backup og meta

လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား

    လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါပဲ။ အလွယ်ပြောရမယ်ဆိုရင် ထိုးသွင်းဆက်ဆံခြင်းပြုတော့မယ့်အချိန်မှာ လိင်တံပျော့ကျသွားတာ၊ ထောင်မတ်ဖို့ အချိန်စောင့်ရတာပါ။ အမျိုးသားတစ်ယောက်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏသည် လိင်တံထောင်မတ်ခြင်းကို လွှမ်းမိုးနေတဲ့ အဓိကဟော်မုန်းဆိုလည်း မမှားပါဘူး။ ကျားဟော်မုန်းအပြင် တခြားအချက်တွေကလည်း လိင်တံထောင်မတ်နိုင်စွမ်းကို လွှမ်းမိုးနေပါတယ်။ ဥပမာ လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။

    လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား

    ရုပ်ခန္ဓာကျန်းမာရေးရော စိတ်ကျန်းမာရေး နှစ်မျိုးလုံးက လိင်တံထောင်မတ်နိုင်ခြင်းကို သွားပြီး လွှမ်းမိုးနိုင်တယ်ဆိုတာ အရင်ဆုံးသိထားဖို့ လိုပါတယ်။ ရုပ်ခန္ဓာအရဆိုရင်တော့ သွေးကြောတွေ ကျဉ်းလာတဲ့ရောဂါ (atherosclerosis) ကြောင့်ပဲဖြစ်ပါတယ်။

    ကျွန်တော်တို့ အမျိုးသားတွေအတွက် လိင်တံထောင်မတ်နိုင်ဖို့ အထဲက သွေးကြောတွေထဲကို သွေးအပြည့်အဝစီးဆင်းရပါတယ်။ ဒီလိုသွေးစီးဆင်းမှုကြောင့် သွေးကြောတွေဟာ ဖောင်းလာပြီး ထောင်မတ်ခြင်းကို ဖြစ်စေတာပါ။ သွေးကြောတွေ ကျဉ်းသွားတဲ့အခါ လိင်တံအတွင်း သွေးအလုံအလောက်ပို့ဆောင်ပေးနိုင်ခြင်းမရှိတော့ပါဘူး။

    ကိုလက်စထရောတွေ များလာတဲ့အခါ ကိုယ်ခန္ဓာထဲက သွေးကြောတွေက ကျဉ်းမြောင်းသွားနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောထဲမှာ သွေးအပြင် ကိုလက်စထရော၊ အဆီဓာတ်တွေ စုပုံလာတာကြောင့် သွေးအလုံအလောက်မစီးဆင်းနိုင်တော့တဲ့အတွက် လိင်တံထောင်မတ်ခြင်းကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ပန်းသေပန်းညှိုးဖြစ်ခြင်းဟာ ကိုလက်စထရောများခြင်းနဲ့ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

    အစားအသောက်နဲ့ ပန်းသေပန်းညှိုးရောဂါ

    ကိုလက်စထရောများတဲ့ အစားအစာတွေ၊ အဆီ၊ အငန်များလွန်းတဲ့ အစားအစာတွေဟာ သွေးတွင်းကိုလက်စထရောကို မြင့်တက်စေရုံသာမက သွေးတိုး၊ နှလုံးရောဂါတွေကိုပါ ဖြစ်စေနိုင်ပြီး ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးမယ်ဆိုရင်တော့ အသက်ကြီးလာရင်တောင်မှ ဒီလိုပြဿနာတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ဒါကြောင့် ပန်းသေပန်းညှိုးမဖြစ်စေဖို့

    • ငါးနဲ့ ပင်လယ်စာအမျိုးမျိုး (ပုစွန်၊ ခရုကမာကောင်)
    • အသီးအနှံအမျိုးမျိုး (ပန်းသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ထောပတ်သီး)
    • ဟင်းသီးဟင်းရွက် (ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ကန်စွန်းရွက်၊ ကြက်သွန်နီ)
    • အစေ့အဆန်အမျိုးမျိုး (ဘာလီစေ့) ကို အဓိကစားပေးသင့်ပါတယ်။

    ရှောင်သင့်တဲ့ အစားအစာတွေကို ပြောရမယ်ဆိုရင်

    • ထောပတ်၊ ပီဇာ၊ အသင့်စားအစားအစာတွေ
    • တာရှည်ခံ သိုလှောင်အေးခဲထားတဲ့ အစားအစာတွေ
    • အချိုသကြားဓာတ် များလွန်းတဲ့ မုန့်၊ အအေးတွေ
    • စားအုန်းဆီ
    • အဆီများတဲ့ အသားတွေကို အဓိက လျှော့စားပေးဖို့ လိုပါတယ်။

    ပန်းသေပန်းညှိုးကို ဖြစ်စေတဲ့ ရောဂါတွေနဲ့ မကောင်းတဲ့ နေထိုင်မှုပုံစံတွေကရော ဘာတွေလဲ။

    • အဝလွန်ခြင်း
    • အမျိုးအစား ၂ ဆီးချိုရောဂါ
    • ကျောက်ကပ်ပျက်စီးခြင်း
    • လိင်တံအတွင်း အဖြူဖတ်များ ကပ်တွယ်နေခြင်း (တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်း)
    • ဆီးကျိတ်ကင်ဆာ
    • လိင်အင်္ဂါတစ်ဝိုက်ကို ထိခိုက်မိခြင်း
    • ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း
    • မူးယစ်ဆေးဝါးသုံးစွဲခြင်း
    • စိတ်ဖိစီးမှု
    • စိတ်ကျရောဂါ
    • စိုးရိမ်ပူပန်တာအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ပန်းသေပန်းညှိုးရောဂါသည် အစပျိုးလာနိုင်ပါတယ်။

    ဘယ်အသက်အရွယ်တွေမှာ အဖြစ်များလဲ။

    ပုံမှန်အားဖြင့်တော့ အသက်ကြီးတဲ့အမျိုးသားတွေမှာ ကျားဟော်မုန်းပမာဏ ကျဆင်းလာခြင်းကြောင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ အသက် ၃၀ အောက်လူငယ်တွေမှာပါ ပန်းသေပန်းညှိုးအစပျိုးလာပြီဆိုတာ တွေ့ရှိရပါတယ်။

    များသောအားဖြင့် စိတ်ဖိစီးမှုတွေ၊ အချစ်ရေး၊ မိသားစုနဲ့ ပတ်သက်ပြီး အဆင်မပြေတာ၊ လိင်မှုကိစ္စအတွက် စိုးရိမ်ပူပန်စိတ် များလွန်းနေတာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်သောက်တာတွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားခြင်းကြောင့် ပိုအဖြစ်များလာတာပါ။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ သွားပြသင့်ပြီလဲ။

    ထိုးသွင်းဆက်ဆံမှု ပြုတဲ့အချိန်မှာ လိင်တံမထောင်မတ်နိုင်တော့တဲ့ ပြဿနာတွေ မကြာခဏ ကြုံလာရတာ၊ မနက်နိုးလာတဲ့အခါ ထောင်မတ်မနေတာ၊ ထောင်မတ်နိုင်စွမ်းကို အချိန်ကြာကြာမထိန်းထားနိုင်တာ အစရှိတဲ့ ပြဿနာတွေ မကြာခဏ ကြုံနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ လိင်မှုကိစ္စဆိုင်ရာ ပြဿနာတွေ မေးမြန်းပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

    ဒီစစ်ဆေးမှုတွေထဲမှာ တခြားကိုယ်မသိသေးတဲ့ ရောဂါရှိ၊ မရှိ အရင်ဆုံးစစ်ဆေးမှာဖြစ်ပြီး လိင်တံ၊ ဝှေးစေ့မှာ မူမမှန်တာ၊ ဆီးကျိတ်ကင်ဆာဖြစ်နေလား စတာတွေအပြင် သွေးနဲ့ ဆီးကိုပါ စစ်ဆေးမှာဖြစ်ပါတယ်။ ကျန်းမာရေးအရ အကုန်ကောင်းတယ်ဆိုရင်တော့ စိတ်ကြောင့်ဖြစ်နိုင်ခြေ ပိုများတဲ့အတွက် စိတ်ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပေးသွားမှာပါ။ ပန်းသေပန်းညှိုးကို အမြစ်ပြတ်ကုသချင်ရင်တော့ သူ့နောက်ကွယ်က အဓိကတရားခံကို အကြောင်းရင်းကို အရင်ဆုံးဖြေရှင်းနိုင်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ကိုယ့်မှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံလာရပြီဆိုတာနဲ့ ဆရာဝန်နဲ့ ပြဖို့ မရှက်သင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement