အခုလက်ရှိ နိုင်ငံတကာမှာ ကိုဗစ်ဒဏ်ကို အလူးအလဲခံနေကြရစဉ်မှာပဲ အိန္ဒိယနိုင်ငံက ပြည်နယ်တစ်ခုမှာ ဘာရယ်လို့ သေချာ အမျိုးအမည် မသိတဲ့ ရောဂါတစ်ရပ်ဖြစ်ပွားနေပါတယ်။
ဒီရောဂါကို ခံစားနေရသူ ဦးရေ ၃၀၀ ကျော်ရှိနေပြီး သေဆုံးသူတစ်ဦး ရှိနေပါတယ်။ လက်ရှိမှာ ဒီရောဂါက ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို အဖြေထုတ်နိုင်ဖို့ ကျွမ်းကျင်သူတွေက ကြိုးစားနေကြပါတယ်။
ကိုဗစ် မဟုတ်တဲ့ အိန္ဒိယပြည်နယ်တစ်ခုက ကျန်းမာရေးပြဿနာ
ဒီအကြောင်းအရင်း ရှာမရသေးတဲ့ ရောဂါကြောင့် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းက မြို့တစ်မြို့မှာ လူတွေ ရာနဲ့ ချီပြီး နာမကျန်းဖြစ်ခဲ့ပါတယ်။ ဒီရောဂါခံစားရတာကြောင့် ဆေးရုံကို ရောက်ရှိလာသူ ဦးရေက ၃၀၀ ကျော်ရှိပါတယ်။
ဘယ်လို လက္ခဏာတွေရှိလဲ………..
ရောဂါခံစားနေရသူတွေမှာ အတက်ရောဂါ ခံစားရသူတွေမှာ ဖြစ်လေ့ရှိတဲ့
- တက်တာ
- သတိလစ် မေ့မြောတာ
- မအီမသာဖြစ်တာ
- ခြေကုန်လက်ပမ်းကျတာ
- အော့အန်တာတွေကို ခံစားကြရပါတယ်။ ကလေးငယ်တွေမှာတော့ မျက်လုံးတွေ ပူပြီး အော့အန်တာတွေ ဖြစ်ခဲ့ပါတယ်။
သေဆုံးသူတစ်ဦးကတော့ ဒီရောဂါလက္ခဏာတွေ ခံစားရတာနဲ့အတူ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ ရောဂါအခံ ရှိနေတာဖြစ်နိုင်ပြီး အခုဖြစ်ပေးနေတဲ့ ကျန်းမာရေးပြဿနာကြောင့် သေဆုံးတာမဖြစ်နိုင်ဘူးလို့ တာဝန်ရှိသူတွေက သတင်းဖော်ပြခဲ့ကြပါတယ်။
အခုပြောခဲ့တဲ့ လက္ခဏာရှိသူတွေကို လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေစစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာ မရှိပါဘူး။ ဒီရောဂါဟာ ဗိုင်းရပ်စ်ကူးစက်တာကြောင့် ဖြစ်ပွားတာလားဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရသေးပါဘူး။
ရောဂါကူးစက်ခံရသူတွေထဲက ၁၈၀ ဟာ ပြန်လည်သက်သာလာတာကြောင့် ဆေးရုံက ဆင်းသွားကြပြီပဲ ဖြစ်ပါတယ်။
လူနာတွေရဲ့ သွေးတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ လက္ခဏာ တစ်စုံတရာ မတွေ့ရပါဘူး။ အခုထိတော့ ဒီရောဂါဟာ ရေထု ညစ်ညမ်းတာ ဒါမှမဟုတ် လေထု ညစ်ညမ်းမှုကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
လက်ရှိမှာ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲပါ။
မြန်မာ အနေနဲ့ စိုးရိမ်စရာရှိမလား……………
မြန်မာနိုင်ငံ အနေနဲ့တော့ လက်ရှိမှာ ကိုဗစ်ကိုသာ အဓိကထား ကာကွယ်ဖို့ လိုအပ်နေဆဲပါ။ ကိုဗစ် ကူးစက်ခံရသူ အရေအတွက် များလာသလို သေဆုံးသူ အရေအတွက်ကလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
ဒါကြောင့် မလိုအပ်ဘဲ လူစုလူဝေးမလုပ်ဘဲ တတ်နိုင်သမျှ အိမ်မှာပဲ နေပြီး ကိုဗစ်ကို အထိရောက်ဆုံး ကာကွယ်ဖို့လိုပါမယ်။ လူတစ်ဦးချင်းစီရဲ့ တာဝန်သိစိတ်၊ စည်းကမ်းလိုက်နာတတ်တဲ့ စိတ်တွေနဲ့ ကိုဗစ်ကို အကောင်းဆုံး ကျော်ဖြတ်လို့ ချစ်ခင်ရသူတွေကို ရောဂါဘေးကနေ ကာကွယ်လိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။