backup og meta

ခံတွင်းကျန်းမာရေး အတွက် သိသင့်သော အချက် ၁၀ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းကျန်းမာရေး အတွက် သိသင့်သော အချက် ၁၀ ချက်

    ခံတွင်းသန့်ရှင်းမှုသည် လူတစ်ယောက်တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိမရှိကို ထင်ထင်သာသာဖော်ပြတဲ့ နေရာဖြစ်တယ်။ သန့်ရှင်းတဲ့ ခံတွင်းတစ်ခုရဖို့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ရုံနဲ့ သန့်ရှင်းကျန်းမာသော ခံတွင်း တစ်ခုရနိုင်မည်ဟု အာမ မခံ။ စကားပြောလိုက်တိုင်း သွားလေးတွေဖြူစင်ပြီး ခံတွင်းနံ့ လေးမွှေးမွှေးနှင့် ဆွဲဆောင်မှုရှိချင်သည်မှာ လူတိုင်းဖြစ်သည်။ မမွှေးရင်တောင် ခံတွင်းဆိုးခြင်းကိုတော့ မလိုချင်ကြပေ။ ဒါ့ကြောင့် ပြုံးလိုက်တိုင်းဖွေး ပြောလိုက်တိုင်းမွှေးနေမည့် ခံတွင်းတစ်ခုပိုင်ဆိုင်ဖို့ ဘယ်လိုအချက်တွေကို လိုက်နာရမလဲ။

    ၁ ။ သွားတိုက်တိုင်းမှန်ကန်တဲ့ သွားတိုက်နည်းနဲ့ တိုက်သင့်တယ်။

    သွားတိုက်ရာတွင် တိုက်တယ်ဆိုရုံ အဖြစ်လောက် သွားတိုက်ရင် သွားကြားထဲ ကျန်နေတဲ့ အစာတွေ မထွက်တဲ့ အပြင် ပိုတောင် ညပ်နေနိုင်သေးတယ်နော်။ ကြာလာတော့ အစာတွေနဲ့ ဘက်တီးရီးယားတွေ ဓါတ်ပြု အက်စစ်ထွက် သွားပိုးစားတာတွေဖြစ်ရော။ သွားကို အဖြစ်ပဲတိုက်တော့ သွားဖြူလာမှာလည်းမဟုတ်ဘဲ သွားဝါတာတွေက ဆက်ဖြစ်နေဦးမှာပဲ။ အဲတော့ သွားကို စနစ်တကျ ဘယ်လိုတိုက်ရမလဲ ဆိုတာပြောပြပေးမယ်နော်။ သွားရဲ့ ရှေ့မျက်နှာပြင် အတွက်ဆို သွားပွတ်တံကို သေချာကိုင် အပေါ်အောက် ဘေးတိုက် သွားတိုက်ရမယ်။ အရှေ့ကိုတိုက်တာနဲ့တင် မပြီးသေးဘူးနော်။ သွား အနောက်မျက်နှာပြင်ကိုလည်း သေချာနှံ့စပ်အောင်တိုက်ရမယ်။ သွားရဲ့ အတွင်းပိုင်း အံသွားတွေကိုလည်း တိုက်ခဲ့ရမယ်နော်။ ဒါမှသွားကြားထဲက အစာတွေ အကုန်ထွက် သွားမျက်နှာပြင်ပေါ်ကျန်နေတဲ့ အစွန်းတွေလည်း အကုန်ပြောင်မှာနော်။ သွားကို စနစ်တကျ တိုက်တတ်ဖို့ကလည်း ခံတွင်းကျန်းမားရေး အတွက် အရေးကြီးတယ်နော်။

    ၂ ။ သွားကို အချိန်ပေးပြီးတိုက်သင့်တယ်။

    သွားဆိုတာ မနက် တစ်ကြိမ်၊ ည တစ်ကြိမ် တစ်နေ့နှစ်ကြိမ်တိုက်ရတာတော့ သိကြပါတယ်။ ခက်တာက မနက်အိပ်ရာထရင် အလုပ်သွား ကျောင်းသွားခါနီးမို့ မြန်မြန်တိုက်၊ ညဆိုလည်း အိပ်ခါနီးဆိုတော့ အိပ်ချင်နေလို့ မြန်မြန်တိုက်။ ကျန်းမာတဲ့ ခံတွင်းတစ်ခု ပိုင်ဆိုင်ချင်ရင်တော့ ခုလိုမျိုးတွေလုပ်လို့ မရပါဘူး။ သွားတစ်ခါတိုက်ရင် အနည်းဆုံ ၂မိနစ်ကြာသင့်ပါတယ်။ အချိန်မှတ်ရတာ ခက်ခဲနေရင် အလွယ်ဆုံးကတော့ ကြိုက်တဲ့ သီချင်းတစ်ပုဒ်ဖွင့်ပြီး သွားတိုက်နေရင်းနားထောင်ပါ။ သီချင်းတစ်ပုဒ်က ၃ မိနစ်ကျော်လောက်ကြာတော့ သီချင်းပြီးခါနီးရင် သွားတိုက်တာရပ်လိုက်။ အဲဒါဆို ၂မိနစ်လည်းပြည့် သွားတိုက်ရတာလည်း မပျင်းတော့ဘူး။

    ၃ ။ မှန်ကန်တဲ့ သွားပွတ်တံ ရွေးချယ်ဖို့ကလည်း အရေးကြီးတယ်။

    သွားတိုက်တံ အားလုံးမှာ လက်ကိုင်တစ်ခုနဲ့ အမျှင်လေးတွေနဲ့ လုပ်ထားတဲ့ သွားပွတ်တံ ထိပ်လေးတစ်ခုစီပါကြတယ်လေ။ မတူတာက တစ်ချို့သွားပွတ်တံ က အမျှင်လေးတွေက ကြမ်းပြီး တစ်ချို့သွားပွတ်တံက အမျှင်လေးတွေက နူးညံ့နေတာပဲ ။ တစ်ချို့တွေရှိတယ်။ သွားပွတ်တံ အမျှင်လေးတွေက နုနုလေးတွေဆို သွားချေး မစင်ဘူးဆိုပြီး မာတဲ့ ကြမ်းတဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကိုပဲ ရွေးတိုက်ကြတယ်။ သွားပွတ်တံ အမျှင်နုနုလေးတွေကလည်း ကြမ်းတဲ့မာတဲ့ သွားပွတ်တံ အမျှင်လေးတွေလိုပဲ သွားမျက်နှာပြင်က သွားချေးကို ဖယ်ရှားနိုင်စွမ်းရှိတဲ့ အပြင် အမွှေးလေးတွေက ပါးလွှာပြီး တစ်မျှင်ချင်းလုပ်ထားတာဖြစ်လို့ သွားကြားထဲထိဝင်ရောက်နိုင်ပြီး အစာတွေညပ်နေတာကို ထုတ်ပေးနိုင်တဲ့အပြင် သွားဖုံးကိုလည်း မထိခိုက်စေဘူး။ ဒါကြောင့် သွားပွတ်တံတွေမှာ extra soft သွားပွတ်တံရယ်လို့ ပေါ်လာတာပေါ့။ မှန်ကန်တဲ့ သွားပွတ်တစ်ခုကို ရွေးဝယ်တတ်ဖို့လည်း အရေးကြီးတယ်နော်။

    ၄ ။ သွားပွတ်တံကို ၃လ တစ်ကြိမ်လဲပေးပါ။

    သွားပွတ်တံဆိုတာလည်း ပါးစပ်ထဲရောက်ရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေနဲ့တွေ့ ၊ ပါးစပ်ထဲက ပြန်ထုတ်ပြီး ထားတော့လည်း ရေချိုးခန်းထဲ များသောအားဖြင့် ထားကြတာလေ။ အဲ့တော့ သူ့မှာ ဘက်တီးရီးယားတွေ အများကြီးကပ်နေနိုင်တာပေါ့။ ဒါကြောင့်တိုက်နေတဲ့ သွားပွတ်တံကို ၃လ တစ်ကြိမ်လဲပေးသင့်တယ်။ သွားပွတ်တံကိုရေချိုးခန်း အိမ်သာအနီးအနားမှာ မထားသင့်ပါ။

    ၅ ။ လျှာကိုလည်း သန့်ရှင်းပေးပါ။

    ခံတွင်းသန့်ရှင်းဖို့ လို့ဆိုလိုက်တာနဲ ပြေးမြင်မိကြတာက သွား။ မေ့ကျန်ခဲ့တာက လျှာ။ ခံတွင်းမှာ သွားအပြင် လျှာလည်းရှိသေးတယ်နော်။ ခံတွင်းနံ့ဆိုးရခြင်းရဲ့ အဓိက အချက်ကတော့ လျှာမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေခြင်းဖြစ်တယ်။ လျှာကိုလည်း လျှာပွတ်ကြိုးလေးတွေနဲ့ သန့်စင်ပေးမယ်ဆိုရင် မမွှေးရင်တောင် ခံတွင်းနံ့တော့ မဆိုးနိုင်တော့ဘူးပေါ့။ ခုဆို လျှာပွတ်ကြိုးလေးတွေကိုလည်း အလွယ်တကူ ဝယ်လို့ရနေပြီဖြစ်တယ်။

    ၆ ။ ကိုယ်စားတဲ့ အစားအစာတွေက လည်း ခံတွင်းအပေါ်အများကြီးသက်ရောက်တယ်။

    ချိုတာတွေ အစားများရင် သွားပိုးစားမယ်။ ချဉ်တာတွေ အစားများရင် သွားကျဉ်မယ်။ အရောင်ရင့်တာတွေ အစားများရင် သွားမှာလည်း အရောင်တွေ ကျန်ခဲ့မယ်။ မာလွန်းတာတွေ စားရင် သွားဖုံးထိခိုက်မယ်။ ပူလွန်းတာတွေ စားရင် လျှာကျွတ်မယ်။ ကွမ်စား ဆေးလိပ်သောက်တာတွေကလည်း ခံတွင်းကျန်းမာရေးကို ထိခိုက်စေတယ်နော်။ အစားအစာတွေကိုလည်း သေချာရွေးချယ်စားမယ် စားပြီးတိုင်းလည်း သွားတိုက်ပေးမယ်၊ ခံတွင်းကို ပြန်ဂရုစိုက်ပေးမယ်ဆို သန့်ရှင်းကျန်းမာတဲ့ ခံတွင်းတစ်ခု ပိုင်ဆိုင်နိုင်မှာပါ။

    ၇ ။ သဘာဝကဖန်တီးပေးထားတဲ့ သွားကိုဖြူစင်စေတဲ့ အစားအစာများ။

    ပန်းသီးတစ်လုံးနေ့စဉ် စားပေးရင် သွားဆရာဝန် မလိုဘူးဆိုတဲ့ ဆိုရိုးလေးကြားဖူးမှာပါ။ ပန်းသီးတစ်ကိုက်ကိုက်လိုက်ရင် သွားကြွေလွှာကို သန့်ရှင်းပေးပြီးသားဖြစ်တယ်။ ပန်းသီးမှာ ပါတဲ့ အက်စစ် တစ်မျိုးက သွားချေးတွေကို သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိတယ်။ တခြား ပန်းသီးလိုပဲ ခံတွင်းကို သန့်စင်စေတဲ့ အရာတွေက မုန်လာဥနီ၊ ပေါက်ပေါက်ဆုပ် တို့ဖြစ်တယ်။ ကြိုက်တဲ့ သူတွေ အတွက်ကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့နော်။

    ၈ ။ ပလုတ်ကျင်းပါ။

    အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့ အလေ့အကျင့် လေးလုပ်ထားမယ်ဆို အစာတွေကျန်ခဲ့ခြင်း၊ အစာညပ်ခြင်းတွေကို သက်သာစေတယ်။ ခံတွင်းနံ့ ကောင်းမကောင်း သိချင်ရင် လက်ဝါးလေးခံ လေတစ်ချက်မှုတ်ထုတ်ပြီး အနံ့ခံကြတယ်မဟုတ်လား။ ချိန်းထားတဲ့ ကိစ္စကလည်းရှိ အပြင်လည်းရောက်နေတော့ သွားတိုက်လို့ကလည်း မရဖြစ်နေရင် ခံတွင်းနံ့ပျောက်ဆေးရည်နဲ့ပလုတ်ကျင်းလိုက်ရင် ခံတွင်းသန့်သွားမှာပါ။ အလွယ်တကူဝယ်လို့ရတဲ့ ပူစီနံပါတဲ့ ပူရှိန်းပီကေတွေ ဝါးရင်လည်း ခံတွင်းနံ့ဆိုးတာ သက်သာတယ်နော်။

    ၉ ။ ရေများများသောက်ပါ။

    ရေများများသောက်လိုက်ရင် ခံတွင်းထဲရှိတဲ့ ဘက်တီးရီးယားပိုးတွေ ရေနဲ့ အတူပါသွားပြီး ခံတွင်းလည်းရှင်းသွားတယ်လေ။ အဲတော့ ရေမကြာ ခဏသောက်ပေးရင် ခံတွင်းကို သန့်စင်ပေးရာရောက်တယ်။

    ၁၀ ။ သွားဆရာဝန်နှင့် တစ်နှစ်တစ်ကြိမ် ခံတွင်း ကျန်းမာရေး စစ်ဆေးပါ။

    ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုထိရောက်တယ်နော်.။ သွားဆရာဝန်ဆီကို သွားကိုက် သွားနာမှ မသွားဘဲ တစ်နှစ်တစ်ကြိမ် ပုံမှန်သွားပြီး ခံတွင်းကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement