backup og meta

တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျ နိုင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျ နိုင်

    စိတ်တွေ ဖိစီးလိုက်တာ၊ အလုပ်တွေကလည်း ဒီလောက်လုပ်နေတာတောင် မပြီးဘူးဆိုတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ ပြောစရာတစ်ခုရှိလာပါပြီနော်။ ဒါကတော့ အလုပ်တွေကို တအားဖိလုပ်နေလို့ စိတ်ဖိစီးနေတာ ဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများလာတဲ့အခါ အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အာရုံစူးစိုက်မှုကလည်း ကျလာပါတယ်နော်။ နောက်ဆို စိတ်ဓာတ်ကျ တဲ့အထိ  ဖြစ်လာမှာပါ။

    အလုပ်ချိန်များများလုပ်လေ စိတ်ဓာတ်ကျလေလေပါ

    အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။ တစ်နေ့တာမှာ ၈ နာရီထက်ကျော်ပြီး အလုပ်စားပွဲမှာ ထိုင်နေရတာက အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုက ပိုလာနိုင်ပါတယ်။ ဒီခံစားချက်က စိတ်ခံစားမှုသက်သက်ပဲတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရလည်း အမျိုးသမီးတွေဟာ အလုပ်ချိန်များများ အလုပ်လုပ်လေလေ စိတ်ဖိစီးမှုပိုများလာလေလေလို့ တွေ့ရှိထားရပါတယ်။

    သုတေသီတွေက လေ့လာမှုအတွင်း အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ တစ်ပတ်မှာ အလုပ်ချိန် နာရီ ၄၀ ထက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် တစ်ပတ်မှာ ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့အမျိုးသမီးတွေက စိတ်ဖိစီးမှုပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်တာမှာ ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေက စိတ်ဓာတ်ကျ လက္ခဏာတွေပုံမှန်ထက်ပိုများနေတတ်ပါတယ်။

    တစ်ပတ်ကို ၅၅ နာရီနဲ့အထက် အလုပ်လုပ်တာအပြင် ပိတ်ရက်တွေမှာပါ အလုပ်လုပ်နေရတာက စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျနိုင်ခြေ ပိုများနေပါတယ်နော်။ ဒါကတော့ အမျိုးသမီးတွေတင်မကပါဘူး။ အမျိုးသားတွေမှာပါ အကျုံးဝင်တဲ့လေ့လာချက်ပါ။ ဒီလေ့လာချက်ကဗြိတိန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေကိုလေ့လာထားတဲ့လေ့လာချက်တစ်ခုပါ။

    ၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့ လေဒီလေးတွေ……သတိ!

    အပတ်စဉ်တိုင်း ၅၅ နာရီ ဒါမှမဟုတ် ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့ လေဒီတွေ မှာ စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ခြေက တော်တော်လေးများပါတယ်။ ပိတ်ရက်တွေမှာပါ အလုပ်နဲ့လက်မပြတ်လုပ်နေရပြီဆိုရင်တော့ လေဒီတွေတင်မဟုတ်ပါဘူး။ Gentlemenတွေမှာပါ စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျစေနိုင်တာပါ။ အလုပ်နဲ့လက်မပြတ်တမ်း လုပ်နေတာက ရေရှည်ဖြစ်လာတဲ့အခါ နေ့စဉ်နဲ့အမျှ စိတ်ကျန်းမာရေးထိခိုက်လာရပါတယ်နော်။မေ့တတ်လာတာမျိုး၊ ချက်ချင်းဆိုသလို ပြောလိုက်တဲ့ အကြောင်းအရာတွေကို မမှတ်မိတော့တာ၊ နေ့စဉ်လုပ်နေကျတာဝန်တွေကို မေ့သွားတာမျိုးဖြစ်နိုင်ပါတယ်။

    United Kingdom Household Longitudinal Study (UKHLS) က အိမ်ထောင်စု ၄၀၀၀၀ ခန့်ရဲ့ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွေကို လေ့လာခဲ့ပါတယ်။ ယခုလေ့လာမှုအတွက် အလုပ်ခွင်ဝင်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂၃၀၀၀ကျော်ကို လေ့လာခဲ့ပါတယ်။
    လေ့လာမှုစစ်တမ်းတွေအရ တစ်ပတ်ကို ၅၅ နာရီနဲ့ အထက် အလုပ်လုပ်နေတဲ့ လေဒီတွေ၊ ပိတ်ရက်ပါမကျန် အလုပ်လုပ်နေတဲ့ လေဒီတွေဟာ တစ်ပတ်ကို ၃၅ နာရီ ကနေ နာရီ ၄၀ ကြာအလုပ်လုပ်နေတဲ့ လေဒီတွေထက် စိတ်ဖိစီးမှုပိုများပြီး စိတ်ဓာတ်ကျ နိုင်ခြေက အခြားသူတွေထက်ပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    United Kingdom Household Longitudinal Study (UKHLS)

    စိတ်ဖိစီးမှုက အဖြစ်များတဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခုပါ။ စိတ်ဓာတ်ကျ တာကြောင့် ဘဝနေထိုင်မှုမှာ ထိခိုက်လာတာမျိုးအထိဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေး အားနည်းလာတဲ့အခါ စိတ်ဖိစီးတာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ခံစားလာရနိုင်ပါတယ်။ အလုပ်တာဝန်တွေကို ကောင်းမွန်ပြီးစီးအောင်မလုပ်နိုင်တော့သလို မိသားစုတာဝန်တွေကိုပါ လစ်ဟင်းလာနိုင်ပါတယ်။ သိပ်မပြင်းထန်သေးတဲ့ အဆင့်မှာတော့ အမြဲလိုလို ဝမ်းနည်းနေတာ၊ မျှော်လင့်ချက်မဲ့နေတာ၊ အပြစ်ရှိသလို အမြဲခံစားနေရတာ၊ ဝါသနာပါတာတွေကို အာရုံဝင်စားမှုမဲ့လာတာ၊ အိပ်စက်မှုမှာ ပြဿနာရှိလာတာမျိုးတွေ ခံစားရနိုင်ပါတယ်။
    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ တစ်ပတ်တာမှာ လွန်ရော ကျွံရော ၃၅ နာရီကနေ နာရီ ၄၀လောက်ပဲ အလုပ်လုပ်ပါ။ ဒီထက်ပိုလုပ်တာက စိတ်ဖိစီးမှုကိုဖြစ်စေပြီးရေရှည်မှာ စိတ်ရောကိုယ်ပါထိခိုက်စေနိုင်တာကြောင့် အလုပ်ချိန်ကို ၅၅ နာရီထက်ပိုလုပ်တာ၊ ပိတ်ရက်တွေမှာပါ အလုပ်လုပ်နေတာကို တတ်နိုင်သမျှရှောင်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement