backup og meta

ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားလာအောင် ဘယ်လိုတည်ဆောက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားလာအောင် ဘယ်လိုတည်ဆောက်မလဲ
    ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ရောခန္ဓာကိုယ်ပါ ကျန်းမာစေတဲ့အပြင် နေထိုင်လို့ကောင်းစေပြီး အောင်မြင်မှုကိုလည်း ဆောင်ကြဉ်းပေးပါတယ်။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့တွဲပြီးမွေးလာကြတာမဟုတ်ပါဘူး။ ကိုယ့်ဖာသာကိုယ်တည်ဆောက်ယူရတာပါ။ လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် ဘယ်အရာကြုံလာ ကြုံလာ မတုန်လှုပ်တတ်ဖို့နဲ့ ဘယ်သူရိုက်ချိုးလဲ ပျက်စီးမသွားတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမျိုး မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လို စိန်ခေါ်မှုမျိုးကိုပဲ ကြုံနေရသည်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့နဲ့ ယုံကြည်မှုမြင့်မားလာစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အချက်တွေကို တင်ပြပေးလိုက်ပါတယ်။
     (၁) သင်ဖြစ်ချင်နေတဲ့ဘ၀မှာသင်ရောက်နေပြီလို့ ကိုယ့်ကိုယ်ကို မြင်ယောင်ပါ။ 
    ကိုယ့်ကိုယ်ကို ဂုဏ်ယူရတဲ့ လူတစ်ယောက်အဖြစ်၊ ကိုယ်လိုချင်တဲ့ဘဝကို ပိုင်ဆိုင်ထားပြီးတဲ့ အခြေအနေမျိုးနဲ့ အာရုံထဲမှာ ကြိုတင်မြင်ယောင်ပုံဖော်ကြည့်ပါ။ ဒါက ဦးနှောက်ကို အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေပိုမိုဖြစ်ပေါ်လာစေပြီး တကယ်လဲ လက်တွေ့မှာ အောင်မြင်မှုနဲ့ နီးကပ်သွားစေပါတယ်။
    (၂)သင့်ကိုကြောက်စေတဲ့အရာကို တစ်နေ့တစ်ခုလုပ်ပါ။ 
    သင်ကိုယ့်ကိုယ်ကိုယ်မယုံကြည် မလုံမခြုံဖြစ်နေတယ် ဆိုပါစို့။ သိထားရမှာက တစ်လောကလုံးက ကျန်တဲ့လူတွေလဲ သင့်လိုပဲ မလုံမခြုံဖြစ်နေကြတယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို လျှော့မတွက်ပါနဲ့။တ ကယ်တော့ သင်ထင်ထားတာထက်သင်က ပိုစွမ်းဆောင်နိုင်ပြီး သာလွန်ပါတယ်။ အကြောက်တရားကို အနိုင်ယူဖို့ လုပ်သင့်တဲ့ ပထမဆုံးခြေလှမ်းကတော့ ရင်ဆိုင်ကြည့်ဖို့ပါပဲ။ သင်ဟာ လူအများကြား စကားပြောဖို့ကြောက်တဲ့သူတစ်ယောက်ဆိုပါစို့။ တစ်နေ့ကို လူသစ်တစ်ယောက်နဲ့ စကားနည်းနည်းပြောကြည့်ပါ။ တစ်နေ့နည်းနည်းစီနဲ့ သင့် confidence ကို စုဆောင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် comfort zone လို့ခေါ်တဲ့ သက်တောင့်သက်သာနေနေတဲ့ ဘ၀ထဲကနေ ရုန်းထွက်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြည့်လိုက်ပါ။
     (၃)အတွင်းစိတ်က ကိုယ့်ကိုယ်ကိုဝေဖန်နေမှုတွေကိုမေးခွန်းပြန်ထုတ်ပါ။
    Louise L.Hay က ဒီလိုဆိုပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အဆိုးမြင်ဝေဖန်နေခဲ့တာနှစ်ပေါင်းများစွာကြာပါပြီ။ ဒါပေမယ့် အလုပ်ဖြစ်သလားဆိုတော့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို အဆိုးမြင်တဲ့ဖက်ကနေဝေဖန်နေတာကိုရပ်ပြီး အကောင်းဖက်ကပြန်တွေးကြည့်ကြရအောင် တဲ့။ ဥပမာအားဖြင့် သင်ဟာ သင့်ကိုယ်သင် အရှုံးသမားတစ်ယောက်လို့မြင်ထားတယ် ဆိုပါစို့။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အရှုံးသမားလို့ပြောဖို့ ဘယ်လိုသက်သေတွေရှိခဲ့လို့လဲ။ အခွင့်အရေးတွေကို ရှာဖွေပါ၊ ပြီးမြောက်အောင်ဆောင်ရွက်ပါ၊ အောင်မြင်မှုသေးသေးလေးပဲဖြစ်ဖြစ် ရလာတာနဲ့ ကိုယ့်ကိုယ်ကိုဂုဏ်ပြုဖို့လဲ မမေ့ပါနဲ့။
     (၄)လက်တွေ့ဆန်တဲ့အောင်မြင်မှုကိုရယူဖို့ target ထားပါ။
    တကယ့်အတွင်းစိတ်ကလာတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရချင်ရင် ကျွန်တော်တို့ဟာ ကိုယ်ရရှိတဲ့ အောင်မြင်မှုတွေကိုပဲ အာရုံစိုက်ပြီးတော့ ဆုံးရှုံးမှုတွေနဲ့ အနှုတ်လက္ခဏာတွေကို မေ့ထားမှရပါမယ်။ လို့ Denis Waitley က ဆိုပါတယ်။ လူတော်တော်များများက ကိုယ့်စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ ဘာလို့ စိတ်ပျက်အားလျှော့ကြတာလဲဆိုရင် ရနိုင်ဖို့ခက်တဲ့ရည်မှန်းချက်တွေကိုထားလို့ပါ။ ဒါကြောင့် သေးရင်သေးပါစေ၊ ကိုယ်တကယ်ရနိုင်တဲ့ အောင်မြင်မှုခြေလှမ်းတွေနဲ့ပဲ စတင်ပါ။ အောင်မြင်မှုသေးသေးလေးတွေက ရတဲ့ ခွန်အားနဲ့ သတ္တိကိုသုံးပြီး အောင်မြင်မှုကြီးကြီးရနိုင်တဲ့ လုပ်ငန်းတွေဆောင်ရွက်ပါ။ တစ်ခါအောင်မြင်မှုရတိုင်း တစ်ခါချရေးပါ။ ပီတိကိုခံစားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုပိုရလာမှာပါ။
     (၅) လူတွေကို ကူညီပါ။ 
    လူတစ်ဦးတစ်ယောက်ကို ကူညီလိုက်တဲ့အခါ တစ်ဖက်လူမှာပြောင်းလဲသွားတာကိုတွေ့တဲ့ ခံစားမှုက လူတစ်ယောက်ကို နေထိုင်လို့ ကောင်းစေပါတယ်။ မိမိဘ၀ရဲ့ အားနည်းချက်တွေ၊ အဆင်မပြေမှုတွေကိုသာ အာရုံစိုက်နေမယ့်အစား တခြားသူတွေကို ကူညီပေးတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အလိုအလျောက် ရစေပါတယ်။
     (၆) ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
    ကိုယ့်ကိုယ်ကို ဂရုစိုက်တာဟာ အပေါင်းလက္ခဏာဆောင်ပါတယ်။ သင့်တင့်တဲ့ ကိုယ်ကာယလှုပ်ရှားမှုပြုလုပ်ပါ။ အာဟာရပြည့်၀တဲ့ အစားအသောက်စားပြီး အိပ်ရေး၀၀အိပ်ပါ။ ကိုယ့်စိတ်ထဲရှိသလို ၀တ်စားဆင်ယင်ပါ။  ဒါတွေက သင့်ကို နေထိုင်လို့ ပိုကောင်းလာစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရဖို့ ကူညီပေးပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement