backup og meta

မြန်မာနိုင်ငံမှာ အတွေ့ရ အများဆုံး သွားနှင့်ခံတွင်းရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြန်မာနိုင်ငံမှာ အတွေ့ရ အများဆုံး သွားနှင့်ခံတွင်းရောဂါများ

    မြန်မာနိုင်ငံက ခုချိန်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အဖြစ်ရပ်တည်နေတဲ့ နိုင်ငံတစ်ခု။ အဖက်ဖက်ကနေ နိုင်ငံတိုးတက်ရေး အတွက် ဆောင်ရွက်နေရတဲ့ အချိန်။ စီးပွားရေး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး တွေ ဘယ်လောက်ပဲ ကောင်းအောင် ဆောင်ရွက် နေနေ ကျန်းမာရေးသာ နောက်ကျကျန်ခဲ့ရင် ဘက်ပေါင်းစုံကနေ တိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်မလာနိုင်ဘူးလေ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးမဟုတ်လား။ လူတစ်ယောက်ကျန်းမာဖို့ဆိုရင် ခေါင်းအစ ခြေအဆုံးဘာဝေဒနာမှမရှိမှသာ ကျန်းမာတယ်လို့ ပြောလို့ရတယ်။ ကိုယ်ခန္ဓါကျန်းမာခြင်းလို့ ဆိုလိုက်လျှင် ခံတွင်းကျန်းမာရေးကိုလည်း မေ့ထား၍မရပါ။ ခုပြောပြပေးမှာကတော့ မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ခံတွင်းရောဂါများနဲ့ ကာကွယ်ဖို့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

    အချိုစားများ၍ သွားပိုးစားခြင်း။

    မြန်မာ့ အစားအစာနဲ့ အချိုဆိုတာ ခွဲထားမရပါဘူး။ အချိုစားတာများလေ သွားထဲက ဘက်တီးရီးယားတွေပိုပျော်လေ သွားပိုးစားလေပဲ ဖြစ်ပါတယ်။ စားချင်တာတွေစားပြီး သွားပြန်မတိုက်ဘူးဆိုရင် သွားနဲ့ခံတွင်းရောဂါတွေ ပိုပိုဖြစ်လာမှာပဲ ဖြစ်ပါတယ်။ သွားပိုးစားခြင်းနဲ ခံတွင်းရောဂါများကို ကာကွယ်နိုင်ဖို့ဆိုရင် သွားကို တစ်နေ့နှစ်ကြိမ်တိုက်ပေးရပါမယ်။ တစ်ခါတိုက်ရင်လည်း ၂မိနစ်ကြာတိုက်ပေးပြီး မှန်ကန်သော သွားပွတ်တံသွားတိုက်နည်းများနဲ့ တိုက်ပေးမယ်ဆို စားချင်တာတွေစားပြီးလည်း သွားကိုက်သွားပိုးစားမှာ မပူရတော့ဘူးနော်။

    အပူအစပ်များစားခြင်းကြောင့် သွားဖုံးရောဂါများ ဖြစ်ခြင်း။

    မြန်မာလူမျိုးတို့သည် အစပ်ဆို အင်မတန်မှ ကြိုက်သော လူမျိုးများဖြစ်တယ်။ အစပ်များများစားလျှင် သွားကို မထိခိုက်စေသော်လည်း သွားဖုံး နှင့် လျှာကို အပူလောင်တတ်ခြင်း၊ အနြာဖစ်ခြင်းများဖြစ်နိုင်ပြီး သွားဖုံးရောဂါများဖြစ်စေပါတယ်။ သွားဖုံးရောဂါ၏ လက္ခဏာများမှာ သွားဖုံးများ ရောင်ခြင်း၊ နာခြင်း၊ သွေးထွက်လွယ်ခြင်းတို့ ဖြစ်တယ်။ သွားဖုံးရောဂါများဖြစ်လာလျှင် မပေါ့ဆဘဲ သွားဆရာဝန်ဆီ သွား၍ သေချာကုသမှု ခံယူသင့်ပါတယ်။ ဂရုမစိုက်ဘဲ ထားလျှင် ရောဂါအခြေအနေ ပိုဆိုးလာကာ ရေစီးကမ်းပြိုခြင်း သွားဖုံးများကွာကျခြင်း၊ သွားများကျွတ်ထွက်ခြင်းများ ဖြစ်တတ်ပါတယ်။ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ချင်လျှင် အပူအစပ်များလျှော့စား၍ သွားပုံမှန်တိုက်ကာ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

    ကွမ်းစားခြင်းကြောင့် ရလာသည့် ခံတွင်းမကျန်းမာမှုများ

    မြန်မာတို့သည် ထမင်းမစားရရင်သာ နေနိုင်မယ်။ ကွမ်းမစားရရင်မနေနိုင် ဆိုတဲ့လူမျိုးတွေဖြစ်တယ်။ ကွမ်းစားရတာ ကြိုက်သောသူများကို ကြည့်လိုက်ပါ။ ထမင်းစားချိန်မှ လွဲ၍ ကျန်တဲ့ အချိန်တောက်လျှောက် မအိပ်ခင်အထိ ကွမ်းကို တမြုံ့မြုံ့နဲ့ဝါးနေတတ်ကြပါတယ်။ အဲ့လောက်တောက်လျှောက်ဝါးနေမှတော့ ကွမ်းစားသူများရဲ့ သွားတွေ မဖြူတော့တာလည်း အဆန်းတော့ မဟုတ်ပါဘူး။ တစ်ခုသတိပေးချင်တာက ကွမ်းစားခြင်းသည် သွားများကိုစွန်းထင်းစေရုံသာမက ခံတွင်းကင်ဆာကိုဖြစ်စေနိုင်သည့် ထိပ်ဆုံး အချက်တွင်ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းဖြင့် ရလာမယ့် ဆိုးကျိုးများကို လူတိုင်း လူတိုင်း သတိထား ဆင်ခြင်နိုင်အောင် သွားကျန်းမာရေး ဆရာဝန်များ အနေနဲ့ သေချာပြောပြ အသိပေးပြီး ကွမ်းစားခြင်းအား ဖြတ်ခိုင်းသင့်ပါတယ်။

    ဆေးလိပ်ေသာက်ခြင်းကြောင့် သွားနှင့်ခံတွင်း ကျန်းမာရေးထိခိုက်ခြင်း။

    ဆေးလိပ်သောက်လိုက်လျှင် ဆေးလိပ်ငွေ့နှင့် အရင်ဆုံးစထိသောနေရာသည် ခံတွင်းပင်ဖြစ်တယ်။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းနဲ့ ဆေးရွက်ကြီးက သွားများကို အရောင်ညစ်စေပြီး ခံတွင်းနံ့ကို ဆိုးစေပါတယ်။ သွေးထဲမှာ အောက်ဆီဂျင် ပါဝင်မှုကိုလည်း ဆေးလိပ်က လျော့နည်းစေတဲ့အတွက်ကြောင့် သွားဖုံးမှာဖြစ်တဲ့ အနာများကိုလည်း အကျက်နှေးစေပါတယ်။ ဆေးလိပ်သောက်ခြင်းက ခံတွင်းမှာ ရှိတဲ့ ဆဲလ်တွေကိုလည်း ပိုပွားစေတဲ့ အတွက်ကြောင့် ခံတွင်းကင်ဆာကို လည်း ဖြစ်စေနိုင်ပါသေးတယယ်။ ဒါ့ကြောင့် ကျန်းမာ သန့်ရှင်းတဲ့ ခံတွင်းတစ်ခု ပိုင်ဆိုင်ချင်ရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။ ကျန်းမာရေးဌာနဘက်မှလည်း ဆေးလိပ်ကြောင့်ရနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများကို နိုင်ငံသားတိုင်း သိအောင် နည်းမျိုးစုံဖြင့် ဗဟုသုတများ မျှဝေသင့်ပါတယ်။

    ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာ ဗဟုသုတ နည်းခြင်း။

    မြန်မာနိုင်ငံ တစ်ချို့ဒေသတွေမှာ သွားတိုက်ဆေး သွားတိုက်တံ မသုံးဘဲ ဆားနဲ့သွားတိုက်တာ၊ မီးသွေးနဲ့သွားတိုက်တာတွေ ပြုလုပ်နေကြတုန်းပါ။ ဒါတွေက မိရိုးဖလာက ဆင်းသက်လာတဲ့ အလေ့အကျင့်တွေပါ။ သွားပွတ်တံ သွားတိုက်ဆေးသုံးရင် ပိုကောင်းတယ်ဆိုတာ မသိသည်ကတစ်ကြောင်း သွားရောဂါနဲ့ ပက်သက်တဲ့ ဗဟုသုတများနည်းပါးသည်က တစ်ကြောင်း အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံဟာ သူများနိုင်ငံတွေထက်စာရင် ခံတွင်းရောဂါ ပိုဖြစ်ကြပါတယ်။ ကျန်းမာရေးဗဟုသုတ ဖြန့်ဝေနိုင်မှု နည်းပါးတဲ့ အတွက်ကြောင့် ခံတွင်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ဖြန့်ဝေဖို့ နယ်လှည့်ကွင်းဆင်း ပညာပေးခြင်း၊ မီဒီယာများမှ တဆင့် ဗဟုသုတ မျှဝေခြင်းတွေကို များများလုပ်သင့်ပါတယ်။

    ဒါတွေကတော့ မြန်မာနိုင်ငံမှာ တွေ့ရ အများဆုံး ခံတွင်းရောဂါများ၊ သူတို့ကို ဖြစ်စေသော အကြောင်းများနဲ့ ကြိုတင်ကာကွယ်ရန် လုပ်သင့်သောနည်းတွေပဲဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement