backup og meta

သင့်သွားတွေကို သေချာထိန်းသိမ်းပါ၊ ဒီသွားတွေက နောက်တစ်ကြိမ်အခွင့်အရေး ပြန်မရနိုင်ပါဘူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သွားတွေကို သေချာထိန်းသိမ်းပါ၊ ဒီသွားတွေက နောက်တစ်ကြိမ်အခွင့်အရေး ပြန်မရနိုင်ပါဘူး

    အပြုံးတစ်ပွင့်ကို လူတိုင်းနှစ်သက်ကြပါတယ်။ အပြုံးဟာ ချစ်ခင်ရင်းနှီးမှုရဲ့သင်္ကေတဖြစ်ပါတယ်။ ကျွန်တော်တို့ ပြုံးပြလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုသာမက သွားတွေကိုပါလှစ်ဟဖော်ပြလိုက်ပါတယ်။ သွားလေးတွေ ဖြူစင်ဝင်းပနေမယ်ဆိုရင် သင့်အပြုံးကပိုလို့တောင် လှသွားမှာဖြစ်တာမို့ ဒီဆောင်းပါးမှာ သင့်ရဲ့သွားတွေကိုထိန်းသိမ်းဖို့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

    သွားတွေရှိနေတုန်းတော့ သွားတွေရဲ့တန်ဖိုးကို သိပ်မသိကြပါဘူး။ သွားမရှိတော့မှာ စားချင်တိုင်းစားမရတဲ့အခါ စိတ်ညစ်စရာတွေ ဖြစ်လာတာကိုခံစားကြရတာပါ။ သွားတွေမရှိတော့တဲ့အထိ မတွေးနဲ့ဦး သွားကိုက်တဲ့အခါ သွားနာတဲ့အခါမှာဆိုရင်တောင် ဘယ်လောက်နေရခက်လိုက်လဲ။ ဒီတော့ အစားပြန်မရတော့တဲ့အနေအထားမျိုးဆိုရင် ဘယ်လိုပြောရမလဲ။ ပြောဖွယ်ရာမရှိနော်။ ဒီတော့ အစားပြန်မရနိုင်တဲ့သွားလေးတွေကို သေချာဂရုစိုက်ပေးပါ။ အချို့အခွင့်အရေးခံစားခွင့်တွေက နှစ်ကြိမ်ပြန်မရနိုင်ပါဘူး။

    အစားပြန်မရနိုင်တဲ့ သွားကို ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပေးပါနော်

    တစ်နေ့ နှစ်ခါသွားတိုက်ပါ။

    သွားခဏခဏတိုက်လေ ပါးစပ်ကပိုပြီးသန့်ရှင်းလေလို့ လူအများစုက ယူဆထားကြပါတယ်။ ဒါဟာမှားပါတယ်။ တော်တော်ကြီးကို မှားတာပါ။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဟာ အသင့်တော်ဆုံးပဲလို့ သိပ္ပံပညာရှင်တွေက သက်သေပြထားပြီးဖြစ်ပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့သွားပွတ်တံကိုအသုံးပြုပြီး သွားတိုက်ပါ။ သွားတိုက်တဲ့အခါမှာလည်း လက်ကို စက်ဝိုင်းပုံစံလှုပ်ရှားပြီး တိုက်ပါ။ ရှေ့သွားတွေကနေ စတိုက်ပြီး တဖြည်းဖြည်းနဲ့ဘေးဖက်ကို တိုက်သွားပါ။ ပြီးရင် အရှေ့ကို ပြန်လာပါ။ ဒါမျိုးကို နှစ်ကြိမ်သုံးကြိမ်လောက်လုပ်ပေးပါ။

    တချို့ဘက်တီးရီးယားတွေက လျှာပေါ်မှာရှိနေပြီး အနံ့ဆိုးတွေကို ဖြစ်စေနိုင်တဲ့အတွက် လျှာကိုလည်း အသာအယာပွတ်တိုက်ဖို့မမေ့ပါနဲ့ဦး။ သွားပွတ်တံရဲ့အမွှေးလေးတွေက သွားကြားထဲသေချာမရောက်နိုင်တဲ့အတွက် ကြိုးလေးတွေကိုသုံးပြီး သွားကြားက စားကြွင်းစားကျန်တွေကို ရှင်းလင်းပေးပါ။

    ငယ်စဉ်အရွယ်ကတည်းက လေ့ကျင့်ပေးပါ။

    မိဘတွေအနေနဲ့သားသမီးတွေငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေသင်ကြားပေးထားဖို့အရမ်းပဲအရေးကြီးပါတယ်။ အသက်ကြီးမှသင်တာထက် ကလေးဘဝကတည်းက အလေ့အကျင့်ကောင်းတွေပျိုးထောင်ပေးရတာ ပိုလည်းလွယ်ကူပါတယ်။ ကြိုးအသုံးပြုပြီး သွားကြားသန့်ရှင်းတာနဲ့ သွားတိုက်တာကို တစ်နေ့နှစ်ခါလုပ်ဖို့သင်ပေးထားပါ။ တကယ်လို့ သူတို့ကမလုပ်ချင်ဘူး ဒါမှမဟုတ် တစ်ယောက်တည်း သွားမတိုက်ချင်ဘူးလို့ဂျီကျမယ်ဆိုရင် မဆူပါနဲ့။ ဖြည်းဖြည်းချင်း နားလည်အောင်ပြောပါ။ တစ်မိသားစုလုံးအတူတကွ သွားတိုက်တဲ့အချိန်မျိုးကို ဖန်တီးပေးပါ။ ဒါမျိုးလုပ်တာဟာ လူကြီးတွေအနေနဲ့အူကြောင်ကြောင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ကလေးတွေအတွက်တော့ ဒါဟာပျော်စရာ၊ စိတ်လှုပ်ရှားစရာ ကစားနည်းအသစ်အဆန်းတစ်မျိုးဖြစ်နေမှာ အသေအချာပါပဲ။

    သွားဆရာဝန်နဲ့ မှန်မှန်ပြပါ။

    လူအများစုဟာ သွားပုံမှန်စစ်ဆေးတာကို အလကားအချိန်ကုန်တာလို့ယူဆကြပါတယ်။ လျှော့တွက်ကြပါတယ်။ ဒါပေမယ့် သွားဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှု ပြုလုပ်သူတွေဟာ သွား ဒါမှမဟုတ် ခံတွင်းနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ခဲတယ်ဆိုတာ တွေ့ရှိရပါတယ်။ သွားနဲ့ခံတွင်းရောဂါ အတော်များများဟာ ကနဦးမှာ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိကြပါဘူး။ ဒါကြောင့် သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သွားနဲ့ခံတွင်းသန့်ရှင်းရေး လုပ်ပေးခြင်းအားဖြင့် တခုခုဖြစ်ရင်လည်း စောစီးစွာသိရမှာဖြစ်ပြီး သွားပိုးပေါက်တွေရန်ကနေလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုပဲ စားတတ်အောင်လေ့ကျင့်ပါ။

    သွားပိုးပေါက်တွေ၊ သွားပိုးစားတာ၊ ပျက်စီးတာတွေရဲ့ အဓိကလက်သည်က အချိုဖြစ်ပါတယ်။ တခြားလူတွေ အမှုမဲ့အမှတ်မဲ့နေတတ်ကြတဲ့အစားအသောက်ဆိုင်ရာ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ သကြားနဲ့ အချိုဓာတ်တွေ၊ ကစီဓာတ်များတဲ့အစားအစာတွေ (ဥပမာ-ဆန်ချော၊ ပေါင်မုန့်စသဖြင့်) စတာတွေ စားသုံးမှုကိုလျှော့ချသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအစားအစာတွေဟာ သွားပျက်စီးစေတဲ့ အဓိကလောင်စာတွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

    ရေများများသောက်ပါ

    ရေကခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဖြစ်ပြီး ခေါင်းအစ ခြေအဆုံးကျန်းမာရေးအတွက် အရေးပါတဲ့အရာတစ်ခုပါ။ ဒါကြောင့် သွားလေးတွေ ကြံ့ခိုင်ကျန်းမာဖို့အတွက်ရေသောက်ပေးဖို့လိုတယ်ဆိုတာက အရမ်းဆန်းတာတော့မဟုတ်ပါဘူး။ ရေများများသောက်လေလေ ခံတွင်းထဲမှ ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်နိုင်ခြေနည်းလေဖြစ်တာကြောင့် သွားတွေကျန်းမာကြံ့ခိုင်လေလေပါ။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေ ၈ ခွက်သောက်သုံးပေးပါ။

    သွားအနေအထားနဲ့ကိုက်ညီမယ့် သွားပွတ်တံရွေးချယ်ပါ။

    သွားပွတ်တံက တိုက်လို့ရပြီးရော ဝယ်လို့မဖြစ်ပါဘူး။ ကိုယ့်သွားအနေအထားနဲ့ကိုက်ညီအောင် သေချာရွေးချယ်ဝယ်ယူဖို့လိုပါမယ်။ ခံတွင်းနေရာအနှံ့ကို ရောက်ရှိစေနိုင်မယ့် သွားတိုက်တံခပ်သေးသေးက အဆင်အပြေဆုံးပါ။ ခံတွင်းတစ်ခုလုံးကိုမရောက်ရှိနိုင်တဲ့ သွားပွတ်တံကို မရွေးပါနဲ့။ သွားပွတ်တံရဲ့ အရွယ်အစားက တစ်လက်မ နဲ့ လက်မဝက်ခန့်က အဆင်အပြေဆုံးပါ။

    ပီကေဝါးပါ။

    အစာစားပြီးတဲ့အခါ ပါးစပ်ထဲမှာ ဖြစ်ပေါ်လာတဲ့ pH ပမာဏဟာ ဘက်တီးရီးယားပိုးမွှားတွေကို ပေါက်ပွားစေနိုင်ပါတယ်။ အချိုဓာတ်မပါဝင်တဲ့ ပီကေအများစုမှာပါဝင်တဲ့ sorbital ဒါမှမဟုတ် xylitol တို့ဟာ အဆိုပါ pH ပမာဏကို ဓာတ်ပြယ်စေတာမို့ ဘက်တီးရီးယားပေါက်ပွားနှုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ တချို့ကြော်ငြာတွေမှာ ပီကေဟာ သွားပိုးပေါက်တွေကို တိုက်ဖျက်ပစ်နိုင်တဲ့စစ်သားတွေလို့ကြော်ငြာလေ့ရှိပါတယ် ။ ဒါဟာရာနှုန်းပြည့် မမှန်ကန်ပါဘူး။ ပီကေဝါးခြင်းဟာ ပါးစပ်ထဲတံတွေးထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်ပြီး တံတွေးဟာ သွားတွေကို ပြန်လည်ကြံ့ခိုင်စေကာ ကျန်းမာသန်စွမ်းစေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement