backup og meta

သွားကျဥ်ခြင်း ဝေဒနာ (tooth sensitivity)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကျဥ်ခြင်း ဝေဒနာ (tooth sensitivity)

    သွားကျဥ်ခြင်း ဝေဒနာ(tooth sensitivity)ကို လူတော်တော်များများ တွေ့ကြုံခံစားဖူးကြမှာပါ။ နာတဲ့ ကိုက်တဲ့ ခံစားချက်မျိုးနဲ့မတူပဲ တော်တော်လေး ကသိကအောက်နိုင်တဲ့ ဝေဒနာမျိုးပါ။ သွားကျဥ်ဖူးတဲ့သူတိုင်း သွားကျဥ်တဲ့အချိန်မှာ ဘယ်လောက်ထိခံစားရခက်လဲဆိုတာ သိကြမှာပါ။

    တစ်ခါတရံ မှာ ဘယ်နေရာ၊ ဘယ်သွားက ကျဥ်နေပါတယ်ဆိုပြီး အတိအကျပြောနိုင်ပေမယ့် တချို့သူတွေကျတော့ ဘယ်နေရာ၊ ဘယ်သွား ကျဥ်မှန်း မသိ ဖြစ်တတ်ပါတယ်.

    ဘယ်အရာက သွားကျဥ်စေတာလဲ၊ သွားကျဥ်ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ..

    ၁။ ကြွေလွှာပါးပြီး ခံစားမှုများသောသွား – ကြမ်းတမ်းစွာ သွားတိုက်ခြင်း၊ ချိုသောအစားအစာများ၊ အချဥ်ဓာတ်ပါတဲ့ အချိုရည်များ ကို အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် သွားရဲ့ ကြွေလွှာတွေ ပါးပြီး ခံစားမှုပိုများလာတတ်ပါတယ်။ ခံစားမှုများသော သွား (sensitive teeth)တွေဟာ ပုံမှန်သွားတွေထက် အပူအအေးဒဏ်ကို မခံ နိုင်ကြပါဘူး။

    ရေခဲရေ၊ အအေး၊ ရေခဲမုန့်၊ ရေခဲချောင်း စတဲ့ အရမ်းအေးတဲ့ အစားအစာတွေ ၊ အရမ်းပူတဲ့ အစားအစာတွေ စားမိတဲ့အချိန်မှာ သွားကျဥ်တဲ့ ဝေဒနာကို ရုတ်တရက် ပြင်းထန်စွာခံစားရတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကျဥ်တဲ့ဝေဒနာက ကြာမြင့်စွာမခံစားရပါဘူး။

    အပူအအေးဒဏ် မရှိတော့တာနဲ့ မိနစ်ပိုင်းအတွင်း ပျောက်သွားလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း အပူအအေးစားမိတိုင်း သွားကျဥ်နေတတ်တာကတော့ စိတ်အနှောင့်အယှက်ဖြစ်ရပြီး အဆင်မပြေပါဘူး။

    ဒီလိုမဖြစ်ရအောင်

    • အချဥ်ဓာတ် (အက်စစ်ဓာတ်) ပါဝင်သော အစားအစာများ ဖျော်ရည်များ အလွန်အကျွံစားသောက်ခြင်းမှ ရှောင်ကြဥ်ရပါမယ်။
    • နူးညံ့တဲ့အမျှင်လေးတွေပါတဲ့ သွားတိုက်တံ မျိုးကို ရွေးသုံးရပါမယ်။
    • Fluoride ပမာဏ မှန်ကန်စွာပါရှိသော Sensodyne လိုမျိုးသွားကျဥ်သက်သာစေသော သွားတိုက်ဆေး (Desensitizing toothpaste) ကို အသုံးပြု၍ စနစ်မှန် သွားတိုက်နည်းဖြင့် ပုံမှန်သွားတိုက်ပေးရပါမယ်။
    • ယခုအခါမှာ Desensitizing toothpaste ကို ဈေးဝယ်စင်တာတွေမှာ အမျိုးအစားစုံလင်စွာ အလွယ်တကူ ဝယ်ယူလို့ရပါ တယ်။

    ၂။ သွားပိုးစားခြင်း – သွားတစ်ချောင်းမှာ အလွှာသုံးလွှာရှိပါတယ်။

    • ကြွေသွားလွှာ (အပြင်ဆုံးအလွှာ, Enamel)
    • ဆင်စွယ်နှစ်လွှာ (Dentine)
    • မွသွားလွှာ (သွားအတွင်းပိုင်း သွေးကြောအာရုံကြောအလွှာ, Pulp) ဆိုပြီး သုံးလွှာရှိပါတယ်။

    Enamel လို့ခေါ်တဲ့ ကြွေသွားက သွားတစ်ချောင်းကို အပေါ်ယံကနေ ဖုံးအုပ်ကွယ်ကာ ထားပေးပါတယ်။ သူ့အောက်က အလွှာ Dentine မှာဆိုရင် အာရုံခံစားနိုင်တဲ့ အာရုံကြောငယ်လေးများပါရှိပါတယ်။ အပြင်ပိုင်းအလွှာဖြစ်တဲ့ ကြွေသွားလွှာမှာ သွားပိုးစစားရင် နာတာ ကျဥ်တာမျိုး သိသာတဲ့ခံစားချက် မရှိတတ်ပါဘူး။

    ပိုးပေါက်က ဒုတိယအလွှာ ဆင်စွယ်နှစ်အလွှာ ထိရောက်လာပြီဆိုရင်တော့ သွားကျဥ်ခြင်း ကို စတင်ခံစားလာရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျဥ်တဲ့ခံစားချက်ကြောင့် သွားပိုးပေါက်ဖြစ်နေတာကို စသတိထားမိရင် သွားဆေးခန်းမှာ လိုအပ်တဲ့ကုသမှုကိုခံယူသင့်ပါတယ်။ များသောအားဖြင့် Dental Filling လို့ခေါ်တဲ့ သွားဖာခြင်းကိုပြုလုပ်လိုက်ရင် ကျဥ်တဲ့ဝေဒနာက ပျောက်သွားမှာပါ။

    ၃။ ခံတွင်းသန့်ရှင်းရေးမှာ အားနည်းခြင်း – တချို့လူတွေဟာ တစ်ရက်ကို နှစ်ကြိမ် သွားတိုက်ဖို့တောင် ပျင်းနေတတ်ကြပါတယ်။ တချို့ကျတော့ သွားပုံမှန်တိုက်ပေမယ့် နည်းစနစ် မမှန်တဲ့ သွားတိုက်နည်းကြောင့် ထင်သလောက်မထိရောက်ပဲ သွားမျက်နှာပြင်မှာ သွားချေးတွေ ကျောက်တွေ ဖြစ်လာတတ်ပါတယ်။

    အဲ့ဒီ သွားချေးတွေ သွားကျောက်တွေကလဲ သွားကျဥ်ခြင်းကိုဖြစ်စေပါတယ်။ ဒီအတွက် အဓိက လိုအပ်ချက်က စနစ်မှန်သွားတိုက်နည်းနဲ့ တစ်နေ့ကို ၂ ကြိမ် ပုံမှန် သွားတိုက်ဖို့ပါ။ ဒါ့အပြင် Fluoride ပါတဲ့ ပလုတ်ကျင်းဆေးရည်ကို နေ့စဥ် အသုံးပြုပေးနိုင်ပါတယ်။

    ၄။ သွားကြွေလွှာ ကွဲအက်ခြင်း – အမာတွေ ရုတ်တရက်ဝါးမိလို့ဖြစ်ဖြစ်၊ ပြင်ပ ထိခိုက်မှုကြောင့်ဖြစ်ဖြစ် သွားရဲ့ကြွေလွှာမှာ အလွယ်တကူမမြင်နိုင်တဲ့ အက်ကြောင်းအက်ရာလေးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီအက်ကြောင်းကနေ အပူအအေး သို့မဟုတ် အစာ၊ ရေတို့ ဝင်တဲ့အခါ သွားကျဥ်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။

    ဒီလိုအခြေအနေမှာ သွားဆရာဝန်နဲ့သေချာ ပြသပြီး လိုအပ်တဲ့ ကုသမှုကိုခံယူသင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွားက ပိုကျဥ်လာပြီး အက်ရာကနေတဆင့် သွားပဲ့ထွက်သွားတာတွေ ဖြစ်တတ်ပါတယ်။

    ၅။ သွားဖုံးရောဂါကြောင့် သွားအမြစ်ပေါ်ခြင်း –  သွားဖုံးရောဂါ၊ ရေစီးကမ်းပြိုရောဂါကြောင့် သွားဖုံးတွေနိမ့်ကျပြီး သွားအမြစ်တွေပေါ်လာတတ်ပါတယ်။ သွားအမြစ်တွေမှာ ထူထဲတဲ့ ကြွေလွှာဖုံးအုပ်မှုမရှိတဲ့အတွက် သွား သွားကျဥ်ခြင်းကိုဖြစ်စေပါတယ်။ ကျဥ်တာ သက်သာဖို့အတွက် Tooth cleaning (သွားကျောက်ခြစ်သန့်ရှင်းခြင်း) လုပ်ဖို့လိုပါတယ်။

    ၆။ သွားကြိတ်ခြင်း (Bruxism or Teeth grinding) – တချို့သူတွေက ညဘက် အိပ်ပျော်နေတဲ့အချိန်တွေမှာ သွားကြိတ်တတ်ကြပါတယ်။ အဲ့ဒီလို သွားကြိတ်တတ်တဲ့သူတွေထဲမှာ တော်တော်များများ က အတူအိပ်တဲ့ဘေးလူကမပြောရင် ကိုယ့်ဘာသာကို သွားကြိတ်မှန်း မသိကြပါဘူး။ နှစ်နဲ့ချီ လာတဲ့အချိန်ကျမှ သွားမျက်နှာတွေဟာ တဖြည်းဖြည်း ပြုန်းတီးလာပါတယ်။

    ထို့နောက် ကြွေသွားအောက်က အာရုံခံစားနိုင်တဲ့ ဆင်စွယ်နှစ်အလွှာတွေပေါ်လာပြီး သွားကျဥ်ခြင်းကို ခံစားရမှာပါ။ ဒီလိုမဖြစ်အောင် သွားကြိတ်တတ်မှန်းသိရင် Night guard လို့ခေါ်တဲ့ ညဘက် အိပ်တဲ့အချိန်မှာ တပ်ရတဲ့ သွားအစွပ်လေးကို ကြိုတင်အသုံးပြုသင့်ပါတယ်။ သွားမျက်နှာပြင်တွေ ပြုန်းတီးပြီး သွားတွေကျဥ်နေပြီဆိုရင်တော့ သွားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုခံယူသင့်ပါတယ်။

    ၇။ သွားဖြူစေသော ကုထုံး (tooth whitening treatment) – သွားဖြူစေသောကုထုံးဟာ သက်လတ်ပိုင်းအရွယ်နဲ့ လူငယ်တွေကြား ရေပန်းစားတဲ့ အလှအပဆိုင်ရာ ကုထုံးတစ်မျိုးဖြစ်လာပါတယ်. လေဆာရောင်ခြည်ဖြင့်သွား ဖြူစေခြင်းဆိုပြီး လူသိများပါတယ်။

    ဒီကုထုံးဟာ Bleaching agent တစ်မျိုးကိုအသုံးပြုပြီး လေဆာရောင်ခြည်ဖြင့် သွားမျက်နှာပြင်ကိုပိုဖြူအောင် လုပ်တဲ့ နည်းဖြစ်တာကြောင့် ကုသမှုခံယူနေစဉ်အချိန်မှာ အနည်းငယ် သွားကျဥ်တတ်ပါတယ်။

    တချို့မှာ ကုသမှုအပြီး ရက်ပိုင်းအနည်းငယ်လောက်ထိ ကြာအောင် ကျဥ်နေတတ်ပါတယ်။ ကျဥ်တာ သက်သာဖို့အတွက် ဒီကုသမှုခံယူပြီးနောက်ရက်တွေမှာ fluoride ပါတဲ့ toothpaste တွေ mouthwash (ပလုတ်ကျင်းဆေးရည်) တို့ကို အသုံးပြုပေးနိုင်ပါတယ်။

     ၈။ တချို့သော ကုသမှုများ သွားကျောက်ခြစ်ခြင်း (Tooth Cleaning) – နက်သော သွားပိုးပေါက်များကို ဖာထေးခြင်း (Deep Filling) နဲ့ သွားအသေစိုက်ရာမှာ ပြုလုပ်ဖို့လိုအပ်သော သွားမျက်နှာပြင်ကို လျှော့ခြင်း (tooth reduction for crown and bridge) စသော ကုသမှုများ ခံယူနေစဥ်မှာလည်း သွားကျဥ်ခြင်းကို အနည်းနဲ့အများ ဆိုသလို ခံစားရမှာပါ။ ဒါပေမဲ့ ကုသမှုပြီးရင်တော့ ကျဥ်တဲ့ခံစားချက်က ကျန်ရှိနေမှာ မဟုတ်လို့ စိုးရိမ်စရာ မရှိပါဘူး။

    ရေးသားသူ – သွားနှင့် ခံတွင်း အထူးကုဆရာဝန် ဒေါက်တာ ခိုင်ဇာခြည်ကျော်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement