backup og meta

သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု

    ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ သွားတွေကြံ့ခိုင်စေဖို့ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် သင့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ဥပမာ -အစားအစာတွေက သွားပိုးစားခြင်းနဲ့တခြား သွားဖုံးရောဂါတွေဖြစ်စေတတ်လို့ တစ်နေ့ကိုသွားနှစ်ကြိမ်တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်ပုံ နည်းလမ်းမမှန်ရင်ကောင်းကျိုးထက် ဆိုးကျိုးတောင်ပိုများစေနိုင်ပါတယ်။နေ့စဉ် လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ကြည့်ရအောင်။

    (၁) လက်သည်းကိုက်ခြင်း

    တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်းကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်နိုင်ပေမယ့် တကယ်တမ်းသင်မသိတာက သွားကို ထိခိုက်စေတယ်ဆိုတဲ့အချက်ပါပဲ။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက်မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။

    လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

    (၂) ပုလင်းအဖုံးတွေ၊ မုန့်ထုတ်တွေကိုသွားနဲ့ကိုက်ဖွင့်ခြင်း

    အာလူးကြော်စားမယ်ဆိုပါစို့။ မီးဖိုခန်းထဲဝင်ပြီး ကတ်ကြေးသွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလိုကိုက်ဖွင့်လိုက်တဲ့အချိန်မှာ သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ်ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင်ပိုဆိုးပါတယ်။ ဒီတော့ နည်းနည်းလေးအားထုတ်ပြီး ကတ်ကြေးသို့မဟုတ် ကိရိယာတစ်ခုခုသုံးမလား၊ တစ်သက်တာအတွက် အရေးကြီးတဲ့သွားကို အပျက်စီးခံမလား ဆိုတာ သင့်အပေါ်မူတည်ပါတယ်။

    (၃) ရေခဲတုံး ဝါးစားခြင်း

    ရေခဲတုံးတွေကအေးစိမ့်ပြီးမာကျောပါတယ်။ရေခဲတုံးဝါးစားခြင်းက သွားကိုကျိုးအက်မှုဖြစ်စေနိုင်ပြီး အကာအကွယ်ဖြစ်တဲ့ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ချက်ချင်းမဟုတ်ရင်တောင်မှနောက်ပိုင်းမှာကြွေလွှာနဲ့ပတ်သက်တဲ့ပြဿနာတွေပိုဖြစ်လာနိုင်ပါတယ်။

    ဒီအကျင့်ကိုဖျောက်ဖို့အတွက်တော့ရေခဲတုံးစားမယ့်အစားရေခဲရေပဲသောက်ဖို့ရွေးချယ်နိုင်ပါတယ်။ရေခဲတုံးကိုက်တတ်တဲ့အကျင့် ကိုဖျောက်ဖို့ခက်မယ်ဆိုရင်တော့ အအေးသောက်တဲ့အခါရေခဲတုံးမထည့်ဖို့ ဆိုင်ကိုပြောပါ။

    (၄) သွားတိုက်ကြမ်းခြင်း

    သွားပိုးစားခြင်းနဲ့ခံတွင်းနံ့ဆိုးခြင်းတို့အတွက် တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် တိုက်ပုံတိုက်နည်းမှန်ကန်မှဖြစ်မှာပါ။ သွားဆိုတာ တိုက်လေဖြူလေပဲလို့ ထင်နေရင်မှားပါတယ်။ သွားအရမ်းတိုက်လွန်းရင်ကြွေလွှာတွေပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကိုထိခိုက်လွယ်စေပါတယ်။

    သွားတိုက်တဲ့အခါ သွားပွတ်တံပျော့ပျော့နဲ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။

    (၅) ခဲတံ၊ ဘောပင်တွေကို ကိုက်ခြင်း

    ကျောင်းနေအရွယ်တုန်းက ပျင်းလာရင် အတော်များများက ခဲတံ သို့မဟုတ်ဘောပင်အဖုံးကို ကိုက်တတ်တဲ့အကျင့်ရှိကြပါတယ်။ ဒီအကျင့်က အသက်ကြီးလာတာတောင် မပျောက်ဘဲ ဆက်လုပ်နေကြတုန်းပါပဲ။ ဒီလိုကိုက်နေတာမျိုးက သွားတွေကို အနေအထားပျက်ယွင်းစေနိုင်ပြီး အသေးစားထိခိုက်ပွန်းပဲ့မှုတွေလည်းဖြစ်စေနိုင်ပါတယ်။

    ဒါ့ကြောင့်သင့်ကလေးက ဒါမှမဟုတ် တစ်ယောက်ယောက်က စားစရာမဟုတ်ဘဲ ခဲတံကိုက်နေတာတွေ့ရင် ချက်ချင်းတားပါ။ စိတ်ပူပန်မှု၊ ဖိစီးမှုကြောင့် ဒီအကျင့်ကိုလုပ်မိတာဆိုရင်နောက်မလုပ်မိစေဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းကိစ္စတွေကို အရင်ဖြေရှင်းပါ။

    (၆) အံကြိတ်ခြင်း/ သွားကြိတ်ခြင်း

    လူတချို့ကဒေါသထွက်လာတဲ့အခါ အံကြိတ်တတ်ကြပြီး တချို့ကတော့လေးလံတဲ့အရာဝတ္ထုတွေကို မ တဲ့အခါ အံကြိတ်တတ်ပါတယ်။ အံကြိတ်တဲ့အခါ သွားကို ဖိအားဖြစ်စေပြီး ကြာလာရင် ကျိုးအက်မှုဖြစ်လာနိုင်စေတဲ့ ပွန်းပဲ့တာတွေဖြစ်စေတဲ့အတွက် ဒီအကျင့်ကိုဖျောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်နေချိန်မှာ သွားမကြိတ်ဖို့တော့ သွားတွေကြားမှာ mouth guard တစ်ခုခု ကြားခံထားရှိပေးရင်ကောင်းပါတယ်။

    (၇) တစ်နေ့တာလိုအပ်တဲ့ရေကို အလုံအလောက်မသောက်ခြင်း

    တစ်နေ့တာလုံးမှာရေအလုံအလောက်မသောက်ဘူးဆိုရင် ခန္ဓါကိုယ်ကရေဓါတ်ခန်းခြောက်လာနိုင်ပါတယ်။ရေဓါတ်ခန်းခြောက်ပြီ ဆိုရင် ခံတွင်းမှာ တံတွေးအထွက်နည်းစေပြီး အာခေါင်ခြောက်စေနိုင်ပါတယ်။ တံတွေးက အစားအစာနဲ့သောက်စရာတွေထဲက အက်စစ်တွေကိုပျော်ဝင်စေဖို့လုပ်ဆောင်ပေးတာကြောင့် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်ရေသောက်နည်းရင် တံတွေးနည်းမယ်၊ တံတွေးနည်းရင် သွားပိုးစားဖို့ အလားအလာပိုများမယ်။

    ဒီတော့ သွားကို ထိခိုက်မှုနည်းစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက်သောက်ဖို့မမေ့ပါနဲ့။

    (၈) အက်စစ်ဓါတ်များလွန်းတဲ့အစားအစာတွေစားခြင်း (ဥပမာ – ရှောက်ချိုသီး)

    ငယ်ငယ်တုန်းကတော့ လိမ္မော်သီး၊ရှောက်ချိုသီးစားရင် သွားနဲ့အခွံခွာတတ်ကြပါတယ်။ မိဘတွေကတော့ သွားပျက်စီးလိမ့်မယ် မလုပ်ရဘူးလို့ တားကြပါတယ်။

    မှန်ပါတယ်။ အက်စစ်ဓါတ်များတဲ့အစားအစာတွေ စားလွန်းရင် သွားကြွေလွှာပျက်စီးစေပါတယ်။ကြွေလွှာပျက်စီးရင် သွားပိုးစားစေတယ်၊ သွားကျဉ်ခြင်းနဲ့တခြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်က အက်စစ်ဓါတ်များတဲ့အစားအစာတွေ စားပြီး အနည်းဆုံး နာရီဝက်လောက်ကြာတဲ့အထိ သွားမတိုက်ဖို့ သတိထားပါ။

    (၉) ပါးစပ်နဲ့အစား မပြတ်ခြင်း

    တစ်နေ့တာမှာ သရေစာမုန့်တွေ အဆက်မပြတ်စားနေတာထက် ထမင်းသုံးနပ်အဝစားလိုက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ မုန့်တွေလျော့စားပြီး ကျန်းမာရေးနဲ့ညီတဲ့အစာအာဟာရကိုရွေးချယ်ဖို့ကြိုးစားကြည့်ပါ။ အချိုရည်တွေကို တတ်နိုင်သလောက်လျှော့သောက်ပါ။ ခံတွင်းထဲက အစားအသောက်အကြွင်းအကျန်တွေဆီကနေ မကောင်းတဲ့ဘက်တီးရီးယားတွေဖြစ်လာစေနိုင်ပါတယ်

    (၁၀) ဆိုဒါ၊ အားဖြည့်အချိုရည်နဲ့ အရက်၊ဘီယာသောက်သုံးခြင်း

    ဆိုဒါနဲ့အားဖြည့်အချိုရည်တွေမှာပါတဲ့ အက်စစ်ဓါတ်ဖြစ်စေတဲ့ pH level နဲ့ သကြားပါဝင်မှုမြင့်မားခြင်းတွေကြောင့်ကြွေလွှာပျက်စီးခြင်း၊ သွားပိုးစားခြင်း၊ သွားကျဉ်ခြင်း၊နဲ့ တခြားခံတွင်းပြဿနာတွေဖြစ်စေနိုင်ပါတယ်။

    ဒါ့အပြင် အရက်၊ဘီယာတွေကလည်းကြွှေလွှာပျက်စီးစေပြီး တံတွေးထွက်ရှိမှုလျော့နည်းစေတာကြောင့် မကြာခဏအာခေါင်ခြောက်စေပါတယ်။ ခံတွင်းခြောက်သွေ့မှုဟာ သွားပိုးစားနိုင်တဲ့အန္တရာယ်ပိုများပြီး အနံ့ဆိုးနဲ့ ဘက်တီးရီးယားဖြစ်ပေါ်နိုင်ခြေများပါတယ်။

    (၁၁) သွားကြားထိုးတံ တလွဲအသုံးပြုခြင်း

    သွားကြားထိုးတံတွေကို သွားကြားကအညစ်အကြေးတွေကိုဖယ်ရှားဖို့အတွက်ပဲ အသုံးပြုကြတာဖြစ်ပါတယ်။ သွားပေါ်မှာရှိနေတဲ့ သွားချေးတွေ၊ကွမ်းချိုးတွေကို ခွာချဖို့သုံးမယ်ဆိုရင် သွားကြွေလွှာတွေထိခိုက်ပြီး သွားမှာပွန်းပဲ့စေနိုင်ပါတယ်။

    သွားပဲ့ထားတဲ့နေရာတွေကြားကို သွားကြားထိုးတံနဲ့ ထိုးကလော်တာမျိုးကလည်းပြဿနာရှိပါတယ်။ ခဏခဏလုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့်သွားကြားထိုးတံကို အသုံးပြုတဲ့နေရာမှန်ကန်ဖို့ ဂရုစိုက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement