backup og meta

အံဆုံးသွားဖုံးရောင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အံဆုံးသွားဖုံးရောင်ခြင်း

    အံဆုံးသွားဖုံးရောင်ခြင်း ဆိုတာ ဆယ်ကျော်သက်နှောင်းပိုင်းနဲ့ အသက်၂၀ ဝန်းကျင်မှာ ပေါက်လေ့ရှိတဲ့ တတိယနဲ့ စတုတ္ထမြောက်အံသွားအစုံ (အံဆုံး) ပတ်ပတ်လည်က သွားဖုံးတစ်ရှူး ရောင်ရမ်းပြီး ပိုးဝင်ခြင်းကို ခေါ်ပါတယ်။

    အံဆုံးပေါက်စဉ်ကာလမှာ ခံစားရတဲ့ ရောဂါဖြစ်ပြီး သာမန်သွားဖုံးရောဂါနဲ့ မတူပါဘူး။ ဒါပေမယ့် ရောဂါဖြစ်ပွားပုံကတော့ သွားဖုံးထဲညပ်နေတဲ့ စာကြွင်းစားကျန်တွေကြောင့် သွားဖုံးပြည်တည်တဲ့ ဖြစ်စဉ်နဲ့ အလားသဏ္ဍာန်တူပါတယ်။

    အံဆုံးသွားဖုံးရောင်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

    ဒီရောဂါရဲ့ လက္ခဏာတွေကတော့

    • သွားဖုံးနာခြင်း
    • ပိုးဝင်ခြင်း
    • သွားဖုံးတစ်ရှူးအတွင်း အရည်စုပြီး ရောင်ရမ်းခြင်း
    • သွားဖုံးပြည်ယိုခြင်းကြောင့် အရသာဆိုးဆိုး ခံစားရခြင်း
    • လည်ပင်း ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
    • ပါးစပ်ဟရခက်ခြင်းတို့ ဖြစ်ပါတယ်။

    အထက်မှာ ဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် သင့်သွားဆရာဝန် သို့မဟုတ် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ

    တကယ်လို့ ရောဂါလက္ခဏာပြင်းထန်မယ်၊ သွားဖုံးရောင်တဲ့အပြင် အဖျားပါရှိလာမယ်ဆိုရင်တော့ အိမ်မှာကုသရုံနဲ့ မလုံလောက်ဘဲ တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

    အံဆုံးသွားဖုံးရောင်ခြင်း ကို ဘယ်လိုကုသမလဲ

    အံဆုံးသွားဖုံးရောင်တဲ့ ရောဂါလက္ခဏာ သိပ်မပြင်းထန်ဘူးဆိုရင် မိမိဘာသာ ကုသနိုင်ပါတယ်။ ထိပ်ပိုင်းသေးတဲ့ သွားပွတ်တံနဲ့ သွားကို ဂရုတစိုက်၊ နှံ့နှံ့စပ်စပ် တိုက်ပေးခြင်းအားဖြင့် ချောင်ကြိုချောင်ကြားမှာ ညပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။

    ပလုတ်ကျင်းဆေးရည်နဲ့ ပုံမှန်သန့်ရှင်းပေးမယ်ဆိုရင်လည်း ပေါက်လက်စသွားအောက်က အစာနဲ့ တစ်ရှူးအပိုင်းအစတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းခြင်းက နာကျင်မှုကို သက်သာစေပြီး အပျော့စား ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အရည်ကိုလည်း ပိုးသေစေဖို့ အသုံးပြုနိုင်ပါတယ်။

    တကယ်လို့ လုံးဝမသက်သာဘူး။ အစာစားလို့ မရအောင် နာနေမယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ဆေးဝါးများ ညွှန်ကြားမှာ ဖြစ်ပါတယ်။

    အံဆုံးသွားဖုံးရောင်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    အံဆုံးပေါက်နေချိန်မှာ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီလိုဂရုစိုက်ခြင်းအားဖြင့် သွားဖုံးအောက်မှာ စားကြွင်းစားကျန်တွေညပ်ပြီး ဘက်တီးရီးယားပိုးမွှားတွေ ပွားမလာအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သန့်ရှင်းရေးပုံမှန်လုပ်ပေမယ့် ရောဂါလက္ခဏာတွေ ခဏခဏ ပြန်ပြလာမယ်ဆိုရင်တော့ အံဆုံးပေါ်အုပ်နေတဲ့ သွားဖုံးတစ်ရှူးတွေကို ဖယ်ပစ်ရဖို့ အလားအလာရှိပါတယ်။ တချို့လူတွေမှာတော့ အံဆုံးကိုပါ နှုတ်ပစ်လိုက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

    ရေးသားသူ- Dr  Ye Mhan Linn

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement