backup og meta

သင့်သွားတွေကို ပိုမိုဖြူဖွေး တောက်ပလာစေဖို့ အိမ်မှာပဲလုပ်လို့ရတဲ့ သဘာဝနည်းလမ်း သုံးသွယ်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သွားတွေကို ပိုမိုဖြူဖွေး တောက်ပလာစေဖို့ အိမ်မှာပဲလုပ်လို့ရတဲ့ သဘာဝနည်းလမ်း သုံးသွယ်

    လူအတော်များများဟာ ဓါတုဗေဒပစ္စည်းတွေကို မသုံးချင်ကြတဲ့အတွက် သဘာဝနည်းလမ်းတွေနဲ့ သွားတွေကို ဖြူဖွေးတောက်ပအောင်လုပ်တာဟာ လူတွေကြားမှာ ရေပန်းစာလားပါတယ်။ ပိုမိုတောက်ပတဲ့ အပြုံးပိုင်ရှင်ဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို စမ်းကြည့်လိုက်ပါ။

    မုန့်ဖုတ်ဆိုဒါ နဲ့ သံပုရာရည် ပေါင်းထားတဲ့ သဘာဝသွားတိုက်ဆေး

    မုန့်ဖုတ်ဆိုဒါ ဆိုလို့လည်း လန့်မသွားကြပါနဲ့ဦး။ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် လို့ ဓါတုဗေဒ အမည်ရတဲ့ မုန့်ဖုတ်ဆိုဒါဟာ အရမ်းကြီးမပြင်းဘဲ သွားတွေမှာရှိတဲ့ ဂျိုးတွေ၊အညစ်အကြေးတွေကို အသာအယာဖယ်ရှားပေးပြီး နဂိုမူလ သွားဖြူဖြူလေးတွေ ပြန်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒီဆိုဒါဟာ အယ်လ်ကာလိုင်းဓါတ်များတဲ့အတွက် (အက်ဆစ်ရဲ့ ပြောင်းပြန်) သင်ဟာ အက်ဆစ်ဓါတ်ပါတဲ့ အစားအစာတွေကို စားလေ့ရှိသူတယောက် ဖြစ်မယ်ဆိုရင် ဆိုဒါကို အသုံးပြုခြင်းအားဖြင့် pHလို့ခေါ်တဲ့ ဓါတုဗေဒညွှန်းကိန်း တခုမှာ အက်ဆစ်ဘက်ရောက်မသွားအောင် (အက်ဆစ်ဓါတ်မများအောင်) ထိန်းပေးပါလိမ့်မယ်။ အက်ဆစ်ဓါတ်ဟာ သွားရဲ့ကြွေလွှာတွေတွေကို ဖျက်ဆီးပစ်တဲ့ အတွက် အယ်လ်ကာလိုင်းပါတဲ့ မုန့်ဖုတ်ဆိုဒါကို သုံးခြင်းအားဖြင့် အကျိုးရှိပါလိမ့်မယ်။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ သူနဲ့တွဲဖက်အသုံးပြုမယ့် (သဘာဝဂျီးချွတ်ဆေးတမျိုးဖြစ်တဲ့) သံပုရာရည်ရဲ့ အက်ဆစ်ဓါတ်ကိုလည်း လျှော့ချပေးပါလိမ့်မယ်။ အကောင်းဆုံးကတော့ ဆိုဒါနဲ့ရေရောပြီးတလှည့်၊ ဆိုဒါနဲ့ သံပုရာရည်ရောပြီးတလှည့် သုံးခြင်းပဲ ဖြစ်ပါတယ်။

    ဘာတွေလိုအပ်မလဲဆိုရင်

    • မုန့်ဖုတ်ဆိုဒါ အနည်းငယ် (လက်ဖက်ရည်ဇွန်း လေးငါးဇွန်းစာ)

    • သံပုရာရည် ဒါမှမဟုတ် ရေ အနည်းငယ် (ဆိုဒါနဲ့ ရောပြီး သွားတိုက်ဆေးလုပ်ဖို့ လုံလုံလောက်လောက်ရှိရပါမယ်)

    • သွားပွတ်တံ

    အသုံးပြုပုံ

    ဆိုဒါအနည်းငယ် နဲ့ သံပုရာရည်ကို ရောပြီး (ဒါမှမဟုတ် ရေပေါ့) သွားတိုက်ဆေးလုပ်ပါ။ သွားကို အဝတ်သန့်သန့်နဲ့ တံတွေးတွေပြောင်အောင် ပွတ်ပစ်ပါ။ ရောပြီးသား သွားတိုက်ဆေးကို သွားပွတ်တံထဲ ထည့်ပြီး သွားတိုက်ပါ။ သွားတိုက်ဆေးကို တမိနစ်လောက်ထားပြီး ရေနဲ့ပြောင်အောင်ဆေးပါ(ကြွေလွှာကို ထိခိုက်မယ့် အက်ဆစ်ဓါတ်မကျန်အောင်)။ တကယ်လို့ သံပုရာရည်မသုံးဘဲ ရေကိုသုံးတယ်ဆိုရင်တော့ သုံးမိနစ်လောက် ထားလို့ ရပါတယ်။

    စတော်ဘယ်ရီ၊ ဆားနဲ့ မုန့်ဖုတ်ဆိုဒါ

    စတော်ဘယ်ရီဟာ ဗီတာမင်စီ ကြွယ်ဝပြီး သွားကိုဝါစေတဲ့ ဂျီးဖတ်တွေကို ဖယ်ရှားရာမှာ အသုံးဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ အင်ဇိုင်းမ်တမျိုးဖြစ်တဲ့ မဲလစ်အက်ဆစ်ဟာဆိုရင်လည်း သွားမျက်နှာပြင်မှာ ရှိတဲ့ အညစ်အကြေးတွေ၊ အစွန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆားကတော့ ဒီသွားတိုက်ဆေးရဲ့ ဖိုက်တာဖြစ်ပြီး သွားတွေကို အညစ်အကြေးဖြစ်စေတဲ့ အရာတွေကို ရှင်းလင်းသုတ်သင်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါကတော့ ဆားရဲ့ အလုပ်ကို အားဖြည့်ပေးတာဖြစ်တဲ့အတွက် အကယ်၍ မသုံးချင်ဖူးဆိုရင် ဖယ်ထားလို့ရပါတယ်။

    ဘာတွေလိုအပ်မလဲ?

    • စတော်ဘယ်ရီ ခပ်ကြီးကြီး ၁လုံးကနေ သုံးလုံး

    • ဆားနည်းနည်း

    • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက် (မထည့်ချင်လည်းရတယ်)

    အသုံးပြုပုံ

    စတော်ဘယ်ရီသီးတွေကို အဖတ်လေးတွေဖြစ်တဲ့အထိ ချေပါ။ ပြီးနောက် ဆားနည်းနည်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တဝက်စာ (ဆိုဒါကိုသုံးရင်ပေါ့)ကို ထည့်ပါ။ သွားကို တံတွေးတွေဘာတွေပေမနေအောင် တစ်ရှူးစနဲ့ သုတ်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ရောထားပြီးသား သွားတိုက်ဆေးကို သွားပွတ်တံထဲ ခပ်များများထည့်ပြီး သွားတိုက်ပါ။ ငါးမိနစ်လောက်ထားပြီး ရေသေချာဆေးပါ။ ညတိုင်းလုပ်ပါ။

    အုန်းဆီနဲ့အာလုပ်ကျင်းခြင်း

    အုန်းဆီနဲ့အာလုပ်ကျင်းခြင်းဟာ ထူးခြားအကျိုးရှိပြီး သွားတွေဖြူဖွေးစေဖို့ ရှေးယခင်ထဲက ပြုလုပ်ခဲ့ကြတဲ့ နည်းလမ်းတမျိုးပါ။ အုန်းဆီနဲ့ အာလုပ်ကျင်းဖို့ဆိုတာ နည်းနည်းတော့ ထူးဆန်းပြီး စလုပ်ဖို့ရန် အနည်းငယ် ဝန်လေးနေပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းက သွားတွေကို တကယ်ပင် ဖြူဖွေးစေပါတယ်။ ပြောရလျင် ဂျီးချွတ်ခြင်းတမျိုးပင်ဖြစ်သည်။ အုန်းဆီတွင်ပါဝင်သော လောရစ်အက်ဆစ်သည် သွားတွေကိုဝါစေသည့် ဘက်တီးရီးယားပိုးများကို သတ်ပစ်နိုင်သည်။ ဒါ့အပြင် အုန်းဆီသည် ခံတွင်းကျန်းမာရေးကို ကောင်းစေပြီး ခံတွင်းရနံ့ သင်းပျံ့စေသည်။

    ဘာတွေလိုမလဲဆိုတော့

    အုန်းဆီ လက်ဖက်ရည်ဇွန်းနဲ့ တဇွန်းစာ

    အသုံးပြုပုံ

    မနက်သွားမတိုက်ခင်မှာ အုန်းဆီ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက်ကို ပါးစပ်ထဲငုံပါ။(ရေလေးနည်းနည်းရောလို့ရသည်။ အုန်းဆီကို ပါးစပ်ထဲမှာ နှံ့အောင် ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် အာလုပ်ကျင်းပါ။ ပြီးနောက် ထွေးထုတ်ပစ်ပြီး ရေနဲ့ဆေးကာ သွားတိုက်ပါ။

    လိုက်နာသင့်တဲ့ အချက်လေးတွေ

    • အချိန်မှန်မှန်လုပ်ပါ။ သွားတိုက်ဖို့ အချိန်သတ်သတ်မှတ်မှတ်ထားပြီး အချိန်မှန်တိုက်ပါ။ ဘာအကြောင်းကြောင့်မှ မပျက်ပါစေနဲ့။

    • သဘာဝပစ္စည်းမဟုတ်သော်ငြား 3% ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကိုလည်း သွားများဖြူဖွေးစေဖို့ သုံး၍ရပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ သွားဖြူဆေးအတော်များများမှာ ပါပါတယ်။ ဒါပေမယ့် ပါဝင်နှုန်းပိုများသလို ဈေးလည်းပိုကြီးပါတယ်။

    • နောက်ဆုံးတချက်က လူတိုင်းလိုလို သိနေသော်ငြား ရှောင်ဖို့ခက်တဲ့ ကိစ္စလေးပါ။ ကိုလာတို့၊ကော်ဖီတို့လို အမဲရောင်အရည်တွေဟာ သွားကိုစွန်းစေတာကြောင့် မသောက်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement