ငယ်ငယ်က သူငယ်ချင်း အချင်းချင်း နောက်ကြပြောင်ကြရင်း ပေါင်ခွကြားကို ကန်မိရင် နာသွား၊အောင့်သွားတာမျိုး ယောက်ျားလေး အတော်များများ ခံစားဖူးကြမှာပါ။ ဒီလို အကန်မခံရဖူးရင်တောင် သင့်ဘဝမှာ အနည်းဆုံး တခါလောက်တော့ ဝှေးစေ့နာကျင်ခြင်း ဝေဒနာကို ခံစားကောင်း ခံစားဖူးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အမျိုးသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေတရပ် ဖြစ်တာကြောင့်ပါ။ တခုခုဆိုရင် အစိုးရိမ်လွန်တတ်တဲ့သူတွေအဖို့ ဝှေးစေ့နာကျင်တဲ့အခါ ဝှေးစေ့ကင်ဆာ ဖြစ်နေပြီလားလို့ပါ တဆုံးတွေးတတ်ကြပါသေးတယ်။ ဒါပေမယ့် ဝှေးစေ့ကင်ဆာ အများစုဟာ (အခြားကင်ဆာတွေနည်းတူ) နာကျင်တဲ့ လက္ခဏာပြလေ့ မရှိပါဘူး။ ပြီးတော့ ဝှေးစေ့ကင်ဆာဆိုရင် အလုံးစမ်းမိတတ်ပါတယ်။ တခါ ပျော်တတ်ပါးတတ်သူတွေကျပြန်တော့ ဝှေးစေ့အောင့်နေ၊နာနေရင် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတခုခု ဖြစ်နေပြီလားလို့ ထင်တတ်ကြပြန်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ရောဂါအများစုဟာ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကိုသာ အဓိက ပြလေ့ရှိတာမို့ ဆီးကျဉ်၊ဆီးပူ၊ဆီးအောင့်ခြင်းတွေကိုပဲ ခံစားရမှာပါ။