backup og meta

ပြုံးအလှပိုင်ရှင်လေးတွေ ဖြစ်ဖို့ဆိုရင်


Ye Zon Aung မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြုံးအလှပိုင်ရှင်လေးတွေ ဖြစ်ဖို့ဆိုရင်

    ‘သူ့ အပြုံးလေးက လှလိုက်တာ’ လို့ ချီးမွမ်းခံရရင် လူတိုင်းနီးပါး ကြေနပ်ပီတိဖြာနေတတ်ကြတယ်မဟုတ်လား။ လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ချင်စိတ်ဟာ လူတိုင်းရဲ့ အတွင်းစိတ်သန္နန်ထဲမှာ ရှိနေတတ်တဲ့ မျှော်လင့်ချက်လေးတစ်ခုလို့ဆိုပါတယ်။ အပြုံးလှလှလေးတွေ ပိုင်ဆိုင်ဖို့ဆိုတဲ့ ကိစ္စဟာ ရုပ်ရည်ချောမောလှပခြင်း၊ မလှပခြင်းနဲ့ တိုက်ရိုက်ကြီး မဆိုင်ပါဘူး။ ကြည်လင်သန့်စင်ပြီး နှစ်လိုဖွယ်ရှိတဲ့ အပြုံးမျိုးပိုင်ဆိုင်ဖို့ဆိုတာက ပြုပြင်လုပ်ယူလို့ရတဲ့ ကိစ္စတစ်ခုပါ။

    လှပတဲ့အပြုံးတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် အဓိက အချက် ၂ ချက်ရှိပါတယ်။ ဒါတွေကတော့ စိတ်ထဲကနေ နှစ်နှစ်ခြိုက်ခြိုက် စိတ်ပါလက်ပါပြုံးဖို့နဲ့ ဖြူဖွေးညီညာ လှပတဲ့သွားလေးတွေ ပိုင်ဆိုင်ထားဖို့ပါပဲ။ ဒီအချက် နှစ်ချက်ဟာ အရေးအပါဆုံး အချက်တွေဖြစ်ပါတယ်နော်။

    လှပတဲ့ နှစ်လိုဖွယ် အပြုံးလေးတွေဖန်တီးနိုင်ဖို့ စိတ်ပါလက်ပါပြုံးပြရတာက သိပ်ခက်ခဲလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ညီညာပြီး ဖြူဖွေးလှပတဲ့ သွားလေးတွေပိုင်ဆိုင်ဖို့ကတော့ အချိန်ယူရတတ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်း ၆ သွယ်ကတော့ ကိုယ့်ရဲ့ သွားလေးတွေကို လှပစေမယ့် အချက်လေးတွေဖြစ်ပြီးတော့ ခင်မင်နှစ်လိုဖွယ် ပြုံးအလှပိုင်ရှင်တွေဖြစ်စေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းမျိုးတွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။

    ၁။ မှန်ကန်သင့်လျော်တဲ့ သွားပွတ်တံနဲ့ သွားတိုက်ဆေးကို အသုံးပြုပါ

    သွားတိုက်ဆေးတိုင်း၊ သွားပွတ်တံတိုင်းက ကိုယ်နဲ့ သင့်လျော်လိမ့်မယ်လို့ မထင်ပါနဲ့။ အဲ့ဒီအချက်က မှားပါတယ်။ ဒီပစ္စည်းတွေကို ကြုံသလိုဝယ်ယူတာထက်စာရင် သေချာရွေးချယ်ဝယ်ယူတာက ပိုမှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဘယ်လောက်သွားကို ဖြူစင်စေပါတယ်၊ သန်မာစေပါတယ်လို့ ကြေညာနေပေမယ့် ကိုယ်နဲ့ မသင့်လျော်တဲ့အခါ ကိုယ့်သွားတွေအပေါ် အကျိုးသက်ရောက်မှုနည်းပြီး သိပ်အစွမ်းမပြတာမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ဒါကြောင့် သွားပွတ်တံနဲ့ သွားတိုက်ဆေးကို သေချာဂရုစိုက်ရွေးချယ်သင့်ပါတယ်။ ဥပမာ ကိုယ်က ကော်ဖီ၊ လက်ဖက်ရည် ပုံမှန်သောက်သုံးတယ်ဆိုရင် သွားဖြူစေတဲ့ သွားတိုက်ဆေးတွေ၊ ခံတွင်းသန့်စင်ဆေးရည်တွေ ဦးစားပေးရွေးချယ်သုံးစွဲတာမျိုး Custom Whitening trays နဲ့ Laser whitening ပစ္စည်းတွေ ရွေးချယ်သုံးစွဲတာမျိုးတွေပေါ့။

    ၂။ မိမိအိမ်က ခံတွင်းသန့်ရှင်းရေး ပစ္စည်းတွေနဲ့ နည်းလမ်းတွေကို ပြန်လည်သုံးသပ်ပါ

    လူတိုင်း သွားဖြူချင်တတ်ကြပါတယ်။ အနည်းနဲ့အများဆိုသလို သွားတွေဖြူစင်လာအောင်လည်း ကြိုးပမ်းတတ်ကြပါတယ်။ ဒါပေမယ့် လူတိုင်းတော့ သွားတွေဖြူမလာပါဘူး။ ဘာကြောင့်ပါလဲ။ ဒါဆိုရင်တော့ မိမိရဲ့ အိမ်မှာရှိနေတဲ့ သွားကိုဖြူစင်စေဖို့ သုံးစွဲနေတဲ့ ခံတွင်းသန့်စင်ရေးပစ္စည်းတွေကို ပြန်လည်သုံးသပ်ဖို့ လိုလာပါပြီ။ မသင့်တော်တာတွေ သုံးမိနေပြီလား။ ဒါမှမဟုတ် မိမိရဲ့ သွားတွေမှာ ပြဿနာတစ်စုံတစ်ရာရှိနေပြီလားဆိုတာမျိုးပေါ့။ ဒါ့အပြင် မိမိရဲ့ သွားကျန်းမာရေးအတွက် သွားကြားထဲမှာရှိတဲ့ အစာများကို သွားပွတ်ကြိုးဖြင့် နေ့စဉ် ရှင်းလင်းတာ၊ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာမျိုးတွေ ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဒီလို မလုပ်ဖြစ်သေးဘူးဆိုရင် ဒီနေ့ပဲ စလုပ်လိုက်ပါ။ နောက်ပြီး သွားဆရာဝန်နဲ့ တစ်နှစ် (၂) ကြိမ်လောက် ပုံမှန်ပြပေးဖို့လည်း လိုပါလိမ့်မယ်။

    ၃။ Air whitening လုပ်ပါ

    Air whitening ဒါမှမဟုတ် Air polishing ဆိုတဲ့ နည်းလမ်းကို သွားဆေးခန်းတွေမှာ သွားရောက် ခံယူလို့ရပါတယ်။ ဒီနည်းလမ်းဟာ သွားလေးတွေ ဖြူစင်ဝင်းပစေဖို့ ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ၅ မိနစ်ဝန်းကျင်သာကြာမြင့်တတ်တဲ့ နည်းလမ်းလေးဟာ သွားလေးတွေ ဖြူစင်စေဖို့ အလွန်အထောက်အကူဖြစ်စေနိုင်သလို ခံတွင်းသန့်ရှင်းရေးအတွက်လည်း အကျိုးရှိပါတယ်။

    ၄။ Dental veneers လုပ်နိုင်ပါတယ်၊ ဈေးပေါတာတွေတော့ မလုပ်ပါနဲ့

    သွားလေးတွေ ညီညာဖြူဖွေးစေဖို့ Dental veneers (အပေါ်ယံလွှာအုပ်ခြင်း) နည်းလမ်းကို သုံးတတ်ကြပါတယ်။ ဒီနည်းလမ်းဟာ သွားဖြူစေမယ့် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ ဈေးနှုန်းကြီးမြင့်တဲ့ နည်းလမ်းတစ်ခုပါ။ တစ်ချို့လူတွေက သက်သာတာတွေကို ရွေးလုပ်တဲ့အခါ အရည်အသွေးမမှီတာတွေကို အသုံးပြုမိပြီး သွားကို ပိုထိခိုက်စေပါတယ်။ ဒါကြောင့် လုပ်ချင်ရင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းသက်သာတာတွေကိုပဲ မစဉ်းစားပါနဲ့။ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် အရည်အသွေးမှီတာကိုသာ ရွေးချယ်ပြုလုပ်ပါ။

    ၅။ အချိန်ပေးနိုင်ရင် Invisalign trays နည်းလမ်း သုံးပါ

    Invisalign trays (ယာယီ ပလတ်စတစ်သွားအကွပ်) နည်းလမ်းဟာ သွားထိန်း (Brace) မတပ်ချင်သူတွေ အသုံးပြုကြတဲ့နည်းလမ်းတစ်ခုပါ။ သွားတွေကို ညီညာစေနိုင်ပါတယ်။ ဒီနည်းလမ်းဟာ နည်းလမ်းကောင်းဖြစ်ပေမယ့် အချိန်အလွန်ယူရတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး သွားတွေကို မူလအတိုင်း ညီညီညာညာလေးဖြစ်သွားအောင်လုပ်လို့ရမှာဖြစ်ပါတယ်။ သွာေးလးတွေ ညီညာနေရင် အပြုံးလေးတွေလည်း လှလာမှာ သေချာပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကို သုံးမယ်ဆိုရင် ၃ လ လောက်အချိန်ပေးဖို့ လိုအပ်တာ မမေ့ပါနဲ့။

    ၆။ သွားကာ သုံးပါ

    ဘေ့စ်ဘောကစားသမားတွေ အသုံးပြုလေ့ရှိတဲ့ သွားကာမျိုးတွေ မြင်ဖူးတယ်မဟုတ်လား။ ဒီသွားကာတွေဟာ သွားတွေကို မထိခိုက်အောင် ကာကွယ်ပေးရုံတင်မကပါဘူး။ သွားတွေကို ညီညာစေပြီး လှပတဲ့ အပြုံးတွေ ရအောင်လည်း ကူညီနိုင်ပါတယ်။ နောက်ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ နည်းလမ်းလည်းဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။

    အထက်ပါနည်းလမ်းတွေအပြင် ရေများများသောက်တာ၊ ဆေးလိပ်/အရက်ဖြတ်တာ၊ အရောင်ပါတဲ့ အဖျော်ယမကာတွေ လျှော့သောက်တာတွေကလည်း သင့်ရဲ့ သွားတွေ ဖြူဖွေးလှစေဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဖြူဖွေးလှပတဲ့ သွားလေးတွေနဲ့ ဖော်ရွေပျူငှတဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နေပြီဆိုရင် သင်ပြုံးလိုက်တိုင်း လှနေတော့မှာပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement