backup og meta

ကလေးငယ်နှင့် သွား ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်နှင့် သွား ကျန်းမာရေး

    ကလေးငယ်လေးတွေရဲ့ သွား လေးတွေဟာ သေးငယ်ပေမယ့် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သွားနဲ့ သွားဖုံးကျန်းမာရေးမကောင်းတဲ့အခါ သင့်ကလေးလေးဟာ အစာကောင်းကောင်းဝါးနိုင်မှာ မဟုတ်သလို ရှင်းရှင်းလင်းလင်း စကားပြောနိုင်ဖို့အတွက်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ သွားကျန်းမာရေး ကို ဂရုမစိုက်မိဘူးဆိုရင် သွားပိုးစားခြင်း၊ သွားအပေါက်ဖြစ်ခြင်း၊ နဲ့ ဆွေးမြေ့လာခြင်းတွေအပြင် အခြားသွားပြဿနာတွေလည်း အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သွား နဲ့ သွားဖုံး ကျန်းမာရေးဟာ ကလေးငယ်လေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိမိတို့ ကလေးငယ်လေးတွေရဲ့ သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် ဘာတွေကို ဂရုစိုက်လုပ်ဆောင်ကြမယ်ဆိုတာလေး ပြောပြပေးသွားပါမယ်။

    ၁။ သွားမပေါက်သေးတဲ့ မွေးကင်းစ ကလေးလေးတွေမှာ သွားဖုံးကို ဂရုစိုက်ပေးပါ။

    ကလေးငယ်လေးရဲ့ သွားဖုံးလေးတွေမှာ ဘက်တီးရီးယားပိုးလေးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါ့ကြောင့် နူးညံ့ပြီး ရေဆွတ်ထားတဲ့ အဝတ်စလေးတစ်ခုခု (သို့) ပတ်တီးစလေးတွေလေးတွေကို အသုံးပြုပြီး ကလေးငယ်လေးရဲ့ သွားဖုံးလေးတွေကို တစ်နေ့နှစ်ကြိမ်လောက် (အထူးသဖြင့် နို့တိုက်ပြီး (သို့) အစာကျွေးပြီး အချိန်တွေနဲ့ ညမအိပ်ခင်လေးတွေမှာ ) အသာအယာ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

    ၂။ ပထမဦးဆုံး သွားပေါက်လာတာနဲ့ သွားတိုက်ပေးပါ။

    ကလေးငယ်လေးမှာ ပထမဦးဆုံး သွားလေးစပေါက်လာတာနဲ့ ကလေးငယ်တွေအသုံးပြုဖို့ ထုတ်ထားတဲ့ သွားတိုက်တံ နဲ့ ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေး ကို အသုံးပြုပြီး တစ်နေ့နှစ်ကြိမ် ပုံမှန်လေး စတိုက်ပေးနိုင်ပါပြီ။ သွားတိုက်ဆေးကို လူကြီးတွေ တိုက်သလို အများကြီးထည့်စရာမလိုပါဘူး။ မွေးကင်းစကလေးငယ်တွေမှာ ဆန်စေ့ တစ်စေ့စာ သွားတိုက်ဆေး ပမာဏလောက်ဆိုရင် လုံလောက်ပါတယ်။

     ၃။ ထိရောက် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ သွားတိုက်ပေးပါ။

    ကလေးက သူ့ဘာသာ ကိုင်ပြီး မတိုက်နိုင်သေးတဲ့ အရွယ်မှာ မိခင်တွေက နည်းလမ်းမှန်မှန်နဲ့ သွားတိုက်ပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကလေးရဲ့ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေမှာပါ။ အဲဒီလို နည်းလမ်းမှန်မှန် တိုက်ပေးနိုင်ဖို့အတွက် အောက်ပါ အချက်အလက်တွေက အကူညီပေးနိုင်မှာပါ။

  • ပထမဦးဆုံး ကလေးရဲ့ သွားလေးတွေကို သေသေချာချာ မြင်ရနိုင်ဖို့ အလင်းရောင် ကောင်းကောင်းရတဲ့နေရာတစ်ခုမှာ ကလေးခေါင်းကို သင့်ပေါင်ပေါ်တင်ပြီး သေချာနေရာချပါ။
  • အရှေ့မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းအတိုင်း နူးညံ့စိုစွတ်တဲ့ အဝတ်စ (သို့) ပတ်တီးစလေးနဲ့ သွားနဲ့ သွားဖုံးကြားထားက အညစ်အကြေးတွေကို ဖယ်ရှားပေးပါ။
  • သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ ကလေးသုံးသွားတိုက်တံ သုံးပြီး ကလေးလေးရဲ့ သွားနဲ့ သွားဖုံးတွေကို တစ်မိနစ်လောက် (၁နှစ်အထက်အရွယ်ဆိုရင် နှစ်မိနစ်ခန့်) အသာအယာ တိုက်ပေးပါ။
  • သွား၊ သွားဖုံးအပြင် နို့ဖတ်လေးတွေ၊ အစာကြွင်းလေးတွေ ကပ်ကျန်နေနိုင်ပြိး ဘက်တီးရီးယားပိုးမွှားလေးတွေ ခိုအောင်းနေနိုင်တဲ့ လျှာလေးကိုလည်း မမေ့မလျော့ ညင်သာစွာ သန့်ရှင်းရေးလုပ်ပေးပါ။
  • ကလေးငယ်ကို အသုံးပြုထားတဲ့ သွားတိုက်ဆေးပမာဏလေးက အရမ်းနည်းတာကြောင့် ရေနဲ့ ပလုတ်ကျင်းပေးဖို့တော့ မလိုအပ်ပါဘူး။
  • သွားတိုက်ပြီးသွားတဲ့ အခါ သွားတိုက်တံလေးကို သေသေချာချာဆေးပြီး ဖြစ်နိုင်ရင် နေရောင်ခြည်ရတဲ့နေရာလေးမှာ အခြောက်ခံထားပါ။
  • ကလေးငယ်လေးတွေဟာ မသိ၊မတတ်သေးတဲ့ အရွယ်လေးတွေဖြစ်တဲ့အတွက် သွားတိုက်ပေးတဲ့အခါမှာ မငြိမ်တာ၊ ရုန်းနေတာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ ကလေးငယ်ကို အရုပ်လေးတွေပြထားပြီး အာရုံလွှဲတာမျိုး၊ သီးချင်းဆိုပြပေးတာမျိုး၊ ကလေးလေးကို ကိုယ်တိုင်သွားတိုက်ပြတာ၊ သူ့လက်ကလေးနဲ့ ကိုယ်တိုင်ကိုင်စေပြီး တိုက်ပေးတာ မျိုးလေးတွေ လုပ်ဆောင်သင့်ပါတယ်။

    ၄။ ကလေးက ကိုယ်တိုင်ကိုင်ပြီး တိုက်နိုင်တဲ့ အသက်အရွယ်ရောက်လာတဲ့ အခါမှာ ကိုယ်တိုင်တိုက်နိုင်ဖို့ သင်ကြားပေးပါ။

    ကလေးလေးတွေဟာ သွားတိုက်တဲ့အခါမှာ အသက်ရှစ်နှစ် ကိုးနှစ်မတိုင်ခင် အရွယ်လောက်အထိ မိဘတွေရဲ့ အကူအညီကို လိုအပ်ပါသေးတယ်။ ကလေးကိုယ်တိုင် သွားတိုက်တံလေးကို ဆုပ်ကိုင်လာနိုင်တဲ့ အရွယ်ကတည်းက သူ့ဘာသာသူ ကိုင်စေပြီး သွားတိုက်ပုံတိုက်နည်း မှန်ကန်အောင် ဘေးကနေ အကူအညီပေးသင့်ပါတယ်။

    ၄။ ကလေးငယ်ရဲ့ သွားလေးတွေကို ဂရုတစိုက်စောင့်ကြည့်ပါ။

    သွားပိုးစားတာ၊ သွားအပေါက်ဖြစ်တာ ၊ သွေးထွက်လာတာ စတဲ့ လက္ခဏာတွေကိုလည်း အမြဲမပြတ်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

    ၅။ သွားဆရာဝန်နဲ့ ပုံမှန် ပြသပေးပါ။

    ကလေးရဲ့ သွားနဲ့ သွားဖုံးကျန်းမာရေး ကောင်းမွန်စေဖို့အတွက် သွားဆရာဝန်နဲ့ ပုံမှန်ပြသပေးပြီး စစ်ဆေးပေးဖို့လည်း မမေ့ပါနဲ့နော်။

    ၆။ ကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်ပြီး ကျွေးပေးပါ။

    ကလေးလေးမှာ သွားနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် ကလေးကို အချိုတွေ အများကြီး ကျွေးတာမျိုးမလုပ်ဘဲ ကျန်းမာရေးအတွက်ကောင်းတဲ့ အသီးအနှံတွေ၊ သဘာဝအစားအစာတွေကို ဂရုတစိုက်ကျွေးပေးရပါမယ်။

    ဘဝတစ်လျှောက်လုံးမှာ ယုံကြည်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ကျန်းမာပျော်ရွှင်တဲ့ သူတစ်ယောက်ဖြစ်လာအောင် ကလေးဘဝကတည်းက သွားနဲ့ သွားဖုံးကျန်းမာရေးကို အလေးထားပြီး အလေ့အကျင့်ကောင်းတွေရှိသွားအောင် ဂရုစိုက်ပေးဖို့ အကြံပေးပါရစေ။

    ရေးသားသူ- Khine Phoo Ngon

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement