backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု

အဓိပ္ပါယ်ဖွင့်ဆိုချက်

Burning Mouth Syndrome ကဘာလဲ။

Burning Mouth Syndrome ဆိုတာ လူနာအများစုက သူတို့ပါးစပ်တွေအပူလောင်နေသလိုခံစားနေရတယ်လို့ဖော်ပြလေ့ရှိပြီး ပါးစပ်တွင်း ပုံမှန်ခံစားမှုမရှိခြင်းလို့ သတ်မှတ်ကြတဲ့ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ များသောအာဖြင့် ဒီလိုခံစားမှုဟာ ပါးစပ်ရဲ့အရှေ့ပိုင်းမှာဖြစ်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းအတွင်းသားမျက်နှာပြင်တွေမှာ၊ အာခေါင်ပေါ်မှာ နဲ့ လျှာထိပ်နဲ့ဘေးတွေမှာ ခံစားရလေ့ရှိပါတယ်။ အချို့လူနာတွေက လျှာမှာပဲဖြစ်တတ်ပေမယ့် ဖော်ပြပါနေရာတွေအားလုံးမှာဖြစ်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အချို့လူနာတွေကတော့ အရသာခံအာရုံဆုံးရှုံးသွားတတ်တာ သို့မဟုတ် အရသာပြောင်းပြီးရနေတာမျိုး (ခါးတာလို သို့မဟုတ် ဆားငန် တာလိုအရသာမျိုး) ဖြစ်တတ်ပါတယ်။ အခြားလူနာတွေကတော့ သူတို့ပါးစပ်ဟာ ခြောက်ကပ်နေတာ ဒါမှမဟုတ် ကပ်စေးစေးဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးတွေခံစားနေရပေမယ့်လည်း ပါးစပ်နံရံတွေကတော့ ပုံမှန်အတိုင်းလိုဖြစ်နေမှာပါ။

လက္ခဏာများ

Burning Mouth Syndrome ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒီရောဂါအဖြစ်များတဲ့လူတွေကတော့ သွေးဆုံးပြီးအမျိုးသမီးတွေပါ။ သင့်မှာလည်း လျှာ၊အာခေါင်၊နှုတ်ခမ်း၊ သွားဖုံးတွေ သို့မဟုတ် ပါးစောင်တွေမှာ ပူလောင်နေတဲ့ခံစားချက်မျိုးရနေတာလည်း ရှိနိုင်ပါတယ်။

အချို့လူတွေအတွက်တော့ ဒီခံစားမှုဟာ နံနက်ခင်းမှာစတင်ပြီး ညနေစောင်းတဲ့အချိန်မှာအဆိုးဆုံးဖြစ်ကာ ညပိုင်းမှာပြန်သက်သာသွားတတ်ပါတယ်။ အချို့လူတွေကတော့ အချိန်တိုင်း ပူလောင်နေသလိုခံစားရှာပါ။ ကျန်လူနာ တွေကတော့ နာတဲ့ခါ နာလိုက်တယ် ပြီးရင်ပြီးသွားတာပါပဲ။ အခြားလက္ခဏာတွေမှာ လျှာတွေပါးစပ်တွေ ထုံနေတာ သို့မဟုတ် ကျဉ်နေတာ၊ သတ္တုအရသာရသလိုဖြစ်နေတာ သို့မဟုတ် ခံတွင်းခြောက်တာ နာတာ စတာတွေလည်းပါဝင်ပါတယ်။ လူတွေကတော့ ဒီရောဂါကိုဖော်ပြတဲ့အခါမှာ ပူကျက်နေတဲ့အရာတွေကိုစားလိုက်သောက်လိုက်မိတဲ့အခါ အပူလောင်သွားတဲ့ခံစားမှုမျိုးလို့ ဖော်ပြလေ့ရှိပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ခံတွင်းအခြေအနေနဲ့ပတ်သက်လို့ ဆရာဝန် သို့မဟုတ် သွားဆရာဝန်ကိုအရင်ဆုံးပြသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါဟာ အခြားကျန်းမာရေးအခြေအနေတွေနဲ့ဆက်စပ်နေလို့ပါပဲ။ ဆရာဝန် သို့မဟုတ် သွားဆရာဝန်က သင့်ကို အခြားသောရောဂါ အထူးကုဆရာဝန်တွေဆီလည်း ညွှန်းလိုက်နိုင်ပါတယ်။ ဥပမာ- အရေပြားအထူးကု၊ နား၊နှာခေါင်း၊ လည်ချောင်း အထူးကု သို့မဟုတ် အခြားရောဂါအထူးပြုဆရာဝန်တစ်ယောက်ယောက်ဆီကိုပေါ့။

ကာကွယ်ခြင်း

Burning Mouth Syndrome မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဒီရောဂါမဖြစ်အောင်ကာကွယ်တဲ့နည်းလမ်းကတော့ ခုထိမရှိသေးပါဘူး။ ဒါပေမယ့် ဆေးရွက်ကြီး၊ အက်ဆစ်ပါဝင်တဲ့စားစရာတွေ၊ အစပ်တွေနဲ့ ကာဗွန်ပါတဲ့သောက်စရာတွေ၊ စိတ်ဖိစီးမှုများတာတွေကို လျှော့ချနိုင်မယ် ရှောင်နိုင်မယ်ဆိုရင် ဒီရောဂါကြောင့် မသက်မသာဖြစ်နေတာတွေကို လျော့ကျစေနိုင်တာ နဲ့ ပိုဆိုးမလာစေအောင် ကာကွယ်ပေးနိုင်တာမျိုးတော့ လုပ်ပေးနိုင်ပါလိမ့်မယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Burning Mouth Syndrome ကို ဘယ်လိုအတည်ပြုပါသလဲ

ပထမဆုံးအနေနဲ့ သွားဆရာဝန်က သင့်ရောဂါဖြစ်ရခြင်းအကြောင်းရင်းဟာ ခံတွင်းကျန်းမာရေးအခြေအနေနဲ့ (ဥပမာ- သွားတု၊ အံကပ် သို့မဟုတ် ခံတွင်းခြောက်ခြင်း) ပတ်သက်နေတာလားဆိုတာကို အရင်ဆုံးရှာဖွေပါလိမ့်မယ်။ ဟုတ်ခဲ့တယ်ဆိုရင် သွားဆရာဝန်နဲ့အဖွဲ့က သွားတု(သင်တပ်ထားတယ်ဆိုရင်ပေါ့)ကို စစ်ဆေးပါလိမ့်မယ်။ ပြီးတော့ သွားတုကိုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ သင်နဲ့ ဓါတ်မတည့်မှုရှိသလားဆိုတာကို ဆန်းစစ်ပါလိမ့်မယ်။ သူတို့ဟာခံတွင်းခြောက်ခြင်းကို သက်သာစေမယ့်ပစ္စည်းတွေ ဒါမှမဟုတ် မှိုကူးစက်ခြင်းကို ကုသရှင်းလင်းနိုင်မယ့် ပစ္စည်းတွေကို ညွှန်းပေးနိုင်ပါသေးတယ်။

Burning Mouth Syndrome ကို ဘယ်လိုကုသပါသလဲ

ရောဂါကြောင့်ဖြစ်တဲ့လက္ခဏာနဲ့ ခံစားမှုတွေလျော့နည်းသွားအောင် အောက်ပါအချက်တွေကိုအိမ်မှာပြုလုပ်သင့်ပါတယ်။

• ရေမကြာခဏသောက်ပါ။

• ရေခဲငုံပါ သို့မဟုတ် ဝါးပါ။

• သကြားမပါတဲ့ ပီကေဝါးပါ။ ဒါက တံတွေးပိုထွက်စေပြီး ခံတွင်းခြောက်တာကို ရပ်တန့်သွားစေပါတယ်။

• ပါးစပ်အခြေအနေပိုဆိုးသွားစေမယ့်အရာတွေကိုရှောင်ပါ။ ဥပမာ-ပူစပ်တဲ့အစားအစာမျိုး၊ အရက် ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်လိုမျိုး၊ အက်ဆစ်ဓါတ်ပါဝင်တဲ့အသီးတွေနဲ့ဖျော်ရည်တွေလိုမျိုး စတာတွေကိုရှောင်ပါ။

• ဆေးရွက်ကြီးနဲ့ အရက်ရှောင်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement