backup og meta

သင့်သွားများကို ပျက်စီးစေသော အမူအကျင့်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandar Lin မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သွားများကို ပျက်စီးစေသော အမူအကျင့်များ

    သင်သည် သင့်သွားများကို ဂရုမစိုက်ဘဲ နေ့စဉ် စားသောက်နေထိုင်ကာ၊ အားကစားများ ပြုလုပ်လျက်ရှိသည်။ ထိုအန္တရာယ်ကင်းသော နေ့စဉ်လှုပ်ရှားမှုများသည် သင့်သွားများကို ဖျက်ဆီးနေမှန်းသိလျှင် သင်အလွန် အံ့သြသွားပေလိမ့်မည်။ သင့်သွားများကို ဖျက်ဆီးနေသော အမူအကျင့် ၁၀ ချက်ကို ဤဆောင်းပါးမှ တစ်ဆင့် ဖော်ပြလိုက်ပါသည်။

    ဒီအမူအကျင့်တွေကြောင့် သွားနဲ့ခံတွင်းကို ထိခိုက်စေနိုင်ပါတယ်

    ၁။ ရေခဲဝါးခြင်း

    ရေခဲဝါးခြင်းသည် စိတ်ဝင်စားစရာကောင်းပြီး လူအများနှစ်သက်ကြသည်။ သို့သော် အကယ်၍ သင်သည် မာကျော၊အေးခဲနေသော ရေခဲတုံးများကို ဝါးစားတတ်သည့် အကျင့်ကို ဆက်လက်ပြုလုပ်နေလျှင် သင့်သွားများအတွက အန္တရာယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲဝါးခြင်းသည် သင့်သွားအပေါ်လွှာကို တဖြည်းဖြည်း ကွဲအက်စေပြီး သွားအတွင်းပိုင်းကို ထိခိုက်စေကာ သွားကိုက်ခြင်းကို ဖြစ်ပွားစေပါသည်။

    ၂။ အားကစားပြုလုပ်ရာတွင် သွားစွပ်အသုံးမပြုခြင်း

    သင်ကိုယ်ထိလက်ရောက် အားကစားများ ပြုလုပ်သည့်အခါတိုင်း သွားစွပ်တတ်ဖို့ မမေ့ပါနဲ့။ အဘယ်ကြောင့်ဆိုသော် အားကစားလေ့ကျင့်မှု ပြင်းထန်လာစဉ် သင့်သွားများ မထိခိုက်အောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သောကြောင့် ဖြစ်သည်။ သွားစွပ်တတ်ထားလျှင် သင်သွားများ ထိခိုက်ပျက်စီးမည်ကို စိတ်ပူစရာမလိုပါ။

    ၃။ ညအိပ်ချိန် နို့ဘူးစို့ခြင်း

    မိဘများသည် ကလေးငယ်များကို ညအိပ်ချိန်တွင် နို့ဘူး (သို့) အသီးဖျော်ရည်များကို ပေးထားတတ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် ကလေးများကို ညဖက်အိပ်ပျော်ရန် နို့ဘူးပေါ်တွင် မှီခိုသွားစေတတ်သည်။ တစ်ညလုံး ပါးစပ်ထဲထည့်ထားသော အချိုရည်ထဲရှိသကြားသည် ကလေး၏ သွားများကို ပျက်စီးစေသည်။

    ၄။ ပါးစပ်တွင် အပေါက်ဖောက်ခြင်း

    ပါးစပ် (နှုတ်ခမ်း နှင့် လျှာ) တွင် အပေါက်ဖောက်ခြင်း သည် ခပ်မိုက်မိုက်စတိုင်ကျသည့် ပုံပေါက်စေပါသည်။ သို့သော် သတ္တုစများကို ကိုက်မိခြင်းသည် ပါးစပ်အတွက် အန္တရာယ်ရှိသည်။ သွား၊ သွားဖုံးနှင့် သတ္တု ပွတ်တိုက်မိခြင်းသည် သွားဖုံးပျက်စီးမှုနှင့် သွားဆုံးရှုံးမှုကို ဖြစ်စေသည်။ ထို့ပြင် သင်ပါးစပ်ထဲတွင် ဘက်တီးရီးယားများ သန်းနဲ့ ချီပြီး ရှိပါသည်။ ပါးစပ်အပေါက်ဖောက်ခြင်းသည် ရောဂါပိုးဝင်ပြီး ရောင်ရမ်းစေပါသည်။

    ၅။ သွားကြိတ်ခြင်း

    သွားကြိတ်ခြင်းသည် အိပ်နေစဉ် သတိမပြုမိဘဲ မကြာခဏဆိုသလို ဖြစ်တတ်သည်။ ထိုထိန်းချုပ်မရသော အပြုအမှုသည် သင့်သွားကို တစ်ရက်ပြီးတစ်ရက် ထိခိုက်ပျက်စီးစေသည်။ သင်သည် နေ့ခင်းပိုင်းတွင် အစာအမာများကို ရှောင်ကြဉ်ခြင်း ၊ ညဖက်တွင် အံစွပ်တပ်ထားခြင်းဖြင့် သွားကြိတ်ခြင်း၏ ဆိုးကျိုးကို လျော့ချနိုင်သည်။

    ၆။ ချောင်းဆိုးပျောက် ငုံဆေးပြား

    သင်သည် ချောင်းဆိုးပျောက် ငုံဆေးြပါးများ၏ ကောင်းကျိုးများကို မငြင်းနိုင်ပါ။ သို့သော် ထိုဆေးများထဲတွင် ပါဝင်သော သကြားပမာဏ ဘယ်လောက်များသလဲဆိုတာကို စဉ်းစားကြည့်ပါ။ ထိုသကြားများသည် သင့်သွားကြွှေလွှာပျက်စီးမှု အန္တရာယ်များစေသည်။ သင်သည် ချောင်းဆိုးပျောက် ငုံဆေးပြားသုံးပြီးနောက် သင့်သွားကို ဂရုတစိုက် တိုက်ဖို့ မမေ့ပါနဲ့။

    ၇။ ဂျယ်လီသကြားလုံး

    ဂျယ်လီသကြားလုံးများသည် အခြားသကြားလုံးများထက် သွားကို အန္တရာယ်ပိုပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျယ်လီသကြားလုံးသည် စေးကပ်ပြီး အချို့အပိုင်းအစများသည် သွားကြားတွင် ကပ်ကျန်နေတတ်ကာ ထိုသကြားအချိုများနှင့် အက်ဆစ်များသည် သွားကြွေလွှာနှင့် နာရီပေါင်းများစွာ ထိတွေ့စေသည်။

    ၈။ သကြားပါသော အချိုရည်များ

    ဆိုဒါ၊ သစ်သီးဖျော်ရည်၊ အချိုရည်များသည် အာလုံးသကြားပါသော အရည်များဖြစ်သည်။ ၎င်းတို့သည် သင့်သွားကြွေလွှာများကို အက်ဆစ် စားခြင်းဖြစ်စေသည်။ ထိုအချိုရည်များကို မကြာခဏသောက်ပြီး သွားမတိုက်ပါက သင့်သွားများကို အန္တရာယ်ဖြစ်စေသည်။ သွားပျက်စီးခြင်းကင်းဝေးစေရန် သင်သည် အချိုရည်အစား ရေကိုသာ သောက်သုံးသင့်ပါသည်။

    ၉။ သရေစာမုန့်များ

    သရေစာနှင့် ပတ်သက်လျှင် ကစီဓါတ်ပါသော အစားအစာများကို လူအများအလွန်နှစ်ခြိုက်ကြသည်။ သို့သော် ခံတွင်းရှိ ဘက်တီးရီးယားများသည် သွားကြားညှပ်ကျန်နေသော အစာအပိုင်းအစများကို အက်ဆစ်အဖြစ် ဖြိုခွဲသည်။ ထိုအက်ဆစ်သည် သင့်သွားများကို ပျက်စီးစေသည်။ အကောင်းဆုံး အကြံဉာဏ်ကတော့ သရေစာများ စားခြင်းကို ရှောင်ကြဉ်ခြင်း (သို့) သကြားနှင့် ကစီဓါတ်နည်းသော သရေစာများကိုသာ စားခြင်း ဖြစ်ပါသည်။

    ၁၀။ ကော်ဖီသောက်ခြင်း

    အချိန်အကြာကြီး ကော်ဖီအလွန်သောက်ခြင်းသည် သင့်သွားတွင် အရောင်များထင်ကျန်စေသည်။ ထို့ကြောင့် အကယ်၍ သင်ကော်ဖီစွဲနေလျှင် သတိထားပါ။ သင့်သွားများ ဖြူဖွေးတောက်ပစေရန် သွားဖြူနည်းများကို စမ်းသပ်ကြည့်နိုင်ပါသည်။

    ၁၁ ။ ဆေးလိပ်သောက်ခြင်း

    စီးကရက်နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်များသည် ခံတွင်းနံ့ဆိုးခြင်း၊ သွားမည်းခြင်း နှင့် သွားဆုံးရှုံးခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်သည်။ ပိုဆိုးသည်က ဆေးလိပ်သောက်ခြင်းသည် ပါးစပ်၊ နှုတ်ခမ်း နှင့် လျှာ ကင်ဆာများကို ဖြစ်စေပါသည်။ ဆေးလိပ်ဖြတ်ဖို့ နှင့်သင့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ သင်သည် ဆေးလိပ်အစားထိုး နီကိုတင်း ပီကေ ကဲ့သို့သော နည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါသည်။

    ၁၂။ ဝိုင်

    ဝိုင် (အဖြူ (သို့) အနီ) သည် သင့်သွားကို အမြဲထိခိုက်စေသည်။ အဘယ်ကြောင့်ဆိုသော် ဝိုင်တွင်ပါဝင်သော အက်ဆစ်သည် သင့်သွားကြွေလွှာကို အားနည်းစေပြီး သွားဂျိုးများထစေကာ သွားအရောင်ဆိုးလွယ်စေသည်။ ဝိုင်သောက်ပြီးနောက်တွင် ပလုပ်ကျင်းခြင်း (သို့) သွားတိုက်ခြင်း ပုံမှန်ပြုလုပ်ပါက ပိုစိတ်ချရပါသည်။

    ၁၃။ ပစ္စည်းအဖုံးများကို သွားနှင့် ကိုက်ဖွင့်ခြင်း မပြုလုပ်ပါနဲ့။

    လူအများသည် ပုလင်း အဖုံး (သို့) ပလပ်စတစ်အိတ်များကို သွားနှင့် ကိုက်ဖွင့်ဖောက်တတ်ကြသည်။ သို့သော် သင့်သွားသည် အစာစားဖို့တစ်ခုတည်းအတွက် ဖြစ်တယ်ဆိုတာကို သိသင့်သည်။ ထိုအကျင့်ဆိုးသည် သင့်သွားများကို နည်းနည်းချင်း ကွဲအက်၊ ပဲ့ထွက်စေသည်။ ထိုအစား သင့်သွားတွေကို ကာကွယ်ဖို့ ကတ်ကြေး (သို့) ပုလင်းအဖုံးဖွင့်သောပစ္စည်းကို သုံးရန် သတိရပါ။

    ၁၄။ အစားကျူးခြင်း

    အစားကျူးခြင်းသည် အစာစားခြင်းဆိုင်ရာ မူမမှန် ပြဿနာတစ်ရပ်ဖြစ်သည်။ ဤပြဿနာရှိသောသူသည် ဗိုက်မဆာလျှင်တောင် အစာအများအပြားကို အချိန်တိုအတွင်း စားတတ်သည်။ ထိုအမူအကျင့်သည် သွားကျန်းမာရေးကို ထိခိုက်စေသည်။ အဘယ်ကြောင့်ဆိုသော် အချိုတွင် ပါသော သကြားနှင့် အန်ဖတ်တွင် ပါသော အက်ဆစ်ပြင်းများသည် သွားများကို ထိခိုက်စေပါသည်။ ထိုသို့ဖြစ်လျှင် သင်သည် ခံတွင်းနံ့ဆိုးခြင်း နှင့် သွားပျက်စီးခြင်းတို့ကို ခံစားရလိမ့်မည်။ ထိုအမူအကျင့်ဆိုး၏ ဆိုးကျိုးများ သက်သာစေရန် အကြံဉာဏ်နှင့် ကုသမှုနည်းလမ်းကို သင့်ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းပါ။

    ၁၅။ ခဲတံကိုက်ခြင်း

    ကျောင်းစာ (သို့) အလုပ်အပေါ်တွင် အာရုံစိုက်နေစဉ် ခဲတံကိုက်တတ်သော အကျင့်ကို မပြုလုပ်ပါနဲ့။ လူအများသည် ထိုအကျင့်ဆိုး ရှိတတ်သည်။ ထိုအမူအကျင့်သည် အန္တရာယ်ကင်း ပုံပေါက်သော်လည်း စင်စစ်တွင် အချိန်အကြာကြီး ဆက်လက်ပြုလုပ်လျှင် သွားများကို ထိခိုက်စေနိုင်ပါသည်။ ထိုအခြေအနေတွင် သကြားမပါသော ပီကေ အစားထိုး အသုံးပြုခြင်းက နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

    မသင့်တော်သော အကျင့်ဆိုးများသည် သင့် အပြုံး နှင့် ခံတွင်း ကျန်းမာရေးကို တစ်ရက်ပြီးတစ်ရက် လှိုက်စားသွားလိမ့်မည်။ ထိုမကောင်းသော အကျင့်များကို ရပ်တန့်ခြင်း၊ ရှောင်ကြဉ်ခြင်းအားဖြင့် ပျက်စီးမှုများကို ကာကွယ်နိုင်သည်။ ထို့ပြင် သင့်ခံတွင်းကျန်းမာရေး စစ်ဆေးဖို့နှင့် သန့်ရှင်းရေးအတွက် သင့်သွားဆရာဝန် နဲ့ သုံးလ တစ်ကြိမ် ပုံမှန် ပြသပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Sandar Lin မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement