လိင်စိတ်ထကြွသောင်းကျန်းခြင်း နောက်ကွယ်က စိတ်ကျန်းမာရေး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပုထုဇဉ်လူသားတိုင်းအတွက် လိင်မှုဘဝဟာ အရေးပါတဲ့ နေ့စဉ်အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်စိတ်ထကြွခြင်းဆိုတာ ရှက်စရာကိစ္စတော့ မဟုတ်ပါဘူး။ ကျား၊ မ အသက်အရွယ်မရွေး ဖြစ်ပေါ်တတ်တဲ့ စိတ်ခံစားချက်တစ်မျိုးပါပဲ။ ဒါပေမယ့် အတိုင်းအတာ တစ်ခုထက်ပိုပြီး လိင်စိတ်ထကြွနေမယ်။ အမြဲတမ်းပဲ လိင်ဆက်ဆံလိုစိတ် ပြင်းပြနေပြီဆိုရင်တော့ သူ့နောက်ကွယ်မှာ စိတ်ကျန်းမာရေးြပဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။

လိင်စိတ်ဆန္ဒ ပြင်းထန်လွန်းတဲ့ သူတွေမှာ တွေ့ွရတတ်တဲ့ လက္ခဏာများ

၁။ လိင်ဆက်ဆံဖို့ ဆန္ဒပြင်းပြလွန်းတာ၊ အချိန်နှင့်အမျှ လိင်ဆက်ဆံချင်နေတာ

၂။ လိင်ဆက်ဆံြပီးနောက် ကျေနပ်အားရမှု မရှိတာ

၃။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့တာ

၄။ အထီးကျန်ဆန်မှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျတဲ့ ခံစားချက်ကို သက်သာစေဖို့ လိင်ဆက်ဆံလိုစိတ် ဖြစ်ပေါ်လာတာ

၅။ ပုံမှန်ထက် လွန်ကဲတဲ့ ပုံစံမျိုးနဲ့ လိင်ဆက်ဆံချင်တာ

၆။ အဓမ္မ ပြုကျင့်လိုစိတ် ဖြစ်ပေါ်လာတာ တွေပဲ ဖြစ်ပါတယ်။

လိင်စိတ်ပြင်းထန်မှုကြောင့် ဖြစ်လာနိုင်တဲ့ အခက်အခဲပြဿနာတွေက ဘာတွေလဲ။

၁။ ချစ်သူ၊ အိမ်ထောင်ရေးနဲ့ အဆင်မပြေတာ

၂။ လူမှုဆက်ဆံရေးမှာ ပြဿနာဖြစ်တာ

၃။ ဥပဒေနဲ့ မညီညွတ်တဲ့ အပြုအမူတွေ ကျူးလွန်မိတာ

၄။ လိင်မှုကိစ္စကလွဲပြီး တခြားဘာကိုမှ စိတ်ဝင်စားမှု မရှိတော့တာ

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်တော့တာ

၆။ စိတ်ပျက်အားငယ်လာတာ ဖြစ်နိုင်ပါတယ်။

နောက်ကွယ်က တရားခံက ဘယ်သူတွေလဲ။

လိင်စိတ်စွဲလမ်းမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးထဲမှာမှ စိတ်ရောဂါ အခြေအနေတွေဟာ ဆက်စပ်မှု ပိုပြီး ရှိနေပါတယ်။ မိမိကိုယ်ကို၊ သို့မဟုတ် ကိုယ်ချစ်ရတဲ့သူမှာ ဒီလိုစိတ်အခြေအနေ လက္ခဏာမျိုး တွေ့ရပြီဆိုရင် စိတ်ရောဂါကုထုံးပညာရှင်နဲ့ သေချာတိုင်ပင်ပြီး ဆွေးနွေးညှိနှိုင်းသင့်ပါတယ်။

၁။ စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder)

ခံစားချက် အပြောင်းအလဲမြန်တဲ့ စိတ်ဓါတ်တက်ကြွခြင်း၊ စိတ်ဓါတ်ကျခြင်း အခြေအနေ ၂မျိုး ဒွန်တွဲနေတဲ့ စိတ်ရောဂါအဖြစ် လူသိများပါတယ်။ ဒီစိတ်ရောဂါရှိသူတွေ စိတ်ဓါတ် အမြင့်ဆုံးထိ တက်ကြွနေတဲ့အချိန်မှာ လိင်စိတ်ထကြွသောင်းကျန်းတဲ့ အပြုအမူတွေ လုပ်တတ်ပါတယ်။ ဒီစိတ်ရောဂါကို ငြိမ်အောင် ထိန်းထားနိုင်ပြီဆိုရင်တော့ လိင်စိတ်လွန်ကဲတဲ့ ပြဿနာဟာလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

၂။ ရူးသွပ်ခြင်း (Dementia)

စိတ်အခြေအနေ ပုံမှန်မဟုတ်သူတွေ၊ ရူးသွပ်နေတဲ့သူတွေမှာ သာမန်ထက်လွန်ကဲတဲ့ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်လာနိုင်တယ်။ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ တွေ့ရတတ်တဲ့ စိတ်အခြေအနေ တစ်ခုဖြစ်ပြီး စိတ်ရောဂါအခြေအနေ ဆိုးရွားလွန်းသူတွေမှာဆိုရင် ပိုပြီးတောင် အဖြစ်များတဲ့ လက္ခဏာ ဖြစ်ပါတယ်။ လူနာကို စိတ်ဆရာဝန်၊ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ အမြဲပြသပြီး ဆေးနဲ့ သေချာထိန်းဖို့ လိုအပ်တဲ့အပြင် လူနာရှင်တွေအနေနဲ့လည်း ဒီရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ကောင်းကောင်းထိန်းချုပ်ထားနိုင်ရပါမယ်။

၃။ လိင်စိတ်ဆန္ဒ ပြီးမြောက်မှုမရှိတဲ့ စိတ်ရောဂါ (Persistent Genital Arousal Disorder)

အမျိုးသမီးတွေမှာ တွေ့ရတတ်တဲ့ လိင်စိတ်နဲ့ ဆက်စပ်နေတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ကာမစပ်ယှက်လိုစိတ် ပြင်းထန်လွန်းတာ၊ လိင်စိတ်ဆန္ဒ မထိန်းချုပ်နိုင်တာ၊ လိင်အထွတ်အထိပ် ပြီးမြောက်ပြီးသည့်တိုင်အောင် လိင်ဆက်ဆံလိုစိတ် ပြင်းပြနေသေးတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒီလူနာရှင်အမျိုးသမီးတွေကိုတော့ စိတ်ရောဂါ ကုထုံးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဟော်မုန်းကုထုံး ကုသမှုခံယူတာ၊ စိတ်ကျရောဂါပျောက်ဆေး ပေးတာ အစရှိတဲ့ နည်းလမ်းတွေနဲ့ ကုသပေးဖို့ လိုအပ်ပါတယ်။

၄။ ဦးနှောက်အာရုံကြော ထိခိုက်မိခြင်း

ဦးနှောက်နဲ့ အာရုံကြောကို ပြင်းပြင်းထန်ထန်ထိခိုက်မိပြီးနောက် လိင်ဆက်ဆံမှုနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ ပြောင်းလဲသွားတဲ့ ရှားပါးဖြစ်စဉ် ဖြစ်ပါတယ်။ ပါးစပ်ထဲ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ ထည့်သွင်းတာ၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့မှုအတွက် ဘယ်လိုမှ မတုံ့ပြန်တော့တာ၊ မခံစားရတော့တာအပြင် တခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသပြီး စိတ်ကုထုံးခံယူတာပါပဲ။

၅။ လိင်စိတ်နဲ့ ပတ်သက်ပြီး စွဲလမ်းစိတ်များခြင်း

အစပိုင်းမှာတော့ တစ်ကိုယ်ရေအာသာဖြေတာ၊ အပြာရုပ်ရှင်ကြည့်တာ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး စွဲလမ်းစိတ်ကြီးတာက စတင်ပြီး နောက်ပိုင်းမှာ လိင်ဆက်ဆံဖို့အတွက် စွဲလမ်းစိတ်တွေ ပြင်းထန်လာနိုင်ပါတယ်။ ပြည့်တန်ဆာတွေနဲ့ အမြဲပျော်ပါးတာ၊ အုပ်စုဖွဲ့လိင်ဆက်ဆံတာ၊ ကိုယ့်အိမ်၊ ဟိုတယ်မဟုတ်ပဲ အများပြည်သူပိုင်နေရာတွေမှာ လိင်ဆက်ဆံတာတွေဟာ လိင်စွဲလမ်းစိတ် ပြင်းထန်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

လိင်စိတ်ထကြွသောင်းကျန်းမှု ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

အကောင်းဆုံးကတော့ လိင်စိတ်အပါအဝင် နောက်ကွယ်မှာ ရှိနေတဲ့ စိတ်ရောဂါအခြေအနေအကြောင်းကို ဖော်ထုတ်ဖို့အတွက် စိတ်ရောဂါကုထုံးပညာရှင်တွေ၊ စိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူတာပါပဲ။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံးဝမပေါ့လိုက်ပါနဲ့။ အထူးသဖြင့် ဒီပြဿနာဟာ သင်ထင်ထားတာထက်တောင် ပိုပြီး လူတော်တော်များများမှာ ရှိနေတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ကိုယ့်မှာ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ ဒီပြဿနာမျိုး ရှိတယ်လို့ သံသယဖြစ်နေတယ်ဆိုရင်တော့သေချာ အချိန်ပေးပြီး ကုသမှု ခံယူသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 1, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 19, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။