backup og meta

ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေတယ်ဆိုတဲ့ လက္ခဏာ (၇) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေတယ်ဆိုတဲ့ လက္ခဏာ (၇) ခု

    သွားနဲ့ခံတွင်းဆိုတာ တကယ်လိုဂရုစိုက်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းကျန်းမာမှ အနံ့ဆိုးခြင်း၊ သွားပျက်စီးခြင်းနဲ့သွားဖုံးရောဂါတွေဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။

    သွားနဲ့ခံတွင်းကျန်းမာရေးကို ဘာလို့ဂရုစိုက်သင့်တာလဲဆိုတာလည်း အရေးပါတဲ့အကြောင်းရင်းရှိပါတယ်။ ခံတွင်းမကျန်းမာရင် သို့မဟုတ်သွားဖုံးရောဂါရှိနေရင် နှလုံးရောဂါ၊လေဖြတ်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းတို့ိလိုပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

    ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ ခံတွင်းမှာက ဘက်တီးရီးယားတွေအများကြီးရှိပါတယ်။ အများစုကတော့ အန္တရာယ်မပေးပါဘူး။ ပုံမှန်အားဖြင့်နေ့တိုင်းသွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာ လိုမျိုး ခံတွင်းသန့်ရှင်းရေးဂရုစိုက်မှုတွေနဲ့ ခန္ဓါကိုယ်ရဲ့ခုခံမှုစနစ်ကြောင့် ဒီဘက်တီးရီးယားတွေကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေးဂရုမစိုက်မိတာနဲ့ ဘက်တီးရီးယားတွေကရောဂါပိုးဝင်တာတွေဖြစ်စေနိုင်တဲ့အဆင့်ထိရောက်ရှိလာနိုင်ပါတယ်။

    အဲဒီလိုဖြစ်လာပြီဆိုရင် ဘယ်လိုလက္ခဏာတွေသိသာလာလဲ သတိထားမိကြရဲ့လား။ လက္ခဏာတစ်ခုခုဖြစ်လာရင် ဆေးသောက်လိုက်ဖို့ပဲ အာရုံစိုက်ကြပြီး တကယ့်အကြောင်းရင်းခံဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကိုမေ့နေကြတတ်ပါတယ်။ ဒီလက္ခဏာမျိုးတွေဖြစ်လာရင်တော့ သွားနဲ့ခံတွင်းမှာပြဿနာရှိနေပြီလို့ သိလိုက်ပါတော့ –

    (၁) သွားကိုက်ခြင်း

    သွားကိုက်တာက အဖြစ်များကြတဲ့ပြဿနာတစ်ခုပါ။ သွားကိုက်ပြီဆို ပါးတွေရောင်၊ သွားဖုံးတွေရောင်ပြီး အစားမစားနိုင်၊ ဆန်ပြုတ်သောက်ရတာပါပဲ။ သွားပိုးစားခြင်းကြောင့်ဖြစ်တတ်ပေမယ့် သွားဖုံးရောဂါရှိနေတဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။

    (၂) သွားကျဉ်ခြင်း

    အပူ ၊ အအေး ဘာပဲသောက်သောက် သွားကျဉ်ရတယ်ဆိုရင် သွားမှာပျက်စီးနေပြီ၊ ကျိုးပဲ့နေပြီ၊ သွားကြွေလွှာတွေပါးကုန်ပြီး ဒါမှမဟုတ် သွားအမြစ်ကိုပါထိခိုက်နေပြီဆိုတဲ့ ရလဒ်တွေအထိဖြစ်လာနိုင်တဲ့လက္ခဏာအစပါ။

    (၃) သွားဖုံးသွေးယိုခြင်း

    သွားဖုံးက ခဏခဏသွေးထွက်တယ်၊ နာနေတယ်ဆိုရင်gingivitis သွားဖုံးရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။ တခါတလေမဟုတ်ဘဲ သွားတိုက်တိုင်းသွေးထွက်တာ သို့မဟုတ် ထိတာနဲ့ထွက်တာ၊ရောင်လာတာဆိုရင် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

    (၄) ပါးစပ်အနာများ

    ခံတွင်းမှာဖြစ်တဲ့အနာတွေ၊အတွင်း ပါးစောင်မှာ အဖြူကွက်တွေဖြစ်တာ၊ မှိုပိုးဝင်တဲ့အနာတွေဖြစ်တတ်ပါတယ်။ တချို့က မသိမသာဖြစ်ပေမယ့် ဆိုးရွားလာတဲ့အခါရောဂါတစ်ခုခု သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးဝင်ခြင်း၊ သွားတု(စိုက်ထားတဲ့သွား၊အံကပ်၊သွားဖာထားခြင်း)တွေကြောင့်ဖြစ်လာတဲ့ပြဿနာတွေရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ တစ်ပတ်နဲ့အထက် ပိုကြာလာတဲ့ခံတွင်းအနာတွေကို ဆရာဝန်ပြဖို့လိုပါတယ်။

    (၅) ခံတွင်းနံ့ဆိုးခြင်း

    ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစာတွေကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထွေးခန်းခြောက်တာကြောင့်၊ဆေးလိပ်သောက်တာကြောင့် ၊ တခြားရောဂါတွေကြောင့် စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။ သွားပြေးတိုက်ပြီးတာတောင် ခံတွင်းနံ့ဆိုးနေတာ တာရှည်လာရင်သွားဖုံးရောဂါလက္ခဏာဖြစ်နေနိုင်ပါတယ်။

    (၆) သွားမှာ ပြဿနာပေါ်လာခြင်း

    သွားပဲ့ခြင်း၊ သွားကျိုးခြင်း၊ သွားကရှည်ထွက်လာသလိုဖြစ်ခြင်း တို့လို ပုံမှန်မဟုတ်တဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။ သွားကရှည်ထွက်လာသလိုထင်ရတာက သွားဖုံးတွေကျုံ့သွား/တိုသွားတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါတွေက သွားဖုံးရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပေမယ့် သွားကျွတ်တဲ့အဆင့်ကိုရောက်ရင်တော့ အန္တရာယ်အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။ သွားဖုံးတစ်ရှူးတွေနဲ့မေးရိုးကိုထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံးကုသဖို့လိုပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ နှလုံးရောဂါ၊လေဖြတ်ခြင်းနဲ့တခြားရောဂါတွေဖြစ်လာနိုင်လို့ပါပဲ။

    (၇) သွားအရောင်ပြောင်းလာခြင်း

    သွားအရောင်ပြောင်းလာတယ်စေတဲ့အကြောင်းရင်းထဲမှာ ကော်ဖီ၊လက်ဖက်ရည်သောက်တာများလို့၊ ဆေးလိပ်သောက်လို့၊အသက်အရွယ်ကြောင့်၊ မျိုးဗီဇကြောင့်၊ ထိခိုက်မှု သို့မဟုတ်ဆေးဝါးတွေကြောင့်စတဲ့ အကြောင်းရင်းတွေလည်းပါဝင်ပါတယ်။

    ဒီလက္ခဏာတွေရှိနေရင်တော့ သွားမှန်မှန်တိုက်ပြီး သန့်ရှင်းရေးကိုဂရုစိုက်သင့်ပြီနော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    သက်ဆိုင်သည့် ဆောင်းပါး


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement