backup og meta

သွားဖုံး သွေးယိုတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားဖုံး သွေးယိုတာ ဘာကြောင့်လဲ

    သွားတိုက်လိုက်တိုင်းမှာ သွားဖုံး က သွေးထွက်နေပြီလား။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက သွားတိုက်ရင် သွားဖုံးက သွေးထွက်တတ်ပါတယ်။ ဘာမှမလုပ်ဘဲ ဒီတိုင်းနေရင်း သွေးထွက်တာမျိုးလည်း ရှိပါတယ်။ သွားဖုံးသွေးယိုတာက သွားနဲ့ ခံတွင်း ပြဿနာကြောင့် ဖြစ်နိုင်သလို တခြား ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ သွားဖုံးက သွေးထွက်ရင် ဘာရောဂါတွေ ဖြစ်နိုင်လဲ။ ဘယ်လို လုပ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။

    သွားဖုံး က သွေးထွက်ရသည့် အကြောင်းရင်းများ

    • သွားဖုံးရောင်ရမ်းခြင်း

    သွားဖုံးသွေးယိုစေတဲ့ အထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းကတော့ သွားဖုံးရောင်တာပဲ ဖြစ်ပါတယ်။ အဖြစ်များပေမယ့် သိပ်တော့ မပြင်းထန်တတ်ပါဘူး။ သွားချေးကျောက်တွေကြောင့် ရောင်တာများပါတယ်။ ရောင်နေတဲ့ သွားဖုံးက အထိမခံပါဘူး။ နီရဲပြီး ဖောင်းကြွနေတတ်ပါသေးတယ်။ ဒါကြောင့် သွားတိုက်လိုက်တိုင်း သွေးထွက်တာပေါ့။

  • ရေစီးကမ်းပြိုခြင်း
  • သွားဖုံးရောင်တာကို ဒီတိုင်းထားလိုက်မယ်ဆိုရင် သွားဘေးနားက တစ်ရှူးတွေ၊ အရိုးတွေ တဖြည်းဖြည်း ပျက်စီးလာမှာပါ။ ဒီလိုနဲ့ ပိုးဝင်လာမယ်၊ ရောင်ရမ်းလာမယ်၊ နောက်ဆုံး သွားတွေ အမြစ်ကနေ ကျွတ်ထွက်သွားမှာပါ။ သွားတိုက်တိုင်း သွေးက အလွယ်တကူထွက်နေတယ်၊ သွားတွေလည်း လှုပ်နေတယ်၊ ခံတွင်းအနံ့ဆိုးတွေလည်း ထွက်မယ်၊ ပါးစပ်လည်းပျက်မယ်ဆိုရင် သတိထားပါ။ သွားဖုံးရောင်တာအပြင် ရေစီးကမ်းပြိုပြီး သွားတွေ ကျွတ်ထွက်တော့မှာပါ။

    • ဆီးချိုရောဂါ

    သွားဖုံးသွေးထွက်တာ၊ သွားဖုံးရောင်တာက ဆီးချိုရောဂါရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆီးချိုရှိနေရင် ခုခံအားမကောင်းတဲ့အတွက် ပါးစပ်ထဲကို ဝင်လာတဲ့ ပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ဘဲ သွားဖုံးရောင်လာပါတော့ပါတယ်။ ပိုဆိုးတာက ဆီးချိုမထိန်းနိုင်လေလေ အနာကျက်ဖို့နှေးလေလေ သွားဖုံးရောင်တာ သက်သာဖို့ ကြာလေလေပါပဲ။

    • သွေးကင်ဆာ

    တစ်ခါတစ်လေမှာ သွားဖုံးသွေးယိုတာက သွေးကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ်။ သွေးကင်ဆာဖြစ်ရင် သွေးတိတ်စေတဲ့ သွေးဥမွှားတွေ နည်းသွားတဲ့အတွက် သွားဖုံးအပြင် တခြားနေရာမှာပါ အလွယ်တကူ သွေးယိုနိုင်ပါတယ်။

    • Thrombocytopenia (သွေးဥမွှားနည်းရောဂါ)

    သွားဖုံးသွေးယိုတာက သွေးတိတ်ဖို့ ကြာနေမယ်ဆိုရင် သွားဖုံးရောင်နေတာကြောင့်လည်း ဖြစ်နိုင်သလို သွေးဥမွှားနည်းရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါရှိနေရင် သွားဖုံးတင်မကပါဘူး။ ဘယ်နေရာက သွေးထွက်နေနေ သွေးတိတ်ဖို့ ကြာပါလိမ့်မယ်။

  • Hemophilia (သွေးမတိတ်ရောဂါ)
  • ဒီရောဂါမှာကျတော့ နည်းနည်းလေးထိလိုက်တာနဲ့ သွေးတွေ မတရားထွက်တော့တာပါပဲ။ သွေးတိတ်ဖို့လည်း အချိန်ကြာပါတယ်။

  • ဗီတာမင်စီ ချို့တဲ့ခြင်း
  • ရှားပါးပေမယ့် ဗီတာမင်စီချို့တဲ့ရင် scurvyဆိုတဲ့ ရောဂါဖြစ်တတ်ပါတယ်။ ဗီတာမင်စီက တစ်ရှူးတွေကို ပြုပြင်တဲ့နေရာမှာ ကူညီပေးတယ်။ အရိုးနဲ့ သွားတွေကိုလည်း ကြံ့ခိုင်စေတယ်။ သံဓာတ်စုပ်ယူမှုကို အားပေးတယ်။ ဒါကြောင့် ဗီတာမင်စီ ချို့တဲ့ရင် လူက သွေးထွက်လွယ်တယ်။ အရေပြားမှာလည်း အနီစက်တွေ ထွက်တတ်တယ်။ သွေးအားလည်း နည်းတတ်ပါတယ်။

    သွားဖုံးသွေးယိုနေပြီဆိုရင် ဗီတာမင်ကေ ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်ကေက သွေးတိတ်စေတဲ့ အလုပ်ကို လုပ်ပါတယ်။ သင်စားတဲ့ အစားအစာမှာ ဗီတာမင်ကေ မပါရင်ပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူရင်ပဲ ဖြစ်ဖြစ် သွေးမတိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

    ဘယ်လိုကုသကြမလဲ။

    သွားဖုံးက သွေးထွက်တာက သွားနဲ့ ခံတွင်းပြဿနာကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် သွားဆရာဝန်နဲ့ အရင်ပြကြည့်ပါ။ သွားကျောက်တွေကြောင့်ဆိုရင် ခြစ်ပြီးတာနဲ့ သွေးမထွက်တော့ပါဘူး။ တစ်ပတ် ဆယ်ရက်နေလို့တောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး နောက်ကွယ်က အကြောင်းရင်းကို ရှာဖွေကုသရမှာပါ။ ဒီကြားထဲ အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

  • တစ်နေ့ နှစ်ကြိမ် သွားတိုက်တာ၊ သွားပွတ်ကြိုး သုံးတာ
  • ဆေးလိပ်ဖြတ်တာ (ဆေးလိပ်က သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေလို့ပါ။)
  •  စိတ်ဖိစီးမှု လျှော့ချတာ
  • ဗီတာမင်စီသောက်တာ ဒါမှမဟုတ် ချဉ်တဲ့အသီးတွေစားတာ (တစ်နေ့တာ လိုအပ်ချက် ၆၅-၉၀ မီလီဂရမ် )
  • ဗီတာမင်ကေသောက်တာ ဒါမှမဟုတ် အစိမ်းရောင်အရွက်တွေစားတာ (တစ်နေ့တာ လိုအပ်ချက် အမျိုးသား- ၁၂၀ မိုက်ခရိုဂရမ်၊ အမျိုးသမီး- ၉၀မိုက်ခရိုဂရမ်)
  • သွေးမတိတ်ရင် ရေခဲကပ်ပေးတာ (တစ်ခါကပ်ရင် မိနစ် ၂၀အထိ ကပ်လို့ရပါတယ်။)
  • ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။
  • ဒီနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement