backup og meta

မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ

    ကျန်းမာရေးကောင်းတဲ့ ပုရိသတွေအနေနဲ့ ဖွားဖက်တော် ထောင်မတ်နေတာ သိပ်ဆန်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အထိအတွေ့ကြောင့်၊ စိတ်ခံစားချက်ကြောင့် တင်မကဘဲ တစ်ခါတလေမှာ အကြောင်းပြချက်မရှိဘဲနဲ့လည်း လိင်တံ ထောင်မတ်နိုင်ပါတယ်။ အထူးသဖြင့် လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေနဲ့ အရွယ်ငယ်သေးတဲ့ လူငယ်ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီဖြစ်စဉ်ကို Nocturnal Penile Tumescence (NPT) မနက်ခင်းမှာ လိင်တံထောင်မတ်နေခြင်း ဖြစ်စဉ်လို့လည်း ခေါ်ပါတယ်။

    ဒီဆောင်းပါးလေးထဲမှာ မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ

    အမျိုးသားအများစုဟာ မနက်နိုးလာတဲ့အခါ ဖွားဖက်တော် ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့

    ၁။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့

    မျက်လုံးက မှိတ်နေပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာက အသားချင်း အထိအတွေ့အပေါ်မှာ ကောင်းကောင်း ခံစားသိရှိနိုင်ပါတယ်။ ကိုယ်တိုင်က အိပ်နေရင်းနဲ့ လိင်တံကို လက်နဲ့ကိုင်မိတာ၊ ဒါမှမဟုတ် ချစ်သူ၊ ဇနီးက မတော်တဆ လိင်တံကို ထိမိ၊ ကိုင်မိလိုက်တဲ့အခါ ထောင်မတ်ခြင်း ဖြစ်စေပါတယ်။ ဒီလို အထိအတွေ့ကြောင့် ကိုယ်ခန္ဓာက လိင်တံကို ထောင်မတ်စေခြင်းဖြင့် လှုံ့ဆော်ပေးပါတယ်။

    ၂။ ကျားဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း

    ကိုယ်ခန္ဓာက ကျားဟော်မုန်း (Testosterone) ကို အမြဲထုတ်လုပ်ပေးနေတတ်ပါတယ်။ အထူးသဖြင့် မနက်ခင်း နိုးထတဲ့အချိန်မှာ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းဟာ အမြင့်ဆုံး အခြေအနေလို့ သတ်မှတ်လို့ ရပါတယ်။ ဒီလို ကျားဟော်မုန်းတွေ အဆမတန် များလာတဲ့အခါ လိင်တံဟာ ဘယ်လိုလှုံ့ဆော်မှုမှ မလိုဘဲ သူ့အလိုလို ထောင်မတ်လာနိုင်ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အရွယ်မှာ ကျားဟော်မုန်း ထုတ်လုပ်မှုနှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် တချို့ရက်တွေမှာ လိင်တံမထောင်မတ်တာတွေ ဖြစ်နိုင်ပါတယ်။

    ၃။ ဦးနှောက်က အနားယူနေတာ

    လူက နိုးထနေတဲ့အချိန်မှာ လိင်တံ ထောင်မတ်ခြင်းကို မဖြစ်စေဖို့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်ပေးပါတယ်။ အိပ်နေတဲ့အချိန် ဦးနှောက်က အနားယူနေတဲ့အတွက် ဟော်မုန်းအနည်းငယ်သာ ထုတ်လွှတ်ပေးနိုင်တာကြောင့် လိင်တံက ပိုမိုထောင်မတ်ပါတယ်။ အမျိုးသား အများစု ညအိပ်ချိန်မှာ ၃ကြိမ်မှ ၅ကြိမ်ထိ လိင်တံကောင်းစွာ ထောင်မတ်နိုင်ပြီး တစ်ကြိမ်လျှင် နာရီဝက်အထိ ကြာမြင့်နိုင်ပါတယ်။

    ဘယ်သူတွေမှာ မနက်ခင်း လိင်တံ ထောင်မတ်ခြင်း ဖြစ်စဉ်ကို ကြုံတွေ့ရလဲ။

    အမျိုးသားတိုင်း အသက်အရွယ်မရွေး မနက်ပိုင်း နိုးလာတဲ့အခါ လိင်တံထောင်မတ်နိုင်ပါတယ်။ ဒါဟာ လိင်တံအတွင်း သွေးကြောနဲ့ ဦးနှောက်အာရုံကြော စနစ်က ပုံမှန်အလုပ်လုပ်ပြီး ကိုယ်ခန္ဓာက ကျန်းမာနေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာဖြစ်ပါတယ်။

    ၆နှစ်မှ ၈နှစ်အရွယ် ကလေးတွေကနေ အသက် ၆၀ ၇၀ ကျော်-အထိ မနက်ခင်း လိင်တံထောင်မတ်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလိုဖြစ်စဉ်တွေဟာ အကြိမ်ရေ နည်းသွားတာမျိုးတော့ ရှိပါတယ်။ လူတွေထင်ထားသလို လိင်ပိုင်းဆိုင်ရာ အိပ်မက်တွေနဲ့ သက်ဆိုင်မှုမရှိဘဲ လိင်တံက သူ့အလိုလို ထောင်မတ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မနက်ခင်း နိုးထစဉ် လိင်တံထောင်မတ်ချိန်ဟာ မိနစ် ၃၀ ထိ ကြာတတ်ပြီး တချို့အမျိုးသားတွေမှာ မိနစ် ၃၀ ထက် ပိုကြာရှည်စွာ ထောင်မတ်နိုင်ပါတယ်။ အိပ်နေစဉ်မှာတော့ မိနစ် ၃၀ မှ ၂နာရီထိ လိင်တံထောင်မတ်နိုင်ပါတယ်။

    မနက်ပိုင်းမှာ လိင်တံ မထောင်မတ်တော့ရင် စိုးရိမ်စရာ ရှိလား။

    ပုံမှန်အားဖြင့်တော့ လိင်တံ ထောင်မတ်တယ်ဆိုတာ အာရုံကြောစနစ်နဲ့ သွေးကြောက ကောင်းစွာ လည်ပတ်အလုပ်လုပ်တာကို ပြနေတာပါ။ နဂိုတည်းက မနက်ပိုင်းမှာ လိင်တံမထောင်မတ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ သူတို့ကတော့ နဂိုတည်းက မထောင်တာဆိုတော့ သိပ်ပြဿနာ မရှိပါဘူး။

    ဒါပေမယ့် မနက်ပိုင်းမှာ ထောင်မတ်တတ်တဲ့သူတွေက မထောင်တော့ဘူးဆိုရင်၊ တခြားအချိန်တွေမှာပါ ထောင်မတ်ဖို့ ခက်ခဲနေတယ်ဆိုရင် သွေးတိုး၊ ကိုလက်စထရော၊ ဆီးချို၊ စိတ်ကျရောဂါနဲ့ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အသက်အရွယ်ကြီးလာလို့ ထောင်မတ်ခြင်း နည်းသွားတာမျိုးတော့ ဖြစ်နိုင်ပေမဲ့ ငယ်ရွယ်စဉ်မှာ ဒီလိုအခြေအနေမတွေ့ရဘူး။ စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ ပုရိသအားလုံးလည်း ကျန်းမာပျော်ရွှင်ဖွယ် လိင်မှုဘဝ ပိုင်ဆိုင်ရပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement