backup og meta

ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 29/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ

    Circumcision ဆိုတာ အမျိုးသားတွေရဲ့ လိင်တံထိပ်ကို ဖုံးထားတဲ့ ထိပ်အရေပြားကို ခွဲစိတ်ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဘာသာရေးအရ ထိပ်အရေပြား ကို ဖြတ်တာမျိုး ရှိပေမယ့် များသောအားဖြင့် မလိုလားအပ်တဲ့ အမျိုးသားရောဂါတွေ ကာကွယ်ပေးဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ရမှာ ပိုလွယ်ကူစေဖို့ ဖြတ်ပေးရခြင်း ဖြစ်ပါတယ်။

    အသက်အရွယ် မရွေး ထိပ်အရေပြား ဖြတ်လို့ ရပါတယ်။ ကလေးမွေးပြီးကာစမှာ ဖြတ်ထားလိုက်ရင်တော့ ပိုပြီး ဒဏ်ခံရသက်သာနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ထိပ်အရေပြား ဖြတ်ထားသူ အရေအတွက်ဟာ အနည်းအကျဉ်းသာ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ အကြောင်း ပြောပြပေးသွားပါမယ်။

    ထိပ်အရေပြားကို မဖြစ်မနေ ဖြတ်ပေးဖို့တော့ မလိုပါဘူး။ ဒါဟာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ အကယ်လို့ မဖြတ်ချင်ဘူး၊ မွေးရာပါအတိုင်းပဲ ထားမယ်ဆိုရင် သိထားသင့်တဲ့ နောက်ဆက်တွဲ ရောဂါတွေ၊ ဘယ်လို ကာကွယ်ရမလဲ၊ ဘယ်လို သန့်ရှင်းရေး လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ

    ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများကတော့

    ၁။ ထိပ်အရေပြား ကျပ်ပြီး နောက်ပြန်ဆွဲမရခြင်း

    ကလေး ငယ်စဉ်မှာ ဖြစ်တတ်ပြီး အရေပြားက ကျပ်လွန်းကာ နောက်ပြန်လှန်ဆွဲလို့ မရတာပါ။ ပုံမှန်အားဖြင့် အသက် ၃နှစ်မှ စလို့ အသက် ၁၇ နှစ်ရောက်ရင်တော့ အရေပြားကို နောက်သို့ ကောင်းကောင်း လှန်ဆွဲလို့ ရသွားတတ်ပါတယ်။

    တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားများ၊ ထိပ်အရေပြားအောက်မှာ အရိအချွဲ၊ ရောဂါပိုးများ အောင်းနေခြင်း၊ ထိပ်အရေပြားကို အတင်းလှန်ဆွဲရာမှ ဒဏ်ရာဖြစ်ပြီး အမာရွတ်ကျန်ခဲ့ခြင်းတွေကြောင့် အသက်ကြီးတဲ့အထိ ထိပ်အရေပြား နောက်ပြန်ဆွဲမရတာမျိုး ဖြစ်နိုင်ပါတယ်။

    ဆရာဝန်နဲ့ သေချာပြပြီး သောက်ဆေး၊ လိမ်းဆေး မှီဝဲတာ၊ ရေချိုးစဉ်မှာ ရေနွေးနဲ့ ဆေးပြီး တစ်နေ့ကို နည်းနည်းချင်း အရေပြား နောက်လှန်ဆွဲပေးတာ၊ လိုအပ်ရင် ထိပ်အရေပြား ဖြတ်တာ စတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

    ၂။ ထိပ်အရေပြား ရောင်ရမ်းခြင်း

    လိင်အင်္ဂါအတွင်း ပိုးဝင်ခြင်းကြောင့် ထိပ်အရေပြားသာမက လိင်အင်္ဂါ ထိပ်ဖူးပါ ရောင်ရမ်းနေတတ်ပါတယ်။ အရေးပေါ် ကုသဖို့ လိုအပ်တဲ့ အခြေအနေဖြစ်ပြီး ဒီအတိုင်း ပစ်ထားမယ်ဆိုရင် လိင်အင်္ဂါ တစ်သျှူးတွေ ပျက်စီးတာ၊ လိင်အင်္ဂါ ဖယ်ထုတ်လိုက်ရတာတွေပါ ဖြစ်နိုင်ပါတယ်။

    လိင်အင်္ဂါ ရောင်ရမ်းခြင်း၊ အရောင်ပြောင်းသွားခြင်း၊ ထိပ်ဖူး သို့မဟုတ် ထိပ်အရေပြားမှာ နာကျင်မှု ခံစားရခြင်း သို့မဟုတ် ထိလိုက်တဲ့အခါ ဘာမှ မခံစားရခြင်း ဖြစ်ပါက ဆရာဝန်နဲ့ အမြန် ပြကြည့်ဖို့ လိုပါတယ်။ အရင်ဆုံး ရောင်နေတာကို အရင်ဆုံး လျော့ကျအောင် လုပ်ပြီးသွားမှ အရေပြားကို အပေါ် ပြန်ဆွဲတင်ဖို့ လုပ်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ထုံဆေး သုံးပါလိမ့်မယ်။

    ၃။ လိင်အင်္ဂါ ပိုးဝင်ခြင်း

    ပိုးဝင်တဲ့ လက္ခဏာတွေကတော့ ထိပ်အရေပြား ပတ်လည်မှာ အဖြူကွက်များ ဖြစ်နေခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ထိပ်ဖူး ရောင်နေခြင်း၊ လိင်အင်္ဂါ ပတ်လည်မှာ အလွန်အမင်း ယားယံခြင်း၊ အနံ့အရမ်းဆိုးပြီး အဖတ်၊ အခဲများ ပါတဲ့ ပြည်ရည်များ စိမ့်ထွက်ခြင်းတွေပဲ ဖြစ်ပါတယ်။

    တခြား ပြဿနာတွေအနေနဲ့ လိင်အင်္ဂါ မှိုစွဲတာ၊ ပွေးပေါက်တာ၊ ဂနို၊ ကာလသားရောဂါ၊ ခလက်မီးဒီးယား ရောဂါ၊ ကြွက်နို့ပေါက်တာ စတာတွေကြောင့်လည်း ပိုးဝင်နိုင်ပါတယ်။

    ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်လိမ်းတာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ သေချာပြပြီး ကိုယ့်မှာ ဘာရောဂါ ဖြစ်နေလဲဆိုတာ အရင်စစ်ဆေးဖို့ လိုပါတယ်။ ကိုယ့်မှာ ဖြစ်နေတာက မှိုရောဂါလား၊ အရေပြားပြဿနာလား၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါလားဆိုတာ သေချာသိပြီဆိုတော့မှ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ သောက်ဆေး၊ လိမ်းဆေး၊ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း ပုံမှန်ထက် ဂရုစိုက်ဖို့ လိုပါတယ်။

    ၄။ ဒဏ်ရာ အနာတရဖြစ်ခြင်း

    ထိပ်အရေပြားသည် အလွန်နူးညံ့တဲ့ အစိတ်အပိုင်းဖြစ်လို့ ပွန်းပဲ့ထိခိုက်ဖို့လည်း အရမ်းလွယ်ကူပါတယ်။ ဥပမာ – ဘောင်းဘီဝတ်နေရင်း အရေပြားနဲ့ ဇစ် ညှပ်မိတာ၊ အတွင်းခံ အကျပ်တွေ ဝတ်ပြီး အရေပြားနဲ့ အဝတ် ပွတ်တိုက်မှုဖြစ်ကာ ပွန်းပဲ့ခြင်း၊ ရေချိုးဆပ်ပြာ အပြင်းစားတွေနဲ့ လိင်အင်္ဂါကို ဆေးကြောခြင်း စတာတွေကြောင့်လည်း ထိခိုက်မိနိုင်ပါတယ်။

    ဒါတွေ ကာကွယ်ဖို့ဆိုရင် အတွင်းခံကိုတော့ ဝတ်ပေးဖို့ လိုပါတယ်။ အရမ်းကျပ်တာမျိုး မဟုတ်ဘဲ ချောင်ချိပြီး လေဝင်လေထွက် ကောင်းတဲ့ ချည်သားအတွင်းခံမျိုး ဝတ်ပေးရပါမယ်။

    ထိခိုက်မိတဲ့အခါ ရေခဲအုံတာ၊ ပလာစတာ ကပ်ထားတာမျိုး လုပ်ပေးလို့ ရပါတယ်။ အနာမကျက်ခင်အထိ လိင်အင်္ဂါကို မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်တာ၊ ကုတ်ဖဲ့တာမျိုး မလုပ်ရပါဘူး။

    အထူးသဖြင့် ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ် ပတ်လည်မှာ Smegma လို့ ခေါ်တဲ့ အဖြူရောင် အရိအချွဲတွေ ကပ်နေနိုင်တဲ့အတွက် နေ့စဉ် ရေချိုးတဲ့အချိန်တိုင်း သေချာ ဆေးကြော သန့်ရှင်းရေးလုပ်ဖို့လည်း အရေးကြီးပါတယ်။

    ဒီပြဿနာတွေက ဖြစ်တတ်တဲ့ ပြဿနာတွေပဲဖြစ်ပြီးအရေပြားမဖြတ်ရင် ဖြစ်ကိုဖြစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဆိုပေမယ့် မဖြတ်ဘူးဆိုရင်တော့ တခြား အမျိုးသားတွေထက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 29/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement