backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tooth Ache ( သွားကိုက်ခြင်း ) အကြောင်း သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Tooth Ache ( သွားကိုက်ခြင်း ) အကြောင်း သိထားသင့်သမျှ

သွားကိုက်ခြင်း ဆိုတာ အဖြစ်များတဲ့ သွားနဲ့ ခံတွင်းပြဿနာပါ။ သွားကိုက်ခြင်းမှာ ပြင်းထန်တဲ့ နာကျင်မှု ဖြစ်တာကြောင့် လူနာကို နေမထိထိုင်မသာ ဖြစ်စေပြီး ဝေဒနာလည်း ဆိုးပါတယ်။ ဒီလို ပြင်းထန်တဲ့ သွားကိုက်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Tooth Ache (သွားကိုက်ခြင်း) ဆိုတာ

အဓိကအားဖြင့် ယိုယွင်းပျက်စီးနေတဲ့ သွားကြောင့် သွားနဲ့ မေးရိုးတစ်ဝိုက် နာနေခြင်းဖြစ်ပါတယ်။ သွားကိုက်ဝေဒနာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ချက်ချင်းနာပြီး ပျောက်သွားနိုင်သလို ရက်တွေအကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ မသိမသာ နာရာကနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားနာတာမျိုလည်း ရှိနေနိုင်ပါတယ်။ ရုတ်တရက် စူးခနဲကိုက်တတ်ပြီး ညအခါတွေနဲ့ အထူးသဖြင့် လဲလျောင်းနေတဲ့အချိန်တွေမှာ ပိုဆိုးလာနိုင်ပါတယ်။

သွားကိုက်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ

အတွေ့ရများတဲ့ က္ခဏာတွေကတော့

  • သွားကနေ ဆစ်ခနဲစူးခနဲကိုက်ခြင်း၊ တမြည့်မြည့် ကိုက်ခြင်း၊ အစာစားတဲ့အခါ ကိုက်ခြင်း
  • သွားဖုံး၊ ခံတွင်း၊ ပါးအနီးအနားတစ်ဝိုက် ရောင်နေခြင်း
  • ဖျားခြင်း၊ ခေါင်းကိုက်ခြင်း
  • ပျက်စီးနေတဲ့ သွားကနေ အရည်ပုပ်များ ထွက်လာခြင်းတို့ ဖြစ်ပါတယ်။

သွားဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေတွေကတော့

  • ရက်အတော်ကြာ ကိုက်နေခြင်း
  • ဖျားနေခြင်း
  • သည်းမခံနိုင်လောက်အောင် ကိုက်နေခြင်း
  • ရောင်နေခြင်း၊ အစားစားချိန်မှာ အရည်ပုပ်တွေထွက်လာခြင်း
  • အသက်ရှူရ၊ မျိုချရခက်နေခြင်း
  • နားကိုက်ခြင်း၊ ပါးစပ်ကျယ်ကျယ်ဟတဲ့အခါနာနေခြင်း

အထက်ပါလက္ခဏာများရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

သွားကိုက်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

အဓိကကတော့ သွားပျက်စီးစေတဲ့ အကြောင်းရင်း တစ်ခုခု ရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဥပမာ သင်စားလိုက်တဲ့ သကြားနဲ့ ကစီဓာတ်တွေက သင့်သွားမှာ ဘက်တီးရီးယားတွေ ကပ်တွယ်နိုင်ဖို့၊ ကောင်းကောင်းပေါက်ဖွားနိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။

ဘက်တီးရီးယားတွေကနေ အက်စစ်တွေ ထုတ်ပြီး သွားကို ပိုးစားစေတာကြောင့် သွားမှာ အခေါင်းပေါက် ဖြစ်သွားနိုင်ပါတယ်။ အချိုတွေ၊ အရမ်းပူတဲ့အစာနဲ့ အေးတဲ့အစာတွေစားတဲ့အခါမျိုးမှာ သွားကျင်နိုင်ပါတယ်။

သွားကိုက်စေတဲ့ တခြားအကြောင်းတွေကတော့

  • သွားကြားထဲမှာ အစာနဲ့ အကြွင်းအကျန်တွေ ညပ်နေခြင်း
  • သွားဖုံးပိုးဝင်ခြင်း
  • သွားကို ထိခိုက်မိခြင်း
  • သွားကျိုးခြင်း
  • သွားပဲ့သွားခြင်း
  • သွားဖုံးထဲကို သွားကျွံဝင်သွားခြင်း
  • နှာခေါင်းပေါက်နဲ့ ဦးခေါင်းရိုးကို ဆက်သွယ်ထားတဲ့ လှိုဏ်ခေါင်းပေါက်မှာ ပိုးဝင်ခြင်း
  • သွားပြည်တည်နေခြင်း
  • ပီကေဝါးခြင်းကဲ့သို့ သွားကိုထပ်ခါတလဲလဲ ကြိတ်ဝါးနေခြင်း
  • သွားကိုက်ခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    • ခံတွင်းပျက်ခြင်း (သို့) အလွန်အမင်းစားခြင်း

    • အချိုအစားများခြင်း

    • အာခြောက်ခြင်း

    • ခံတွင်းသန့်ရှင်းမှုမရှိခြင်း

    • သွားပွတ်ကြိုးမသုံးခြင်း

    စားချဉ့်ပြန်ခြင်းကြောင့် သွားကြွေလွှာပျက်စီးခြင်း

    • ဆေးလိပ်သောက်ခြင်း

    • ကင်ဆာဆေးများသောက်နေရခြင်းနဲ့ ကင်ဆာကုထုံးများကြောင့်ဖြစ်နိုင်ပါတယ်။

    သွားကိုက်ခြင်း ကို ဘယ်လိုအတည်ပြုပါသလဲ

    သွားဆရာဝန်က လိုအပ်တဲ့ စမ်းသပ်မှုတွေ၊ စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ ဒါ့ပြင် ဘယ်တုန်းက စနာလဲ၊ ဘယ်လောက်ထိဆိုးလဲ၊ ဘယ်နားကနာလဲ ဘာတွေကြောင့် ပိုဆိုးပြီး၊ ဘာတွေကြောင့် ပိုသက်သာလာနိုင်လဲဆိုတာတွေကို ဆရာဝန်က မေးပါလိမ့်မယ်။

    ပြီးနောက် ခံတွင်း၊ သွား၊ သွားဖုံး၊ မေးရိုး၊ လျှာ၊ လည်ချောင်း၊ နား၊ နှာခေါင်း၊ လည်ပင်း စတာတွေကို စမ်းသပ်ပါလိမ့်မယ်။ ဓာတ်မှန်ရိုက်ဖို့နဲ့ အခြားသောစမ်းသပ်မှုတွေလည်း လိုနိုင်ပါတယ်။

    သွားကိုက်ခြင်းကို ဘယ်လိုကုသပါသလဲ

    ဘာကြောင့်ဖြစ်တယ်ဆိုတာကို သိသွားတဲ့အခါမှာ ဆရာဝန်က သင့်လျော်တဲ့ ကုသမှုပေးပါလိမ့်မယ်။ သွားပိုးစားခြင်းကြောင့်ဆိုရင် သွားဖာပေးခြင်း (သို့) နှုတ်ပေးခြင်း ပြုလုပ်ပါလိမ့်မယ်။ သွားကို ထောက်ပံ့တဲ့ အာရုံကြောပိုးဝင်ခြင်းကြောင့်ဆိုရင်တော့ သွားအမြစ် ကုသခြင်းကို ပြုလုပ်ပေးပါလိမ့်မယ်။ ဖျားနေပြီး မေးရိုးတစ်ဝိုက်ရောင်နေပြီဆိုရင်တော့ ပိုးသတ်ဆေးသောက်ဖို့ လိုပါလိမ့်မယ်။

    သွားပေါက်ဖြစ်နေရင် သွားပေါက်အတွင်း သေနေတဲ့တစ်ရှူးတွေကို ဖယ်ထုတ်ပြီး ဖြည့်စရာနဲ့ အစားထိုးရပါမယ်။ သွားကိုက်ခြင်းနဲ့အတူ နာခြင်း၊ ရောင်ခြင်းတွေဖြစ်လာမယ်ဆိုရင် အခြားကုသမှုတွေနဲ့တွဲပြီး လေဆာကုထုံးပေးရနိုင်ပါတယ်။ စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများပေးပြီး အနာသက်သာအောင် ကူညီပေးပါလိမ့်မယ်။

    ကုသမှုတွေနဲ့ မသက်သာလာဘဲ အခြားသွားတွေနဲ့ မေးရိုးကိုပါ ထိခိုက်လာပြီဆိုရင်တော့ သွားနှုတ်ပြီး ဖယ်ထုတ်ဖို့လိုပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement