backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကျိုင်းအနာ Canker sore


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျိုင်းအနာ Canker sore

အဓိပ္ပါယ်ဖွင့်ဆိုချက်

Canker sore (ကျိုင်းအနာ)ကဘာလဲ။

Aphthous ulcers လို့ခေါ်တဲ့ canker sores တွေဟာ သေးငယ်ပြီး တိမ်တဲ့အနာတွေဖြစ်ပြီး ခံတွင်းရဲ့ပျော့ပျောင်းတဲ့တစ်သျှူးတွေ (soft tissues)နဲ့ သွားဖုံးအောက်ခြေမှာဖြစ်တတ်ပါတယ်။ ဒီအနာတွေဖြစ်ရင် နာကျင်ပြီး စားသောက်ခြင်းနဲ့စကားပြောခြင်းတွေမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ သူတို့ဟာ ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘဲ အနာတစ်ခုတည်းဖြစ်စေ အများကြီးဖြစ်စေ ပေါက်တတ်ပါတယ်။

Canker sore (ကျိုင်းအနာ)က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်းမှာ canker sores ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ တွေ့ရတာပိုများပြီး အမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။ ရှုပ်ထွေးတဲ့canker sores (complex canker sores)တွေဟာ ရှားပါးပေမယ့် ရိုးရိုးကျိုင်းအနာဖြစ်ဖူးသူတွေမှာတော့ ဖြစ်နိုင်ချေပိုများပါတယ်။

လက္ခဏာများ

Canker sore (ကျိုင်းအနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Canker sores တွေဟာ လုံးဝန်းတာသို့မဟုတ် ဘဲဥပုံရှိပြီး အလယ်မှာ အဖြူရောင်သို့မဟုတ် အဝါရောင်ဖြစ်နေကာ အနားသတ်တွေကတော့ နီရဲနေတတ်ပါတယ်။ ဒီအနာတွေဟာ ခံတွင်းထဲက လျှာပေါ်သို့မဟုတ် လျှာအောက်မှာ၊ နှုတ်ခမ်းတွင်းနဲ့ ပါးစောင်တွေမှာ၊ သွားဖုံးအောက်ခြေမှာနဲ့ အာခေါင်ပျော့ စတာတွေမှာဖြစ်တတ်ပါတယ်။ အနာတွေတကယ်တမ်းပေါက်မလာခင် ၁ရက် ၂ရက်လောက်အလိုတည်းက တစစ်စစ်ဖြစ်နေတာတွေ သို့မဟုတ် ပူလောင်နေတဲ့ခံစားမှုတွေ (burning sensation)ကို သတိထားမိနိုင်ပါတယ်။

Canker sores တွေဟာ minor, major နဲ့ herpetiform sores တွေစသဖြင့် အမျိုးအစား အများကြိးရှိပါတယ်။

Minor canker sores. ဒါတွေကတော့ အဖြစ်အများဆုံးဖြစ်ပြီး

• များသောအားဖြင့်သေးငယ်ကြပါတယ်။

• ဘဲဥပုံ အနာဖြစ်ပြီး အနီရောင်အနားသတ်တွေရှိပါတယ်။

• ၁ပတ်မှ ၂ပတ်အတွင်းမှာ ကုသစရာမလိုဘဲ အမာရွတ်တောင်မကျန်အောင် ပျောက်သွားတတ်ပါတယ။်

Major canker sores. သူတို့ကတော့ minor canker sores နဲ့ယှဉ်ရင် အဖြစ်နည်းပါတယ်။

• Minor canker sores တွေနဲ့ယှဉ်ရင် ပိုကြီးပြီး ပိုနက်ပါတယ်။

• အနာပုံစံက လုံးဝိုင်းနေပြီး တိကျတဲ့အနားသတ်တွေရှိတတ်ပေမယ့် အရမ်းကြီးတဲ့အနာတွေမှာတော့ ပုံစံမမှန်တဲ့ အစွန်းတွေဖြစ်နိုင်ပါတယ်။

• အလွန်အမင်းနာကျင်စေနိုင်ပါတယ်။

• ပျောက်ကင်းဖို့ ရက်သတ္တပတ် ၆ပတ်နဲ့အထက်ကြာမြင့်နိုင်ပြီး အမာရွတ်အကြီးစားတွေလည်း ကျန်ရစ်ခဲ့တတ်ပါတယ်။

Herpetiform canker sores. ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် များသောအားဖြင့် ဘဝရဲ့နောက်ပိုင်းအချိန်တွေ(သက်ကြီးပိုင်း)မှာဖြစ်တတ်ပြီး herpes virus ကူးစက်တာကြောင့်ဖြစ်ရတာလည်းမဟုတ်ပါဘူး။ ဒီအနာတွေဟာ

• အပ်ဖျားတစ်ထောက်စာအရွယ် သေးငယ်တဲ့အနာတွေပါ။

• အများအားဖြင့် အနာ ၁၀ခုမှ အခု၁၀၀ထိ ပူးကပ်ပေါက်တတ်ပြီး စုပေါင်းလိုက်တဲ့အခါမှာ ကြီးမားတဲ့ အနာလုံး (ulcer)တစ်ခုဖြစ်လာပါတော့တယ်။

• ပုံမမှန်တဲ့ အစွန်းတွေ အနားသတ်တွေရှိပါတယ်။

• ၁ပတ်မှ ၂ပတ်အတွင်း ကုသဖို့မလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်ကအောက်ပါအချက်တွေကိုခံစားနေရရင် သွားဆရာဝန်နဲ့ ဆွေးနွေးပါ။

• ပုံမှန်မဟုတ်ဘဲ ကြီးလွန်းတဲ့ canker sores တွေ

• ထပ်ထပ်ပေါက်နေတဲ့အနာတွေ ဥပမာ- အနာဟောင်းမပျောက်သေးဘဲ အသစ်တွေပေါက်လာတာမျိုး သို့မဟုတ် မကြာခဏ ပေါက်တတ်တာမျိုး

• ကာလကြာရှည်အနာဖြစ်နေရင်။ ၂ပတ်နဲ့အထက် ပိုကြာနေရင်

• အနာတွေက နှုတ်ခမ်းပေါ်ထိ ရောက်လာရင် (vermilion border)

• မိမိကိုယ်ကို ကုသခြင်း၊ ဂရုစိုက်ခြင်းတွေပြုလုပ်နေသော်လည်း ကုသမရတဲ့ ပျောက်ကင်းမသွားတဲ့ နာကျင်မှုတွေ

• စားသောက်တဲ့နေရာမှာ အလွန်အမင်းအခက်အခဲတွေ့နေရရင်

• Canker sores နဲ့အတူ အဖျားကြီးနေရင်

သင့်ရဲ့သွားမျက်နှာပြင်တွေက စူးနေခဲ့ရင်၊ ထက်ရှနေခဲ့ရင် သို့မဟုတ် အနာဖြစ်စေအောင် လုပ်နိုင်တဲ့ သွားဘက်ဆိုင်ရာ ပြဿနာတွေရှိနေရင် သွားဆရာဝန်နဲ့ပြပါ။

အကြောင်းရင်းများ

Canker sore (ကျိုင်းအနာ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ရတဲ့အကြောင်းရင်းအတိအကျကို မသိရသေးပေမယ့် အချို့သောကျွမ်းကျင်သူတွေကတော့ ဒါဟာ ခုခံအားစနစ်ပြဿနာဖြစ်ပြီး ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေပါဝင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အချို့သောကိစ္စတွေမှာတော့ ခံတွင်းရဲ့အပျော့စားတစ်သျှူးတွေမှာ အနာဖြစ်တာကလည်း canker sores ကိုဖြစ်စေနိုင်ပါတယ်။

ကာကွယ်ခြင်းနှင့် ကုသမှု

Canker sore (ကျိုင်းအနာ) ကိုဘယ်လိုကာကွယ်မလဲ

Canker sores တွေဟာ ပြန်ပြန်ဖြစ်တတ်ပေမယ့် ဖြစ်လာတဲ့အကြိမ်အရေအတွက်ကိုတော့ အောက်ပါအချက်တွေကိုလိုက်နာခြင်းအားဖြင့် လျှော့ချနိုင်ပါတယ်။

• အစားအသောက်ကို သတိထားစားပါ။ ခံတွင်းအခြေအနေကိုဆိုးသွားစေမယ့်အစားအစာတွေကိုရှောင်ကြဉ်ပါ။ ဒီလိုစားစရာတွေထဲမှာ အခွံမာသီးတွေ၊ အားလူးပြားတွေ၊ pretzels(ဆားပါတဲ့ ဘီစကစ်အကြွပ်တွေ)၊ အချို့သော ဟင်းအမည်တွေ၊ဆားငံတဲ့အစာတွေနဲ့ အက်ဆစ်ဓါတ်ပါတဲ့ အသီးတွေ ဥပမာ- နာနတ်သီး၊ ဂရိတ်ဖရုသီး နဲ့ လိမ္မော်သီးတွေ စတာတွေပါဝင်ပါတယ်။ သင်နဲ့မတည့်တဲ့ စားစရာတွေကိုလည်းရှောင်ကြဉ်ပါ။

• ကျန်းမာရေးနဲ့ ညီညွတ်တာကိုသာစားပါ။ အာဟာရချို့တဲ့တာမျိုးမဖြစ်စေဖို့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ လုံးတီးအနှံတွေ(့ပြုပြင်ထားခြင်းမရှိတဲ့ အနှံ၊ whole grain)တွေကို များများစားပါ။

• ခံတွင်းသန့်ရှင်းရေးအလေ့အထကောင်းတွေကို လိုက်နာပါ။ အစာစားပြီးတိုင်းပုံမှန်သွားတိုက်ခြင်းနဲ့ တစ်ရက်တစ်ခါ သွားကြားသန့်ရှင်းခြင်းတွေက ခံတွင်းကိုသန့်ရှင်းစေပြီး အနာဖြစ်စေမယ့်အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါတယ်။ နူးညံ့တဲ့သွားပွတ်တံနဲ့တိုက်တာက ခံတွင်းတစ်သျှူးတွေပျက်စီးခြင်းမှကာကွယ်ပေးပြီး sodium lauryl sulfate ပါတဲ့သွားတိုက်ဆေးနဲ့ ခံတွင်းသန့်စင်ရည်တွေကို ရှောင်ကြဉ်ပါ။

• ခံတွင်းကိုကာကွယ်ပါ။ တကယ်လို့ သွားထိန်းကြိုး (braces)တွေ သို့မဟုတ် အခြားသွားဘက်ဆိုင်ရာကိရိယာတွေရှိနေရင် အစွန်းထွက်တွေထက်ပြီး ရှမှာကိုကာကွယ်ဖုံးအုပ်နိုင်ဖို့ orthodontic waxes တွေသုံးဖို့ သွားဆရာဝန်ဆီမှာမေးပါ။

• စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။ သင့်ရဲ့ canker sores တွေက စိတ်ဖိစီးမှုနဲ့ဆက်နွယ်နေတယ်ဆိုရင် စိတ်ဖိစီးမှုလျော့ကျစေမယ့်နည်းလမ်းတွေကို လေ့လာသင်ယူပါ။ ဥပမာ တရားထိုင်တာနဲ့ အတွေးပုံဖော်တာ(guided imagery)စတဲ့နည်းလမ်းတွေပေါ့။

Canker sore (ကျိုင်းအနာ) ကို ဘယ်လိုကုသပါသလဲ

နာကျင်မှုကိုသက်သာစေဖို့နဲ့ လျင်မြန်စွာပျောက်ကင်းစေဖို့ အောက်ပါအချက်တွေကို လိုက်နာကြည့်ပါ။

• အာလုတ်ကျင်းပါ။ ဆားရည် သို့မဟုတ် မုန့်ဖုတ်ဆော်ဒါ ခံတွင်းသန့်စင်ရည် (baking soda rinse)ကိုသုံးပါ။ baking soda လက်ဖက်ရည်ဇွန်း၁ဇွန်းနဲ့ ရေနွေး ခွက်တစ်ဝက်နဲ့ ရောထားတာကို ဆိုလိုတာပါ။

• Magnesia milk အနည်းငယ်ကို canker sores တွေပေါ်မှာ တစ်ရက်ကိုအကြိမ်အနည်းငယ်ခန့် တို့ပေးပါ။

• တိုက်စားပွန်းစားစေပြီး အက်ဆစ်ဓါတ်ပါတဲ့အစားအစာ သို့မဟုတ် စပ်တဲ့အစာတွေကို ရှောင်ပါ။ ဒါတွေက အခြေအနေကိုပိုဆိုးစေပြီး ပိုပြီးနာကျင်စေပါတယ်။

• ရေခဲချပ်လေးတွေကို canker sores ပေါ်မှာ ဖြည်းဖြည်းချင်းအရည်ပျော်စေခြင်းအားဖြင့် ရေခဲကပ်ပေးပါ။

• သွားကိုညင်သာစွာတိုက်ပါ။ နူးညံ့တဲ့သွားပွတ်တံနဲ့ Biotene သို့မဟုတ် Sensodyne Pro Namel တို့လို အမြှုပ်ထစေတဲ့ပစ္စည်းမပါဝင်တဲ့ သွားတိုက်ဆေး (foaming-agent-free)စတာတွေကို အသုံးပြုပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement