backup og meta

အလုပ်ခွင်မှာ လာအနိုင်ကျင့်တာ အရှုံးပေးစရာမလိုပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်ခွင်မှာ လာအနိုင်ကျင့်တာ အရှုံးပေးစရာမလိုပါ

    လူအချင်းချင်း အနိုင်ကျင့်တယ်ဆိုတာ ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့်တော့ တစ်ဦးတစ်ယောက်တည်းကို မလိုလား၊ မကြိုဆိုတဲ့အရိပ်အယောင် ပြတာ၊ ရန်စတာ၊ ဆန့်ကျင်ဘက်ပြုတာ လိုမျိုး အပြုအမူတွေလို့ သတ်မှတ်ယူဆကြပါတယ်။ အနိုင်ကျင့်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်၊ ကိုယ်ထိလက်ရောက်လည်းဖြစ်နိုင်တယ်၊ နှုတ်နဲ့ပဲပြောဆိုတာလည်း အကျုံးဝင်ပါတယ်။

    ကလေးဘဝမှာတွေ့ရတာအများဆုံးပေမယ့် အရွယ်ရောက်မှ အလုပ်ခွင်မှာ လူမသိသူမသိ အနိုင်ကျင့်ခံနေရတာတွေလည်း အများကြီးပါ။ ကျူးလွန်သူတွေရဲ့အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာထူး၊ အဖွဲ့အင်အား တို့ကြောင့်အောင့်အည်းသည်းခံရင်းဖြတ်ကျော်ကြရတဲ့သူတွေရှိပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊အနိုင်ကျင့်မှုတွေကြောင့် နာကျင်ခံစားရရင်းဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနစ်နာမှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ သည်းခံနေတဲ့သူ ဘယ်လိုမှ မတောင့်ခံနိုင်တော့လို့ ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့ရင် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။

    ဒီလို ထွက်ပေါက်ရှာတဲ့အတွေးဟာ မှားယွင်းနေပါတယ်နော်။ စိတ်ရောဂါတွေဖိစီးလာတဲ့အထိ သည်းခံမနေပါနဲ့။ လူ့လောက ကပျောက်ကွယ်မယ့်နည်းနဲ့လည်း ကိုယ်လွတ်မရုန်းပါနဲ့။ ကိုယ်မရှိတော့ရင်လည်း ခွဲခြားဆက်ဆံနေကြသူတွေက ပစ်မှတ်နောက်တစ်ယောက်ကို ရှာပါလိမ့်မယ်။ ဒီလိုအနိုင်ကျင့်တာတွေအတွက်ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ် –

    ဘယ်လိုလုပ်ရမလဲ။

    ဟန့်မယ်

    အရင်ဆုံးသိထားရမှာက အနိုင်ကျင့်သူတွေက ဒီလူကို လုပ်လို့ရသရွေ့ ချိုးနှိမ် အနိုင်ကျင့်နေမှာပဲဆိုတာကိုပါ။ သည်းခံတတ်တဲ့ကိုယ့်အတွက် နည်းနည်းခက်မယ်ဆိုပေမယ့် အပြောင်းအလဲကိုလိုချင်ရင် နည်းနည်းတော့ရုန်းထွက်ရပါမယ်။ သူလုပ်သမျှကို ကိုယ်ခံစားမနေဘူး၊ကြောက်မနေဘူးဆိုတာရယ်၊ ဆက်ပြီးသည်းမခံတော့ဘူးဆိုတာရယ် သူသိအောင်လုပ်ပါ။

    ချက်ချင်းတော့မတားဆီးနိုင်ပေမယ့် အရှိန်တော့လေျာ့ပါမယ်၊ အရင်လို လွယ်လွယ်နဲ့လာအနိုင်ကျင့်တော့မှာမဟုတ်ပါဘူး။ မကောင်းတဲ့အပြုအမူနဲ့ သူချဉ်းကပ်လာတိုင်း ဒီလိုအရိပ်အယောင်ပြပါ။နောက်ဆုံးမရရင် သူ့အပြုအမူကို အထက်အရာရှိဆီတိုင်ပါ။

    အပြုအမူကို မှတ်တမ်းယူပါ

    အဖြစ်အပျက်အမှန်ကို မှတ်တမ်းမယူထားရင် နောက်ပိုင်းကျ သူဆင်တဲ့ဇာတ်လမ်းအတိုင်းဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အပေါ်အနိုင်ကျင့်သူရဲ့လှုပ်ရှားမှုတိုင်းပြောစကားတိုင်းကို မသိမသာ မှတ်တမ်းယူပါ။ ဘယ်အချိန်ကဖြစ်ခဲ့တာလဲ၊ ဘယ်ရက်ကဖြစ်တာလဲ၊ဘေးနားမှာဘယ်သူတွေရှိလဲ၊ ဘယ်သူမြင်လိုက်ကြားလိုက်နိုင်သလဲ မှတ်ထားပါ။ အသံဖမ်းသင့်ဖမ်းထားပါ။

    အထက်လူကြီးဆီ တင်ပြပါ

    အလုပ်ခွင်ထဲမှာ ဝန်ထမ်းအချင်းချင်းအနိုင်ကျင့်ခံရ၊ နစ်နာရတဲ့အတွက် အထက်လူကြီးကို တင်ပြခွင့်ရှိပါတယ်။ ဒါပေမယ့် အထက်လူကြီးက အရေးတယူမရှိခဲ့ရင်၊ ဒါမှမဟုတ် ကျူးလွန်သူကို အထိနာလောက်တဲ့ အပြစ်ဒဏ်တစ်ခုခုချလိုက်တယ်ဆိုရင် အမုန်းပွားတဲ့အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ နောက်တစ်ချက်က အနိုင်ကျင့်သူဟာ ကုမ္ပဏီအတွက် တန်ဖိုးရှိနေတဲ့သူဖြစ်ရင် ဘယ်သူကမှ သူ့ကိုဆန့်ကျင်ဘက်ပြုမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ၊လုပ်ငန်းခွင်မထိခိုက်အောင် ဖြေရှင်းပေးဖို့ အထက်လူကြီးတွေရဲ့ ပူးပေါင်းကူညီမှုလိုအပ်ပါတယ်။ ကြိုးစားကြည့်ရမှာ ကိုယ့်တာဝန်ပါ။

    တကယ်လို့ အထက်လူကြီးက အနိုင်ကျင့်တာဆိုရင်တော့

    သူ့ထက်ရာထူးမြင့်တဲ့သူတွေအထိ တက်သင့်ရင်တက်ရပါမယ်။ အရေးကြီးတာက အဖြစ်အပျက်၊ မှတ်တမ်း၊ မျက်မြင်သက်သေ၊ စတဲ့အထောက်အထားအကုန် စုထားဖို့တော့အရေးကြီးပါတယ်။ ဒီလိုပြဿနာမျိုးတွေကို အုပ်ချုပ်ရေးပိုင်းက သဘောကျမှာတော့မဟုတ်ပါဘူး။ ဒီအချိန်မှာ ကိုယ်က စွဲချက်တွေတပုံတပင်နဲ့ မတိုင်မိဖို့လည်းလိုပါတယ်။ ဒီလိုဆို သူတို့အနေနဲ့ဖြေရှင်းမပေးဘဲရှောင်ပြေးဖို့ ဒါမှမဟုတ် သင့်အမှားအဖြစ် လွှဲချလိုက်ဖို့လွယ်ကူသွားနိုင်ပါတယ်။ အတိအကျကို အမှန်အတိုင်း သက်သေစုထားပါ။ စီမံအုပ်ချုပ်မှုစနစ်ကောင်းသူတွေကတော့ အမှန်အတိုင်းဖြေရှင်းပေးပါလိမ့်မယ်။

    ဥပဒေအရ

    ဘယ်သူဖြစ်လို့၊ ဘာဖြစ်လို့ဆိုတဲ့ လူတစ်ယောက်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေနဲ့ အနိုင်ကျင့်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ စိတ်ပိုင်းဆိုင်ရာနစ်နာမှု၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု၊ အလုပ်ခွင်မှာနစ်နာမှု၊ ဂုဏ်သိက္ခါထိခိုက်မှုတွေနဲ့ သက်ဆိုင်နေတာမို့ ခွဲခြားဆက်ဆံခံရပြီး အနိုင်ကျင့်ခံရတယ်ဆိုရင် ၊ အပေါ်ကနည်းတွေနဲ့ မရတော့ဘူးဆိုရင် ကူညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး ဥပဒေအရရင်ဆိုင်ပါ။

    ခွဲခြားဆက်ဆံပြီး အနိုင်ကျင့်တဲ့ အလုပ်ခွင်

    အနှောင့်အယှက်ပေးရာကနေ ဒုက္ခပေးတဲ့အဆင့်၊ချောင်ပိတ်ရိုက်တဲ့အဆင့်ကိုရောက်လာတာဟာ တကယ်ကိုဆိုးပါတယ်။ မခံနိုင်လို့အလုပ်ထွက်နိုင်သူတွေရှိပေမယ့် မထွက်ဘဲ သည်းခံနေသူတွေမှာ စိတ်ဒဏ်ရာတွေရလာနိုင်တယ်၊ မလိုလားအပ်တဲ့ ဆိုးကျိုးထိခိုက်မှုတွေဖြဖစ်လာနိုင်တယ်၊ ဘဝနဲ့ချီတဲ့ ဆုံးရှုံးမှုတွေရှိလာနိုင်တယ်။

    ဥပမာ အလုပ်ခွင်မှာ –

    • ဝန်ထမ်းတစ်ယောက်ကို အရင်းအမြစ်တွေ၊ အလုပ်ပရောဂျက်တွေ၊ အခွင့်အလမ်းတွေ မရရှိအောင် ပယ်ထားခံရတာ၊
    • စွမ်းဆောင်မှုအပေါ် အဖက်လုပ်မခံရတာ၊
    • သူလုပ်ရမယ့်အလုပ်မှာအရေးပါတဲ့ သတင်းအချက်အလက်ကို ချန်လှပ်ထားတာ၊
    • အရေးပါတဲ့အစည်းအဝေးကို မတက်ရောက်စေတာ၊ ဒါမှမဟုတ် အစည်းအဝေးအကြောင်း အသိမပေးတာ၊
    • အလုပ်ပြုတ်မယ်လို့ခြိမ်းခြောက်တာ၊
    • အလွန်အကျွံ မျက်စိဒေါက်ထောက်စောင့်ကြည့်ခံရတာ၊ ကိုယ်လုပ်သမျှ အသေးစိတ်ဝင်ဝေဖန်စီမံခံရတာ၊
    • အချိန်မီမပြီးလောက်တဲ့ အလုပ်တာဝန်တွေပေးအပ်ပြီး အခြေအမြစ်မရှိတဲ့ လျာထားချက်တွေပြည့်မီအောင်လုပ်ခိုင်းတာ၊
    • လုပ်ဖော်ကိုင်ဖက်တွေနဲ့မတူဘဲ ကိုယ့်ကို ခွဲခြားဆက်ဆံခံရတာ၊
    • မဟုတ်မမှန်စွပ်စွဲပြစ်တင်ခံရတာ၊ အပြစ်လွှဲချခံရတာ၊
    • ကိုယ့်အားနည်းချက်ကို မကြာခဏထောက်ပြလှောင်ပြောင်ခံရတာ၊
    • ချိုးနှိမ်ခံရတာ၊ လူရှေ့မှာ ကြိမ်းမောင်းခံရတာ၊ ရိုင်းစိုင်းတာတွေပြောခံရတာတွေ အကုန်လုံးက ခွဲခြားဆက်ဆံမှုနဲ့ အနိုင်ကျင့်မှုခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။

    ဒီလိုအပြုအမူမျိုးတွေမကြာခဏလုပ်လေ့ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ထိန်းသိမ်းကြပ်မတ်မှုမရှိရင် ကျင့်ဝတ်ပိုင်းတင်မက လုပ်ငန်းကိုပါထိခိုက်စေနိုင်ပါတယ်။

    ရှေ့ဆက်ကြမယ်

    အနိုင်ကျင့်တာတွေက ခံရသူတစ်ဦးတည်းနဲ့ဆိုင်တာမဟုတ်ပါဘူးနော်။ ကိုယ်ဖြစ်တာမဟုတ်လို့ မဆိုင်သလိုနေတာ၊ အမှန်ဘက်က မရပ်တည်ပေးတာ၊ ဘက်လိုက်ပေးတာတွေက မလုပ်သင့်တဲ့အရာတွေပါ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် ဒီလိုခံစားခဲ့ရရင် ပစ်မထားဘဲ တတ်နိုင်သလောက်ကူညီအားပေးပါ၊ အတူရင်ဆိုင်ပေးပါ၊ သက်သေခံပေးပါ။ ဒါကသာ ကိုယ့်အတွက်၊ ကိုယ်နေထိုင်တဲ့လူ့အဖွဲ့အစည်းအတွက် ကာကွယ်စောင့်ရှောက်ရာရောက်ပါလိမ့်မယ်။

    အလုပ်ခွင်ဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေမြင်တွေ့ဆက်ဆံနေရမှာဖြစ်တဲ့အတွက် ခံစားချက်ကိုသိပ်ပြီးဦးစားမပေးဖို့လည်း လိုပါတယ်။ အားပြိုင်တာ၊ အာဏာပြတာ၊ ဒရာမာခင်းတာတွေကရှောင်လွှဲလို့ခက်တဲ့အရာတွေမို့ တစ်ဦးတစ်ယောက်ကိုထိခိုက်နစ်နာစေတဲ့ကိစစ မဟုတ်ရင် အတိုင်းအတာတစ်ခုထိ တုံ့ပြန်အရေးမလုပ်တာကောင်းပါတယ်။ ကိုယ့်ကိုရန်စနေလည်း တတ်နိုင်သလောက်ကင်းကွာအောင်နေပြီး ကိုယ့်အလုပ်တာဝန်ကိုပဲ အာရုံစိုက်ပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement