backup og meta

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုခံယူပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ပြဿနာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုခံယူပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ပြဿနာများ

    သွားနဲ့ခံတွင်းဆိုင်ရာ ကုသမှုတွေခံယူပြီးရင် လူတွေဟာအများအားဖြင့်တော့ သွားဘက်ဆိုင်ရာပြဿနာတွေဖြစ်တတ်ကြပါတယ်။ အဖြစ်အများဆုံးကတော့ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ သွားအိမ်ခြောက်သွေ့ခြင်း၊ အရိုးတွင်း ပိုးဝင်ခြင်း၊ သွေးထွက်ခြင်းနဲ့ မေးရိုးတစ်သျှူးပျက်စီးသေဆုံးခြင်း စတာတွေဖြစ်ပါတယ်။ ကြည့်လိုက်ကြရအောင်

    ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်း

    အချို့သော သွားဘက်ဆိုင်ရာကုထုံးတွေလုပ်ပြီးသွားရင် ရောင်ရမ်းခြင်းဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် သွားနှုတ်ခြင်းနဲ့ သွားခွဲစိတ်ခြင်း စတာတွေလုပ်ပြီးရင်ပေါ့။ ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ဖို့ သို့မဟုတ်လျှော့ချနိုင်ဖို့အတွက် ရောင်ရမ်းနေတဲ့မျက်နှာပြင်ကို ရေခဲကပ်ပေးပါ။ ရေခဲအိတ်ကို မျက်နှာပေါ်မှာ ၂၅မိနစ်ခန့်ထားသင့်ပြီး ၅မိနစ်ခန့်ဖယ်ရှားလိုက်ပါ။ ဒါကိုပဲထပ်ခါ ထပ်ခါပြန်လုပ်ပါ။ ဒီနည်းလမ်းက ပထမ ၁၈နာရီအတွင်းမှာအသုံးပြုလို့ရပါတယ်။ ၃ရက်ကြာပြီးတဲ့နောက်မှာမှ ရောင်ရမ်းခြင်းက မလျော့သွားသေးဘူး သို့မဟုတ် မပျောက်သွားသေးဘူးဆိုရင် ကုသမှုခံယူထားတဲ့နေရာမှာ ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်ဆီသွားပြီး စစ်ဆေးကြည့်သင့်ပါပြီ။

    သွားအိမ်ခြောက်သွေ့ခြင်း (dry socket)

    Dry socket ဆိုတာ သွားနှုတ်လိုက်ပြီးရင်ခံစားရမယ့် နာကျင်တဲ့အခြေအနေမျိုးပါ။ ဒီအခြေအနေက သွားဖယ်ရှားလိုက်ပြီးတဲ့အခါမှာ ကျန်ခဲ့တဲ့အပေါက်အတွင်းက အရိုးပေါ်နေတာကိုဖော်ပြပါတယ်။ dry socket ဟာ သွားကိုဆွဲနှုတ်လိုက်ပြီးတဲ့နောက်မှာ socket ထဲမှာပုံမှန်ရှိရမယ့်သွေးခဲပျောက်ဆုံးသွားတာကြောင့် ဒဏ်ရာပျောက်ကင်းနိုင်စွမ်းကို ကြန့်ကြာစေနိုင်ပါတယ်။ အများအားဖြင့် သွားနှုတ်ပြီးတဲ့နောက်မှာ ၂ရက် သို့မဟုတ် ၃ရက်နေရင် အနာလျော့သွားရမှာဖြစ်ပေမယ့် သွားနှုတ်ထားတဲ့နေရာကသွေးခဲဆုံးရှုံးသွားတာကြောင့် ရုတ်တရက် နာကျင်မှုကပိုတိုးလာနိုင်ပြီး တစ်ခါတလေမှာ နားကိုက်ခြင်းကိုပါ ဖြစ်စေပါတယ်။ ဒီနာကျင်မှုကတော့ ၁ပတ်ကနေ ၂ပတ်လောက်ကြာတဲ့အချိန်မှာ အလိုလိုပျောက်သွားနိုင်ပါတယ်။ နာကျင်မှုပျောက်သွားစေဖို့ သွားဆရာဝန်က ထုံဆေး ဆွတ်ထားတဲ့ ပတ်တီးစ ကို သွားခေါင်းပေါက် (socket) ထဲထည့်ပေးလိုက်နိုင်ပါတယ်။ ပြီးရင်တော့ သူက ပတ်တီးစ ကို တစ်ရက်တစ်ခါနှုန်းနဲ့ ၁ရက်မှ ၃ရက်ထိ နာတာ ရပ်သွားသည့်တိုင်အောင် လဲလှယ်ပေးနိုင်ပါတယ်။

    ဆေးလိပ်သောက်သူတွေက အခြားသူတွေထက် ဒီဝေဒနာကိုပိုခံစားရပါတယ်။ ဒါကြောင့် သွားမနှုတ်ခင်နဲ့ နှုတ်အပြီးမှာ ဆေးလိပ်မသောက်သင့်ပါဘူး။ အမျိုးသမီးတွေမှာတော့ dry socket ဖြစ်နိုင်ချေ ပိုမြင့်မားပါတယ်။

    Osteomyelitis (အရိုးတွင်းပိုးဝင်ခြင်း)

    Osteomyelitis ဆိုတာ အရိုးမှာပိုးဝင်ခြင်းဖြစ်ပြီး အများအားဖြင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တတ်ပါတယ်။ ပါးစပ်ထဲမှာဖြစ်တဲ့ Osteomyelitis ဟာ အောက်မေးရိုးကို ပိုးဝင်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် လူနာဟာ အဖျားဝင်တတ်ပြီး ပိုးဝင်တဲ့နေရာမှာ ရောင်ရမ်းနာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ဆရာဝန် သို့မဟုတ် သွားဆရာဝန်က ဓါတ်မှန် ကိုသုံးပြီးရောဂါရှာဖွေပါလိမ့်မယ်။ တကယ်လို့ အရိုးပိုးဝင်ခြင်း ဖြစ်နေတာဆိုရင် ပဋိဇီဝဆေး တွေကို အချိန်အတော်ကြာသောက်ရပါလိမ့်မယ်။

    သွေးထွက်ခြင်း

    သွားနှုတ်လိုက်ပြီးရင်တော့ သွေးထွက်ကြတာပါပဲ။ သွေးပမာဏအနည်းငယ်ဟာ တံတွေးနဲ့ရောသွားတဲ့အခါ တကယ်ရှိတာထက် ပိုပြီးသွေးထွက်များသယောင် ထင်ရပါတယ်။ ပထမတစ်နာရီအတွင်းမှာ သွေးထွက်တာရပ်သွားအောင် သွားနှုတ်လိုက်တဲ့နေရာမှာ ဖိအားတစ်ခုပေးထားလို့ရပါတယ်။ ဥပမာ ဂွမ်းစလေးကိုက်ထားတာမျိုး။ သွေးထွက်တာရပ်သွားတဲ့အထိ ဂွမ်းကို ၂ကြိမ်မှ ၃ကြိမ် လဲလှယ်ပေးရပါလိမ့်မယ်။ ဂွမ်းစဟာ သွားနှုတ်ထားတဲ့နေရာမှာ အနည်းဆုံး၁နာရီအထိ နေရာမရွေ့ဘဲရှိနေဖို့ အရေးကြီးပါတယ်။ သွေးထွက်တဲ့ပြဿနာအဖြစ်များရခြင်းအကြောင်းရင်းက သွေးထွက်လားမထွက်လားသိရအောင် ဂွမ်းစကိုမကြာခဏဖယ်ကြည့်နေလို့ဖြစ်ရတာပါ။ တကယ်လို့ သွေးထွက်တာက ၁နာရီကျော်သွားတာတောင်မရပ်သေးဘူးဆိုရင် သွားဆရာဝန်ကိုပြောပါ။ သွေးတွေကိုဖယ်ရှားပြီး ချုပ်ပစ်ဖို့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။

    Aspirin (သို့) warfarin ကဲ့သို့သော သွေးခဲတွေကို ကာကွယ်ပေးနိုင်တဲ့ဆေးတစ်မျိုး ကို ပုံမှန်သောက်နေရသူတွေဟာ သွားမနှုတ်ခင်တစ်ပတ်လောက်အလိုတည်းက ဆရာဝန်ကိုဒီအကြောင်းပြောထားသင့်ပါတယ်။ ဒီဆေးတွေကသွေးထွက်နှုန်းပိုများစေလိုပါ။ ခွဲစိတ်မှုမလုပ်ခင် ဆရာဝန်နဲ့ သွားဆရာဝန်တွေဟာ သောက်နေတဲ့ဆေးပမာဏကိုထိန်းညှိတာ သို့မဟုတ် ဆေးသောက်ခြင်းကိုယာယီရပ်ဆိုင်းတာတွေလုပ်ခိုင်းနိုင်ပါလိမ့်မယ်။

    မေးရိုးတစ်သျှူးများ ပျက်စီးသေဆုံးခြင်း

    ဒါကတော့ မေးရိုးနဲ့ သွားဖုံးတစ်သျှူးတွေထိတွေ့မှုဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ဒီအခြေအနေဟာများသောအားဖြင့် နာကျင်ခြင်း၊ သွားကျွတ်ခြင်းနဲ့ ပြည်တည်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာလည်း သွားဘက်ဆိုင်ရာကုသမှုတစ်ခုခုခံယူပြီးတဲ့အချိန်မှာ ဖြစ်နိုင်ချေပိုများပါတယ်။ bisphosphonates လို့သတ်မှတ်ထားတဲ့ဆေးတွေသုံးစွဲနေရတဲ့လူနာတွေဟာ ဒီရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒါတွေမဖြစ်အောင်ကာကွယ်ဖို့ ကုသမှုမစခင် သင့်ကျန်းမာရေးအခြေအနေအားလုံးကို ရှင်းလင်းသွားအောင် သွားဆရာဝန်ကိုပြောပြသင့်ပါတယ်။

    သွားဘက်ဆိုင်ရာကုသမှုခံယူပြီးတဲ့နောက်ဖြစ်လာတဲ့ နာကျင်မှုတွေဟာ အလယ်အလတ်စားကနေ ပြင်းပြင်းထန်ထန်နာကျင်မှုတွေထိဖြစ်နိုင်ပါတယ်။ အခြေအနေအများစုမှာ နာကျင်မှုကိုသက်သာစေတဲ့ဆေးတွေ ပဋိဇီဝသောက်ဆေးတွေကိုသောက်နိုင်ပြီး ပိုးသတ်ဆေးပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement