backup og meta

ပါးစပ်မှာ အနာတွေ မကြာခဏ ပေါက်လာပြီဆိုရင်


Ye Myo Myat မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်မှာ အနာတွေ မကြာခဏ ပေါက်လာပြီဆိုရင်

    ပါးစပ်မှာ အဖြူရောင်အကွက်လို အနာလေးတွေ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုအနာတွေဟာ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာမျိုး မဟုတ်ပေမဲ့ ထမင်းစားချိန်၊ ရေသောက်ချိန်လိုမျိုးမှာ နာကျင်ပြီး နေရထိုင်ရခက်စေပါတယ်။ များသောအားဖြင့် သွားဖုံးနဲ့ ပါးစောင်တွေမှာ ပေါက်တတ်ပြီး လျှာ၊ အာသီးပတ်လည်မှာလည်း ပေါက်နိုင်ပါတယ်။

    ပါးစပ်နာ (Mouth ulcers/ canker sores) တွေဟာ ကူးစက်နိုင်လား။

    အထိအတွေ့ကြောင့်ဖြစ်စေ၊ ပွေ့ဖက်နမ်းရှုပ်လို့ဖြစ်စေ ကူးစက်တာမျိုး မဖြစ်စေပါဘူး။ ပုံမှန်အားဖြင့် ပါးစပ်နာတွေဟာ တစ်ပတ်ကနေ ၂ပတ်အတွင်း သူ့အလိုလိုပျောက်ကင်းသွားနိုင်ပြီး အမာရွတ်ကျန်ခဲ့တာမျိုးလည်း မဖြစ်ပါဘူး။

    ဘာကြောင့် ပါးစပ်နာတွေ ဖြစ်လာတာလဲ။

    ၁။ သွားတိုက်တဲ့အခါ၊ အစာစားရင်း ကိုက်မိတဲ့အခါဖြစ်စေ၊ အားကစားလုပ်ရင်း၊ သွားနှုတ်နေရင်းနဲ့ ထိခိုက်မိတဲ့အခါဖြစ်စေ ဒဏ်ရာဖြစ်ရင်းကနေ ပါးစပ်နာ အဖြူကွက်တွေ ဖြစ်နိုင်ပါတယ်။

    ၂။ အာဟာရမပြည့်ဝသူတွေ၊ ဗီတာမင် B 12, ဇင့်ဓါတ်၊ ဖောလစ်အက်ဆစ်နဲ့ သံဓာတ်ချို့တဲ့သူတွေမှာလည်း ပါးစပ်နာတွေ ဖြစ်တတ်ပါတယ်။ ချဉ်လွန်းတဲ့အသီးတွေ၊ အလွန်စပ်တဲ့ အစားအစာတွေ မကြာခဏ စားသူတွေ၊ အဆီကြော်၊ အမာစာတွေ စားရင်း သွားဖုံးကို ထိမိ၊ ခိုက်မိတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။

    ၃။ ခံတွင်းမသန့်ရှင်းသူတွေ၊ သွားကို ပုံမှန်မတိုက်သူတွေမှာ ပါးစပ်တွင်း ဘက်တီးရီးယားတွေ ပေါက်ဖွားနေတာကြောင့် ဖြစ်နိုင်ပါတယ်။ သွားညီအောင်လို့ ထိန်းပေးတဲ့ brace တွေကြောင့်လည်း ထိခိုက်မိရင်း ပါးစပ်နာ ဖြစ်နိုင်ပါတယ်။

    ၄။ စိတ်ဖိစီးမှုဝေဒနာ ကြုံနေရတဲ့အချိန်၊ အိပ်ရေးပျက်တာ များလာရင်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ ရာသီလာချိန် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သလို၊ မျိုးရိုးဗီဇကြောင့်လည်း ပါးစပ်နာပေါက်တာမျိုး ရှိပါတယ်။

    ၅။ ကိုယ်ခံအားစနစ် ချို့ယွင်းတဲ့အခါ၊ HIV ပိုးရှိသူတွေမှာလည်း ပါးစပ်နာ ပေါက်တတ်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် ပါးစပ်နာဟာ ပုံမှန်အားဖြင့် ဆေးခန်းပြစရာမလိုပဲ တစ်ပတ်ကနေ ၁၀ရက်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။

    ပါးစပ်နာကြောင့် နာကျင်မှုကို သဘာဝအတိုင်း သက်သာစေမယ့် နည်းလမ်းတွေ။

    ပုံမှန်အားဖြင့် ကုသမှုခံယူစရာ မလိုအပ်ပေမယ့် အလွန်အမင်းနာကျင်လာပြီဆိုရင် သဘာဝနည်းလမ်းလေးတွေနဲ့ ဝေဒနာကို သက်သာအောင် ပြုလုပ်ပေးလို့ ရပါတယ်။ ဆားငန်ရည်နဲ့ တစ်နေ့ကို ၃ကြိမ် ပလုတ်ကျင်းပေးတာ၊ မုန့်ဖုတ်ဆိုဒါအနှစ်နဲ့ ပါးစပ်ကို လိမ်းပေးတာ အစရှိတဲ့ သဘာဝနည်းလမ်းတွေနဲ့ နာကျင်မှုကို သက်သာအောင် ပြုလုပ်ပေးလို့ ရသလို ဆေးဆိုင်တွေကနေ benzocaine ပါဝင်တဲ့ ဆေး၊ ဂျယ်လ်တွေကိုလည်း လိမ်းပေးလို့ ရပါတယ်။ ပါးစပ်နာ ဖြစ်နေချိန်မှာ ဆီများတဲ့ အစားအစာတွေ၊ အစပ်စာတွေကို ရှောင်သင့်ပါတယ်။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ။

    • ပါးစပ်နာဟာ ပုံမှန်ထက် ကြီးတဲ့ အရွယ်အစားဖြစ်နေရင်၊
    • အနာဟောင်းက မပျောက်ခင် ပါးစပ်နာ အသစ်တွေ ထွက်လာပြီဆိုရင်၊
    • ၃ပတ်ကျော်လို့မှ အနာမပျောက်သေးဘူးဆိုရင်၊
    • ပါးစပ်မှာ အနာပေါက်နေသည့်တိုင်အောင် နာကျင်မှုမရှိဘူးဆိုရင်၊
    • နှုတ်ခမ်းထိ အနာက ပျံ့လာပြီဆိုရင်၊
    • ဆေးလိမ်းနေသည့်တိုင် အနာမသက်သာလာဘူးဆိုရင်၊
    • ထမင်းစား၊ ရေသောက်ရ ခက်ခဲနေပြီဆိုရင်၊
    • အပြင်းဖျားတာ၊ ဝမ်းလျှောတဲ့ လက္ခဏာတွေ တွေ့လာရပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

    ပါးစပ်နာမဖြစ်အောင် ဘယ်လို ဂရုစိုက်မလဲ။

    မတော်တဆ ကိုယ့်ပါးစောင်ကို မကိုက်မိအောင် စားနေချိန်မှာ စကားပြောတာမျိုး မလုပ်သင့်ပါဘူး။ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ၊ ထိခိုက်ပွန်းပဲ့စေနိုင်တဲ့ အမာစာတွေကို သတိထားစားပေးသင့်ပါတယ်။

    ဖောလစ်အက်ဆစ်၊ ဗီတာမင် B6 ၊ ဗီတာမင် B12 နဲ့ ဇင့်ဓာတ်တို့ ပေါကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးရင်လည်း အဆင်ပြေပါတယ်။

    သွားကို တစ်နေ့ ၂ကြိမ် နည်းစနစ်မှန်မှန် တိုက်ပြီး ကိုယ့်ရဲ့ ခံတွင်းကို သန့်ရှင်းအောင် ထားပေးပါ။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ထိခိုက်စရာ၊ စိတ်ဖိစီးမှုတွေ ကြုံလာပြီဆိုရင်လည်း ကိုယ့်ရဲ့ စိတ်ကို အေးချမ်းနိုင်အောင် ပျော်ရွှင်စေမယ့် အရာတွေ များများလုပ်ပေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement