖြစ်တတ်သည်။ အရွတ်သည် ကြွက်သားနှင့် အရိုးများကိုဆက်တွယ်ပေးသော အမျှင်တစ်ရှူးဖြစ်သည်။

အရွတ်တစ်ခုစီအား အရွတ်ဖုံးအလွှာများနှင့်ဖုံးအုပ်ထား၏။ အထိမခံသောအရွတ်ဖုံးသည် အရွတ်၏လှုပ်ရှားမှုကို ထိခိုက် ဟန့်တားစေသည်။ ထို့အပြင် လက်ချောင်းနှင့် အရွတ်ကို လှုပ်ရှားဖို့ ကြိုးစားခြင်းသည် အရွတ်တွင် အမာရွတ်ဖြစ်ခြင်း (scarring)၊ ထူထဲလာကာ Fibrosis ဝင်ပြီး အရွတ်လှုပ်ရှားမှုများကို ပိုခက်ခဲစေပါလိမ့်မည်။

ဖြစ်နိုင်ခြေများ

ဘာတွေက လက်ချောင်း တောင့်ခြင်းကို ဖြစ်နိုင်ချေပိုမြင့်စေလဲ။

ဒီရောဂါဖြစ်ပွားနိုင်ချေ ကိုမြင့်စေသည့်အကြောင်းများ မှာ အောက်ပါအတိုင်းဖြစ်သည်။

လက်ကိုပုံစံတစ်ခုတည်းထပ်တလဲလဲ လှုပ်ရှားခြင်း။ ထပ်တလဲလဲ လက်လှုပ်ရပြီး အချိန်တန်ကြာကိုင်တွယ်ရသည့် အလုပ်အကိုင်နှင့် ဝါသနာများသည် ဖြစ်နိုင်ချေကိုမြင့်စေသည်။

တချို့ရောဂါများ – ဆီးချို၊ သွေးလေးဖက်နာအဆစ်ရောင်ခြင်း

လိင် – အမျိုးသမီးများတွင်ပိုဖြစ်၏

ရောဂါဖြစ်နိုင်ချေကိုမြင့်စေသည့်အချက်များမရှိရုံနှင့် ရောဂါမဖြစ်ဟုမဆိုလိုပါ။ ဒီလက္ခဏာများသည် ကိုးကားရန်အတွက်သာဖြစ်သည်။ ဒီထက်အသေးစိတ်သိလိုပါက အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Trigger Finger (လက်ချောင်းတောင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်များသည် များသောအားဖြင့် ရောဂါရာဇဝင် နှင့် ခန္ဓါကိုယ်စမ်းသပ်ခြင်းမှ လက္ခဏာများပေါ်မူတည်၍ ရောဂါအမည်တပ်မည်ဖြစ်သည်။ သွေးစစ် ဆီးစစ်ရန်မလိုပါ။ စမ်းသပ်နေစဉ်တွင် ဆရာဝန်သည် လက်ဆုပ်ထားရန်၊ လက်ဖြန့်ရန် ပြောကာ လက်တစ်ဝိုက်နေရာများ၊ လှုပ်ရှားပုံနှင့် အဆစ်တောင့်ခြင်းရှိမရှိတို့ကို စစ်ဆေးပါလိမ့်မည်။

ဆရာဝန်သည် သင်၏လက်ဖဝါးကိုထိပြီး အရွတ်လှုပ်ရှားမှုကို အနှောက်အယှက်ပေးမည့် အကျိတ်များရှိမရှိစမ်းသပ်ပါလိမ့်မည်။ အကျိတ်သည် လက်တောင့်ခြင်းနှင့်ဆက်စပ်ပါက လက်လှုပ်လျှင် သူပါလိုက်လှုပ်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကျိတ်သည် လက်ချောင်းအရွတ်များကို တွယ်ကပ်နေသောကြောင့်ဖြစ်သည်။

တစ်ခါတစ်ရံ ဆရာဝန်သည် သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို့ကိုလုပ်ပြီး တခြားဖြစ်နိုင်သည့်ရောဂါများ ဂေါက်၊ ဆီးချို၊ အရိုးကျိုးခြင်း နှင့် သိုင်းရွိုက်ပုံမှန်မဟုတ်ခြင်း တို့ကို ရှာဖွေပါလိမ့်မည်။

Trigger Finger (လက်ချောင်းတောင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အကောင်းဆုံးကုသမှုသည် ရောင်ရမ်းခြင်းကိုလျော့ချပြီး အရွတ်ဖုံးအတွင်းမှာ အရွတ်ရွေ့လျားမှုကို ပုံမှန်ပြန်ဖြစ်စေရန်ဖြစ်သည်။ မပြင်းထန်သောရောဂါများတွင် လက္ခဏာများသည် ဖြစ်ပွားစေသည့်အကြောင်းရင်းကို ရှောင်လိုက်ရုံနှင့်တင် သက်သာ၏။

လက်ချောင်းကိုကြပ်စည်းပြီး အနားပေးပါ။

စတီးရွိုက် (cortisone) ဆေးများကို လက်ဖဝါးမှတစ်ဆင့် အရွတ်ထဲသို့ထိုးသွားရန် လိုကောင်းလိုနိုင်သည်။ ရောဂါပြန်ဖြစ်သည့်ဖြစ်ရပ်မျိုးဆိုလျှင် တစ်ခါထပ်ပိုပြီး ထိုးရနိုင်သည်။ ဆေးထိုးခြင်းသည် ၆၅ ရာခိုင်နှုန်းသော လူနာများတွင် လက္ခဏာများကိုသက်သာစေပါသည်။

ဒီလက္ခဏာများသည် ၃-၅ ရက်အတွင်းပျောက်သွားပြီး လက်ချောင်း တောင့်ခြင်းသည် ၂-၃ ပတ် တွင်းပြန်ကောင်းသွားတတ်သည်။ ပြဿနာများဆက်ရှိနေလျှင် ဆရာဝန်သည် မေ့ဆေးပေးပြီးခွဲဖို့ အကြံပြုနိုင်သည်။ ခွဲစိတ်မှုသည် အရွတ်တစ်ဝိုက်ကိုဖွင့်ခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် မခွဲစိတ်ဘဲ အပ်ကိုသာသုံးပြီးဆောင်ရွက်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ချောင်းတောင့်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ချောင်းတောင့်ခြင်းကို ကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

• ဆရာဝန်၏ညွှန်ကြားမှုကိုလိုက်နာပါ

• လက်ချောင်းတောင့်ခြင်းသည် လက်ချောင်းတိုင်း၌ ဖြစ်စေနိုင်သည်ကို နားလည်ထားပါ။ လက်တစ်ချောင်း ထက်ပိုဖြစ်နေပါက ဆရာဝန်သည့် ကုသမှုမစတင်ခင် အခြားသောရောဂါများ ဥပမာ – ဆီးချို တို့ကိုအရင် စစ်ဆေးပါလိမ့်မည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement