backup og meta

အံဆုံးသွားက နှုတ်ကိုနှုတ်မှ ဖြစ်မှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အံဆုံးသွားက နှုတ်ကိုနှုတ်မှ ဖြစ်မှာလား

    အံဆုံးသွားဆိုတာ ဆယ်ကျော်သက်အရွယ် ကျွန်တော်တို့အံသွားတွေရဲ့ နောက်ဆုံးဘက်မှာ ပေါက်တဲ့ သွားကိုခေါ်တာပဲဖြစ်ပါတယ်။ အပေါ်နဲ့ အောက်၊ ဘယ်နဲ့ ညာ စုစုပေါင်း အံဆုံးသွား ၄ချောင်းပေါက်နိုင်ပြီး အခြေအနေပေါ် မူတည်၍ နှုတ်ရတာလည်းရှိသလို နှုတ်ဖို့မလိုတာလည်း ဖြစ်နိုင်ပါတယ်။

    ဘယ်လိုအခြေအနေမှာ အံဆုံးသွားက ပြဿနာဖြစ်တာလဲ။

    အံဆုံးသွားပေါက်ကာစတော့ အနည်းနဲ့အများနာတတ်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အံသွားအနောက်သွားဖုံးအတွင်းကနေ ဖောက်ပြီး အပြင်ကိုထွက်လာတာကြောင့် ဖြစ်ပါတယ်။ မေးရိုးက အံဆုံးသွား ထွက်လာနိုင်တဲ့အထိ မကြီးတဲ့အခါ ပုံမှန်အတည့်အတိုင်းထွက်မလာဘဲ အရှေ့မှာရှိနေတဲ့ အံသွားတွေနဲ့ တိုက်မိတာ၊ ဘေးကနေ ဖောက်ထွက်တာ၊ သွားဖုံးပေါက်နေတဲ့နေရာမှာ ဘက်တီးရီးယားပိုးဝင်ပြီး ကိုက်ခဲတာ၊ အလွန်အမင်းနာကျင်တာမျိုး ဖြစ်စေပါတယ်။ သွားဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အံဆုံးသွားပေါက်နေတဲ့အနေအထားက ပုံမှန်မဟုတ်ဘူးဆိုတာ သိရတဲ့အချိန် အံဆုံးသွားဖယ်ရှားဖို့ကို အကြံပေးမှာဖြစ်ပါတယ်။

    အံဆုံးသွား မနှုတ်ရင်ရော ရလား။

    အံဆုံးသွားက ပုံမှန်လမ်းကြောင်းအတိုင်း ပေါက်နေတာမျိုး၊ အပြီးအစီးပေါက်ပြီးသွားလို့ နာကျင်တာ၊ သွေးထွက်တာမျိုး လုံးဝမရှိတော့တဲ့အခါ နှုတ်ဖို့ မလိုအပ်တော့ပါဘူး။ မခံမရပ်နိုင်အောင် နာလွန်းနေတာ၊ သွားဖုံးက သွားဖောက်ပြီး နေရထိုင်ရခက်တာ၊ သွားကိုက်တာ၊ သွားဖုံးနာကျင်တာ၊ အစာစားလို့မရတာအထိ ပြင်းထန်တဲ့အခြေအနေမှာတော့ အံဆုံးသွားနှုတ်ဖို့ လိုအပ်ပါတယ်။

    အံဆုံးသွားနှုတ်ရမှာကို မနှုတ်ဘဲ ဒီအတိုင်း ထားထားတဲ့အခါ ကြာလာတာနဲ့အမျှ နာတဲ့ဝေဒနာက ပိုဆိုးလာမယ်။ စားလိုက်တဲ့အစားအစာမှ ဘက်တီးရီးယားပိုးမွှားတွေက သွားဖုံးအနာထဲဝင်ပြီး ကိုက်ခဲနာကျင်စေနိုင်ပါတယ်။ အစာစားရတာပိုခက်လာမယ်။ သွားတိုက်လို့လည်း အဆင်မပြေသလို တစ်ခုခုနဲ့ထိမိတာနဲ့ သွားနဲ့ သွားဖုံးက မခံမရပ်နိုင်အောင် နာကျင်လာမှာပါ။ ဒါကြောင့် အံဆုံးသွား ပေါက်တာပုံမှန်မဟုတ်မှန်း သိတာနဲ့ စောနိုင်သမျှ စောစော နှုတ်ထားလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။

    အံဆုံးသွား နှုတ်မယ်ဆိုရင် ဘာတွေလိုအပ်လဲ။

    ၁။ အရင်ဆုံးအနေနဲ့ အလုပ်ကဖြစ်ဖြစ်၊ ကျောင်းကဖြစ်ဖြစ် ခွင့်ယူလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။ သွားနှုတ်ပြီး ထုံဆေးပြယ်သွားတဲ့အချိန်ဆိုရင် နာတဲ့ဒဏ်က တော်တော်လေး မခံသာအောင် ဖြစ်နိုင်လို့ပါ။

    ၂။ သွားဆရာဝန်အနေနဲ့ ထုံဆေး သို့မဟုတ် မေ့ဆေးပေးပြီးမှ အံဆုံးသွားကို စတင်နှုတ်မှာ ဖြစ်ပါတယ်။

    ၃။ နောက်ဘက် အံဆုံးပေါက်နေတဲ့ သွားဖုံးကို လွှစက်ဖြင့် ဖွင့်ပြီးတာနဲ့ အထဲကအံဆုံးကို နှုတ်မှာပါ။ ပြီးသွားတာနဲ့ ဟနေတဲ့ သွားဖုံးကို ချုပ်ရိုးနဲ့ ပြန်ချုပ်ပါမယ်။ များသောအားဖြင့် အပျောက်ချုပ်ရိုးဆိုရင်တော့ ပြန်ဖြည်စရာမလိုပေမယ့် ဆရာဝန်နဲ့ ပြန်ပြလိုက်တာတော့ အကောင်းဆုံးပါပဲ။

    ရက်အနည်းငယ်အတွင်းမှာ နာတဲ့ဝေဒနာ သက်သာသွားမှာဖြစ်ပြီး လုံးဝအသားပြန်ပိတ်သွားဖို့အတွက် လအနည်းငယ် ကြာတတ်ပါတယ်။ နေရာတစ်လွဲပေါက်နေတဲ့ အံဆုံးသွားကို နှုတ်လိုက်ခြင်းဖြင့် တခြားသွားတွေကို ပွတ်တိုက်ထိခိုက်ခြင်း၊ သွားဖုံးထဲက အရိုးနုတွေ၊ မေးရိုးကို ထိခိုက်ခြင်းနည်းစေအောင် ကာကွယ်ပေးနိုင်သလို မလိုလားအပ်တဲ့ ခံတွင်းပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ဒါကြောင့် အသက် ၁၆ နှစ်မှ ၁၉နှစ်အတွင်း လူငယ်တိုင်း သွားအနောက်ဘက်မှာ ပုံမှန်မဟုတ်တဲ့ နာကျင်မှုဝေဒနာ ခံစားနေရပြီဆိုရင် သွားဆရာဝန်နဲ့ သေချာသွားပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်က အံဆုံးသွားပေါက်နေပြီလား၊ ဒီအံဆုံးသွား ပေါက်တဲ့အခြေအနေက ပုံမှန်ပဲလား၊ နှုတ်ဖို့လိုအပ်လားဆိုတာကို ပြောပြသွားပါမယ်။

    အကယ်လို့ မနှုတ်သေးဘူးဆိုရင်တော့ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေး ညွှန်းခိုင်းလို့ရပါတယ်။ ပုံမှန်အတိုင်းပေါက်နေတဲ့ အံဆုံးကတော့ သွားပေါက်တာ ဆုံးသွားပြီဆိုတာနဲ့ အနာသက်သာသွားမှာပါ။ သွားဖုံးထဲမှာ မြုပ်နေတာ၊ ဘေးဘက်၊ အရှေ့၊ အနောက်၊ သွားဖုံးရဲ့ ဘေးကနေ ဖောက်ထွက်လာတဲ့ အံဆုံးဆိုရင်တော့ စောစောနှုတ်လိုက်နိုင်ရင် အကောင်းဆုံးပါပဲ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement