backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bruxism (သွားကြိတ်ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Bruxism (သွားကြိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွားကြိတ်တယ်ဆိုတာဘာလဲ။

နေ့အချိန်မှာဖြစ်ဖြစ်၊ ညအိပ်ပျော်နေတုန်းမှာပဲ ဖြစ်ဖြစ် သင်မသိလိုက်ဘဲ အလိုအလျောက် သွားကိုကြိတ်ချေနေတာ၊ ဝါးနေတာကို သွားကြိတ်တယ်လို့ခေါ်ပါတယ်။ အိပ်နေရင်း သွားကြိတ်တာဟာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ မူမမှန်လှုပ်ရှားမှုတမျိုးပဲ ဖြစ်ပါတယ်။

ဒီလိုအိပ်နေရင်း သွားကြိတ်လေ့ရှိသူတွေဟာ တခြားအိပ်စက်ခြင်းဆိုင်ရာ မူမမှန်ပြဿနာတွေ ဖြစ်တဲ့ ဟောက်တာ ဒါမှမဟုတ် အိပ်နေရင်း ခေတ္တ အသက်ရှုရပ်ရပ်သွားတာတွေကိုပါ ခံစားရနိုင်ချေ များပါတယ်။

သွားကြိတ်တာ သိပ်မပြင်းထန်ဘူးဆိုရင် ကုသစရာမလိုအပ်ပေမယ့် တချို့လူတွေမှာဆိုရင် သွားကြိတ်တာဟာအကြိမ်ရေစိပ်လာပြီး ပြင်းပြင်းထန်ထန်လည်း ကြိတ်လာတတ်တဲ့အတွက် မေးရိုးပြဿနာ၊ ခေါင်းကိုက်တာနဲ့ သွားထိခိုက်တာတွေအပါအဝင် တခြားပြဿနာတွေကိုပါ ရင်ဆိုင်လာရစေပါတယ်။

နောက်ဆက်တွဲ ပြဿနာတွေ မပေါ်ပေါက်ခင်ထိ သွားကြိတ်တတ်မှန်း မသိဖြစ်နေတတ်တဲ့အတွက် သွားကြိတ်ခြင်းရဲ့လက္ခဏာတွေကို သိရှိနားလည်ပြီး သွားဆရာဝန်နဲ့ ပုံမှန် ပြသဖို့ဟာ အထူးအရေးကြီးလှပါတယ်။

လက္ခဏာများ

သွားကြိတ်တာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

• သင့်ဘေးမှာအတူအိပ်နေတဲ့သူကိုလန့်နိုးစေလောက်အောင်ကျယ်လောင်တဲ့အသံနဲ့သွားကြိတ်ခြင်း

• သွားတွေ ပြားနေခြင်း၊ကျိုးပဲ့နေခြင်း၊နဲ့နေခြင်း။

• သွားကြွေလွှာတွေပျက်စီးနေခြင်း

• သွားကအထိမခံနိုင်ဖြစ်နေခြင်း

• မေးရိုးဒါမှမဟုတ်မျက်နှာနာကျင်ကိုက်ခဲခြင်း

• မေးရိုးကြွက်သားတွေညောင်းနေခြင်းဒါမှမဟုတ်တောင့်တင်းနေခြင်း

• နားကိုက်တယ်လို့ထင်ရတဲ့ဝေဒနာခံစားရလိမ့်မယ်။ ဒါပေမယ့်နားရဲ့ ပြဿနာမဟုတ်ပါဘူး။

• နားထင်ကစပြီးကိုက်တဲ့ခေါင်းကိုက်ဝေဒနာ။

• ပါးအတွင်းဖက်မှာကိုက်မိပြီးဒဏ်ရာရခြင်း

• လျှာပေါ်မှာသွားရာတွေရှိနေခြင်းစသဖြင့် ဖြစ်ကြပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာသွားဆရာဝန်နဲ့ ပြသသင့်သလဲ။

အောက်ပါအခြေအနေမျိုးတွေနဲ့ရင်ဆိုင်လာရပြီဆိုရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

• သွားတွေပဲ့ခြင်း၊ ထိခိုက်ခြင်း ဒါမှမဟုတ် အထိမခံဖြစ်လာခြင်း

• မေးရိုး၊ မျက်နှာ ဒါမှမဟုတ် နားရွက်မှာ နာကျင်လာခြင်း

• သင်အိပ်နေတုန်း သွားကြိတ်တာ အတော်ဆိုးတယ်လို့တခြားသူတွေက ပြန်ပြောလာခြင်း

• ပါးစပ်ကို သေသေချာချာပိတ်/ဟလို့မရခြင်း(မေးခိုင်ချင်သလို ဖြစ်ခြင်း)။

သင့်ကလေး သွားကြိတ်နေရင် ဒါမှမဟုတ် သွားကြိတ်တာရဲ့ တခြားလက္ခဏာတွေ တွေ့ရင် နောက်တစ်ခါသွားဆရာဝန်နဲ့ ပြသတဲ့အခါမမေ့မလျော့ပြောပြပါ။

ကွာကွယ်ခြင်းနှင့် ကုသမှု

သွားကြိတ်တာကိုဘယ်လိုကာကွယ်ရမလဲ။

သွားကို အုပ်ပေးထားတဲ့ သွားစွပ် (mouth guard)ကို အသုံးပြုပြီး သွားကြိတ်တာကို ကာကွယ်နိုင်ပါတယ်။ သွားစွပ်ကို သင့်သွားဆရာဝန်က စီမံပေးပါလိမ့်မယ်။ စိတ်ဖိအားတွေကို လျှော့ချတာ၊ အရက်နဲ့ကော်ဖီကို ရှောင်တာ အစရှိတဲ့ နေထိုင်မှု ပုံစံအပြောင်းအလဲလေးတွေကို လုပ်ပေးရင်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။

ဒီအခြေအနေကို ဘယ်လိုကုသသင့်သလဲ။

သွားကြိတ်တာ သက်သာပျောက်ကင်းစေဖို့အောက်ဖော်ပြပါ လွယ်ကူတဲ့နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

• စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။ သီချင်းနားထောင်ပါ။ ရေနွေးစိမ်ပါ ဒါမှမဟုတ် အားကစားလုပ်ပါ။ ဒါတွေက သင့်ရဲ့စိတ်နဲ့ခန္ဓါကို ပြေလျော့စေတဲ့အပြင် သွားကြိတ်တာကိုလည်း လျော့နည်းသွားစေပါလိမ့်မယ်။

• ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေကို ညစာစားပြီးရင် မသောက်သင့်တဲ့အပြင် အရက်နဲ့ဆေးလိပ်ကိုလည်း ညနေပိုင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာတွေအားလုံးက သွားကြိတ်တာကို ပိုဆိုးစေလို့ပဲ ဖြစ်ပါတယ်။

• အိပ်ရေးဝဝအိပ်ပါ။ အိပ်ဆေးသောက်တာ အပါအဝင် ညဖက်ကောင်းကောင်းအိပ်ပျော်ဖို့ ကုသမှုတွေကိုခံယူပါ။ ဒါကလည်း သွားကြိတ်တာကို သက်သာစေတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

• သင်နဲ့အတူတူ အိပ်တဲ့သူကို အကူအညီတောင်းပါ။ တကယ်လို့သင်နဲ့အတူတူအိပ်တဲ့သူရှိတယ်ဆိုရင် သင်အိပ်ပျော်နေတုန်း သွားကြိတ်ရင် သတိထားပြီးမှတ်သားထားပေးဖို့ အကူအညီတောင်းပါ။ ဒါမှဆရာဝန်ကို အသေအချာ ပြန်ပြောနိုင်မှာပဲ ဖြစ်ပါတယ်။

• သွားဆရာဝန်နဲ့မှန်မှန်ပြပါ။ ဒါဟာ သွားကြိတ်တာကိုသိရှိနိုင်ဖို့အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ သွားဆရာဝန်နဲ့မှန်မှန်ပြမယ်ဆိုရင် သင့်ဆရာဝန်အနေနဲ့သင့်ပါးစပ်ထဲ ဒါမှမဟုတ် မေးရိုးမှာသွားကြိတ်ထားတာရဲ့ လက္ခဏာတွေကို စောစောစီးစီးတွေ့ရှိပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement