backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ခံတွင်းကင်ဆာ ကို ဘယ်လိုကာကွယ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခံတွင်းကင်ဆာ ကို ဘယ်လိုကာကွယ်ကြမလဲ

မြန်မာနိုင်ငံလို ကွမ်းစားများ၊ ဆေးလိပ်သောက်များတဲ့ နိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူ မရှားပါဘူး။ ဒါကြောင့် သူ့အကြောင်းနဲ့ ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။

ခံတွင်းကင်ဆာ ဆိုတာ ဘာလဲ။

ခံတွင်းကင်ဆာဆိုတာ လျှာ၊ ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံးမျက်နှာပြင်တွေကနေ အကျိတ်တွေ ထွက်လာခြင်းကို ခေါ်ပါတယ်။

ဒီအကျိတ်တွေဟာ တံတွေးဂလင်းတွေ၊ အာသီးနဲ့ pharynx (ပါးစပ်ကနေ လေပြွန်ထိရှိတဲ့ လည်ချောင်းအစိတ်အပိုင်း)တွေကနေလည်း ထွက်ပေါ်လာတတ်ပေမယ့် ဒါတွေက အဖြစ်နည်းပါတယ်။

ခံတွင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့

  • အချိန်ကြာကြာ လည်ချောင်းနာပြီး မပျောက်တာ
  • နှုတ်ခမ်းအနားသတ်မှာရှိတဲ့အသားတွေ ထူလာခြင်း၊ ဖောင်းလာခြင်း
  • ပါးစပ်တွင်းမှာ အဖြူရောင် သို့မဟုတ် အနီရောင်အကွက်တွေ ဖြစ်နေခြင်း
  • သွားကျွတ်ခြင်း
  • သွားတု၊ အံကပ်များ လျော့ရဲလာခြင်း
  • လျှာနာခြင်း
  • မေးရိုးနာကျင်ခြင်း သို့မဟုတ် တင်းကျပ်နေခြင်း
  • ဝါးရာမှာခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း
  • မျိုချရာမှာ ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း
  • လည်ချောင်းနာခြင်း
  • လည်ချောင်းထဲ တစ်ခုခုတစ်နေသလို ခံစားရခြင်း တို့ပါဝင်ပါတယ်။

သွားဆရာဝန်ကို ဘယ်အချိန်မှာ သွားပြသင့်သလဲ။

သင့်မှာပြနေတဲ့ လက္ခဏာတွေက ၂ပတ်ကျော်လာတာတောင် မပျောက်သေးဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ သူက သင့်ရဲ့ ရောဂါလက္ခဏာတွေကြည့်ပြီး အခြားဖြစ်နိုင်တဲ့အကြောင်းရင်းတွေ ဥပမာ ပိုးဝင်ခြင်းကဲ့သို့သော အကြောင်းရင်းတွေကို တွေ့ကောင်းတွေ့ရှိနိုင်ပါလိမ့်မယ်။

ခံတွင်းကင်ဆာ ကို ဘယ်လိုကာကွယ်ရမလဲ။

ခံတွင်းကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေတွေကို လျော့ကျစေမယ့် နည်းတွေတော့ရှိပါတယ်။ တကယ်လို့ သင်က

  • ဆေးရွက်ကြီးသုံးနေရင် ရပ်ပါ။ မသုံးရသေးဘူးဆို မစလိုက်ပါနဲ့။ ဆေးရွက်ကြီးကို ရှူတာ ဝါးတာ ဘာပဲလုပ်လုပ် ခံတွင်းထဲမှာရှိတဲ့ ဆဲလ်တွေကို ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ပေးလိုက်သလိုပါပဲ။
  • အရက်လျှော့သောက်ပါ။ ဖြတ်လိုက်ရင်တော့ အကောင်းဆုံးပါ။ ကာလရှည်ကြာ အရက်သောက်တာဟာ ခံတွင်းထဲက ဆဲလ်တွေကို ထိခိုက်စေပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများစေပါတယ်။ သင်က အမျိုးသမီးဆိုရင် တစ်ရက်ကို တစ်ယူနစ်ပဲ သောက်ပြီး အမျိုးသားဆိုရင်တော့ ၂ယူနစ်ထက်မကျော်ဖို့ ကိုယ့်ကိုကိုယ်ကန့်သတ်လိုက်ပါ။
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ကလည်း ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။
  • ကွမ်းဖြတ်ပါ။ ကွမ်းကလည်း ခံတွင်းကင်ဆာ ဖြစ်နိုင်တဲ့ အကြောင်းရင်း တစ်ခုပါ။ ကွမ်းထဲမှာ ဆေးရွက်ကြီးတွေပါ ထည့်ဝါးရင် ဒါမှမဟုတ် အရက်၊ ဆေးလိပ်တွေပါ သောက်ရင် ပိုဆိုးနိုင်ပါတယ်။
  • ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစုံစားပါ။ များများစားပါ။ သူတို့ထဲမှာပါတဲ့ ဗီတာမင်နဲ့ antioxidants တွေဟာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
  • နှုတ်ခမ်းကို နေရောင်ခြည်နဲ့ ထိတွေ့လွန်းခြင်းမှ ရှောင်ကြဉ်ပါ။ ဖြစ်နိုင်ရင် အရိပ်ထဲမှာနေပြီး နှုတ်ခမ်းအသားအရည်ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။ အဝိုင်းကြီး ပြန့်ကျယ်တဲ့ ဦးထုပ်တွေကို ဆောင်းခြင်းက နှုတ်ခမ်းအပါအဝင် မျက်နှာတစ်ခုလုံးကို ထိရောက်စွာ အရိပ်ပေးနိုင်ပါတယ်။ နေရောင်ကာနှုတ်ခမ်းဆိုးဆေးတွေကို ဆိုးပေးပါ။  ဒါကလည်း အရေပြားမှာလိမ်းနဲ့ sunscreenနဲ့ အလားတူပါတယ်။
  • သွားဆရာဝန်နဲ့ ပုံမှန်ပြပါ။ ပုံမှန်သွားကျန်းမာရေးစစ်ဆေးတဲ့အချိန်မှာ ဆရာဝန်ကို ခံတွင်းကင်ဆာ ဖြစ်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ နေရာတွေကို စစ်ဆေးပေးဖို့ သို့မဟုတ် ကင်ဆာအကြိုပြောင်းလဲမှုတွေ (ကင်ဆာရောဂါဖြစ်နိုင်တဲ့ ပြောင်းလဲမှုတွေ)ရှိနေသလားဆိုတာသိရဖို့ ပါးစပ်တစ်ခုလုံးကို စစ်ဆေးခိုင်းပါ။

ဒီနည်းလမ်းတွေနဲ့ ဆိုရင်‌တော့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သလို ဖြစ်လာရင်လည်း စောစောသိမှာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement