backup og meta

လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 29/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ

    လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ လေးတွေကို ဆွေးနွေးပေးသွားပါမယ်။

    လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းဟာ မွေးကင်းစအရွယ်နဲ့ ကလေး အရွယ်တွေမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လူလားမြောက်တဲ့ အရွယ်အထိ ဖြစ်ပွားတတ်ပါတယ်။ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်း ဆိုတာ အကြီးအကျယ်ကုသရတဲ့ ရောဂါ တစ်ခု မဟုတ်ပေမဲ့ လိင်တံနီရဲခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံထိပ်ငုံအရေပြားကျပ်တဲ့အခါ အမျိုးသားတွေ

    ဆီးသွားတဲ့ အချိန်နဲ့ လိင်မှု ကိစ္စတွေကိုပါ ထိခိုက်နိုင်ပါတယ်။ လေ့လာချက်တွေအရ အမျိုးသား ၂ ရာခိုင်နှုန်းဟာ နောက်ပြန်ဆွဲလို့မရတဲ့ လိင်တံထိပ်ငုံအရေပြား တွေရှိကြတယ် လို့ သိရပါတယ်။

    လိင်တံထိပ်ငုံအရေပြား နဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များ

    လိင်တံထိပ်ငုံအရေပြားဟာ မူလကတည်းက လိပ်တံကို အုပ်ထားပေးထားတာ သဘာဝတစ်ရပ်ပါပဲ။ ဒီလို လိင်တံထိပ်ငုံအရေပြားကို ငယ်ငယ်ကတည်းက ဖြတ်ထုတ်လိုက်ရင် လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း မဖြစ်နိုင်တော့ပါဘူး။

    တစ်ခါတစ်ရံ phimosis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြားက တင်းကျပ်သွားပြီး အနောက်ကို ပြန်လှန်လို့မရတော့တဲ့ အခြေအနေတွေရှိတတ်ပါတယ်။ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ကုသခြင်းဟာ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ရောဂါလက္ခဏာ အပျော့၊ အပြင်းအပေါ် မူတည်ပြီး အမျိုးမျိုးကုသနိုင်ပါတယ်။

    လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း အမျိုးအစား ဘယ်လောက်ရှိသလဲ

    ဆေးပညာအရ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို အောက်ပါ အမျိုးအစားတွေအတိုင်းခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့-

    (၁) Phimosis

    လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေကို Phimosis လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အသက် ၂ နှစ်ကနေ ၆ နှစ်အတွင်း ကလေးများမှာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေမှာဆိုရင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးသွားတဲ့အခါ ခက်ခဲခြင်း မဖြစ်သ၍ Phimosis အခြေအနေကို စိုးရိမ်စရာ မလိုပါဘူး။

    (၂) Paraphimosis

    Paraphimosis ဆိုတာ အမျိုးသားတစ်ယောက်ရဲ့ လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထား မရောက်တဲ့ ဖြစ်စဉ်ကို ခေါ်တာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်မျိုးဖြစ်တဲ့အခါ လိင်တံမှာ သွေးမလျှောက်ခြင်းကြောင့် တစ်ရှူးများ ပုပ်ပွပျက်စီးခြင်းနဲ့ လိင်တံထိပ်ကို ဖြတ်တောက်ရခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ Paraphimosis ဟာ Phimosis ထက် ပိုပြင်းထန်တဲ့ ဝေဒနာဖြစ်ပြီး Paraphimosis ဖြစ်ပြီဆိုရင် လိင်တံတစ်လျှောက် သွေးကြော ပြန်စီးဆင်းစေဖို့အတွက် ထိရောက်တဲ့ အရေးပေါ် ကုသမှုကို ခံယူသင့်ပါတယ်။

    phimosis ဖြစ်ပွားရခြင်း အကြောင်းရင်းများ

    phimosis ဟာ ခန္ဓာကိုယ်ကြောင့်ဖြစ်နိုင်သလို ရောဂါကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။

    ခန္ဓာကိုယ်ကြောင့် ဖြစ်ပွားတဲ့ phimosis

    ဒီလို ဖြစ်ပွားတဲ့ phimosis မှာ မွေးကတည်းက လိင်တံထိပ်ငုံအရေပြားက ကျပ်နေပြီး ဒီအခြေအနေဟာ အသက် ၆ နှစ် ၊ ၇ နှစ်အရွယ်မှာ ပျောက်ကင်းသွားတတ်ကြပါတယ်။

    ရောဂါကြောင့်ဖြစ်တဲ့ phimosis

    ရောဂါကြောင့်ဖြစ်တဲ့ phimosis ဟာ ကူးစက်ခံရခြင်း၊ ရောင်ရမ်းခြင်းနဲ့ အမာရွတ်တို့ကြောင့် ဖြစ်ရတာပါ။ phimosis ကို ဖြစ်စေတဲ့ ရောဂါတွေကတော့-

    Balanitis

    Balanitis လို့ခေါ်တဲ့ လိင်တံထိပ်ပိုင်း ရောင်ရမ်းနေခြင်းကြောင့် လိင်တံထိပ်ငုံအရေပြားကျပ်သွားခြင်း၊ ဆီးသွားချိန်နာကျင်ခြင်းနဲ့ တစ်ခြားဝေဒနာတွေကို ခံစားရနိုင်တဲ့ ရောဂါ။ Balanitis ဖြစ်တဲ့ တစ်ချို့လူတွေမှာဆိုရင် လိင်တံထိပ်ငုံအရေပြားအောက်က ပြည်တွေ ထွက်တတ်ကြပါတယ်။

    Balanoposthitis

    လိင်တံထိပ်ငုံအရေပြား မဖြတ်တောက်ထားတဲ့ အမျိုးသားတွေမှာဆိုရင် balanitis လို့ခေါ်တဲ့ လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်းနဲ့ posthitis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြား ရောင်ရမ်းခြင်းတို့ (၂) ခုလုံးဖြစ်ပွားတဲ့ balanoposthitis ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မှိုရောဂါတွေကြောင့် ရောဂါ ကူးစက်ခြင်းတွေကလည်း balanoposthitis လို့ခေါ်တဲ့ လိင်တံထိပ်ပိုင်းရော၊ အရေပြားရော (၂) ခုလုံးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုကူးစက်ခံရရင် အမာရွတ်ဖြစ်ပေါ်ပြီး လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    လိင်ဆက်ဆံခြင်းမှု တစ်ဆင့်ကူးစက်တတ်သော ရောဂါများ (Sexually transmitted infections (STIs))

    တစ်ချို့သော STI ရောဂါတွေက လိင်တံထိပ်ပိုင်း တွေကို ရောင်ရမ်းစေပြီး လိင်တံ တင်းမာခြင်းနဲ့ နေရထိုင်ရခက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ဖြစ်စေနိုင်တဲ့ STI တွေကတော့ –

    • လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း၊
    • ဆီးပူညောင်းကျ (ကာလသား ရောဂါ)၊
    • ဆစ်ဖလစ်ရောဂါ တို့ဖြစ်ကြပါတယ်။

    အရေပြားရဲ့ အခြေအနေ

    တစ်ချို့သော အရေပြားရောဂါတွေကလည်း လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ပိုဆိုးရွားစေတတ်ပါတယ်။ အဲ့ဒါတွေကတော့-

    • နှင်းခူနာ – နှင်းခူနာက အရေပြားကို ခြောက်သွေ့စေပြီး အရေပြားကို အချပ်လိုက် ဖြစ်စေနိုင်ပါတယ်။
    • Lichen planus ဆိုတဲ့ ရောင်ရမ်းတဲ့ အရေပြား အဖုများ ထွက်တဲ့ ရောဂါ၊
    • Lichen sclerosus – ဒီဝေဒနာဟာ လိင်တံထိပ်ငုံအရေပြား နဲ့ လိင်တံထိပ်ပိုင်းတွေမှာ အဖြူရောင် အရေပြားအကွက်တွေကို ဖြစ်စေပြီး အမာရွတ် ပေါ်စေနိုင်ပါတယ်။
    • အနီပိမ့်များ ထသည့် အရေပြား ရောဂါမျိုး (Psoriasis) – ဒီရောဂါဟာဆိုရင် မာကျွတ်၊ ခြောက်သွေ့တဲ့ အရေပြား အချပ်တွေ ဖြစ်ပေါ်စေတဲ့ ရောဂါ ဖြစ်ပါတယ်။

    အသက်အရွယ်

    အသက်အရွယ်ကြောင့်လည်း Phimosis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့ အရည်ပြားဟာ မာတင်းလာပြီး မပျော့ပြောင်းတော့တဲ့ အတွက် ဖြစ်ရတာပါ။

    Paraphimosis ရောဂါ ဖြစ်ပွားခြင်း အကြောင်းရင်းများ

    အမျိုးသားတစ်ယောက်ရဲ့ လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန်အနေအထားမရောက်တဲ့ ဖြစ်စဉ်ကို Paraphimosis လို့ခေါ်ပါတယ်။ လိင်တံထိခိုက်ဒဏ်ရာရခြင်းတွေက Paraphimosis ကို ဖြစ်စေနိုင်ပါတယ်။ တစ်ခြား ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့-

    • Phimosis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ၊
    • ကူးစက်ရောဂါ ခံစားရခြင်း၊
    • လိင်တံထိပ်ငုံအရေပြားကို အချိန်အကြာကြီး နောက်ကို ရုပ်ထားမိခြင်း
    • လိင်တံထိပ်ငုံအရေပြားကို ကြမ်းတမ်းစွာ နောက်ကို ရုပ်ခြင်း။

    ကုသနည်းများ

    ဘာဝေဒနာမှ မခံစားရရင်တော့ ဘာကုသမှုမှ မလိုပါဘူး။ ဒါပေမဲ့ ဝေဒနာခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေက ဝေဒနာကို လျော့ပါးစေနိုင်ပါတယ်။

    လိင်တံ သန့်ရှင်းရေး

    လိင်တံကို ကျန်းမာရေးနဲ့ အညီ သန့်ရှင်းစွာ ထားခြင်းဟာ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း ဝေဒနာကို လျော့နည်းစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့-

    • လိင်တံကို ရေနွေးနွေး၊ ဆပ်ပြာအပျော့စားဖြင့် ညင်သာစွာဆေးကြောပေးခြင်း၊
    • လိင်တံထိပ်ငုံအရေပြားကို ညင်သာစွာ နောက်ကိုလှန်ပြီး အတွင်းပိုင်းကို ဆေးကြောခြင်း
    • (သတိထားရန်။ ကလေးငယ်များနဲ့လူငယ်ဘဝမှာတော့ လိင်တံထိပ်ငုံအရေပြားကို နောက်သို့လှန်ခြင်းဟာ နာကျင်စေနိုင်တဲ့အတွက် မဆေးကြောသင့်ပါဘူး။ )
    • လိင်တံကို ခြောက်သွေ့စွာထားရှိခြင်း၊
    • အနံ့ပျောက်ဆေးနဲ့ အလှဆီတို့လို ဓါတု ပစ္စည်းများနဲ့ လိင်တံကို မလိမ်းကျံခြင်း။
    • လိင်တံထိပ်ငုံအရည်ပြားကို ဆွဲဆန့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း

    လိင်တံထိပ်ငုံအရေပြားကို လက်ဖြင့် ပုံမှန်ဆွဲဆန့်ပေးခြင်းဟာ အရေပြားရဲ့ ချုံ၊ ချဲ့ နိုင်စွမ်းကို ထိန်းသိမ်းပေးနိုင်ပြီး အရေပြားမာကြောခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လိင်တံကို ဆေးကြောစဉ်မှာ အရေပြားကို ပုံမှန် ဆွဲဆန့်ပေးနိုင်ပါတယ်။

    ( ဒီလေ့ကျင့်ခန်းဟာ လိင်တံထိပ်ငုံအရေပြားနဲ့ လိင်တံထိပ်ပိုင်း စတင်ကွဲသွားတဲ့ အချိန်ဖြစ်တဲ့ အသက် ၇ နှစ်က စလို့ ပြုလုပ်နိုင်ပါတယ်။) ယောက်ျားလေး အမျိုးမျိုးရဲ့ ကြီးထွားခြင်း ဖြစ်စဉ်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် ဒီလေ့ကျင့်ခန်း မပြုလုပ်မှီ ဆရာဝန်နဲ့ အရင် ဆွေးနွေးသင့်ပါတယ်။

    ဆေးဝါးများ

    လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ကုသပေးနိုင်တဲ့ ဆေးဝါး အမျိုးမျိုးရှိပြီး ဘယ်လိုဆေးမျိုးကို မှီဝဲရမလဲဆိုတာကတော့ ဖြစ်ပွားခြင်း အကြောင်းရင်းပေါ်မူတည်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ စဉ်းစားသင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

    ဆေးစာမလိုဘဲ ဒီအတိုင်း ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရတဲ့ steroid ခရင်မ် တွေက လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒီဆေးကိုသုံးမယ်ဆိုရင် လိင်တံထိပ်ငုံအရေပြားကို နေ့စဉ် ၂ လအထိ ပုံမှန်လိမ်းပေးသင့်ပါတယ်။ ဒီဆေးဝါးတွေနဲ့ လိင်တံထိပ်ငုံအရေပြားဆွဲဆန့် လေ့ကျင့်ခန်းတွေနဲ့ တွဲလုပ်ရင် အထိရောက်ဆုံးဖြစ်ပြီး steroid ခရင်မ် ကို မသုံးတော့ဘူးဆိုရင်တောင် လေ့ကျင့်ခန်းက လိပ်တံ အရေပြားကျပ်ခြင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

    ဆေးစာနှင့်တကွ ဝယ်ယူရသော ဆေးများ

    လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းက ကူးစက်ရောဂါကြောင့် ဖြစ်တာဆိုရင် ဆရာဝန်တွေက ပဋိဇီဝဆေးတွေ ဖြစ်တဲ့ bacitracin နဲ့ clotrimazole (Lotrimin AF) လိုဆေးမျိုးကို ညွှန်းပေးမှာ ဖြစ်ပါတယ်။

    ထုံဆေးများ

    လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထား မရောက်တဲ့ ဖြစ်စဉ်ဖြစ်တဲ့ paraphimosis မှာဆိုရင် အရည်ပြားကို ရှေ့ကို ပြန်ဆွဲထုတ်တဲ့အခါ မနာကျင်စေဖို့ ထုံဆေးအဆီတွေ အသုံးပြုနိုင်ပါတယ်။

    ခွဲစိတ်ကုသမှုများ

    တခြားသော နည်းလမ်းတွေက လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းကို မကုသနိုင်ဘူးဆိုရင် ခွဲစိတ်ကုသဖို့လိုလာပါပြီ။ ခွဲစိတ်ကုသတဲ့ အခါမှာ ခွဲစိတ်ဆရာဝန်က လိင်တံထိပ်ငုံအရေပြားကို ဖြတ်တောက်ကုသပေးတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလို ခွဲစိတ်ခြင်းတွေက တစ်ရှုးတွေ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်ခြင်းကို မတားဆီးပေးနိုင်ပါဘူး။

    Circumcision (လိင်တံထိပ် အရေပြားကို ဖြတ်ခြင်း)

    လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ (Phimosis ) နဲ့ လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထားမရောက်တဲ့ ဖြစ်စဉ် (Paraphimosis) ၊ လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်းဖြစ်စဉ် (balanitis)နဲ့ လိင်တံ ထိပ်ပိုင်းရော၊ အရေပြားရော ရောင်ရမ်းတဲ့ ဖြစ်စဉ်ဖြစ်တဲ့ balanoposthitis ဖြစ်စဉ် ၄ မျိုးခန့်ဖြစ်ပြီဆိုရင် ခွဲစိတ်ပြီး လိင်တံထိပ် အရည်ပြားကို ဖယ်ရှားဖို့လိုပါတယ်။ ဒါကို circumcision လုပ်တယ်လို့လည်းခေါ်ပြီး ဂျူးလူမျိုးနဲ့ မွတ်စလင်ဘာသာဝင်တို့ရဲ့ ဘာသာရေး အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ circumcision ဟာ သွေးထွက်ခြင်းနဲ့ ကူးစက်ရောဂါ ရနိုင်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့ အတွက် ဆရာဝန်များက နောက်ဆုံး နည်းလမ်း အဖြစ်သာ သုံးလေ့ရှိပါတယ်။

    ကာကွယ်ခြင်းနဲ့ အသစ်ထပ်တိုးလာနိုင်သော နည်းလမ်းများ

    နေ့စဉ် ပုံမှန်ဆေးကြောပေးခြင်းက လိင်တံထိပ်အရေပြား ကျပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခြားသော ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့

    • တစ်ကိုယ်ရေသန့်ရှင်းရေး ပုံမှန်လုပ်ပေးခြင်း။
    • ငယ်စဉ်ကတည်းက လိင်တံထိပ် အရေပြားကို ပုံမှန် ဆွဲဆန့်ပေးခြင်း၊
    • အရေပြားရောဂါတွေ ပေါ်လာတာနဲ့ ချက်ခြင်းကုသခြင်း။
    • STI ရောဂါများ မပျံ့နှံ့စေရန် ကွန်ဒုံး အသုံးပြုခြင်း၊
    • နာကျင်ခြင်းနဲ့ လိင်တံချော်ထွက်ခြင်း မဖြစ်စေရန် ချောဆီ အသုံးပြုခြင်း။
    • အရေပြားနဲ့ လိင်တံထိပ်မှာ ကူးစက်ခံရပြီဆိုရင် အမာရွတ် မဖြစ်ပေါ်အောင် ချက်ချင်းကုသခြင်း။
    • ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ခြင်းတွေ လုပ်ပြီး ကုသနိုင်ပါတယ်။

    နိဂုံးချုပ်

    ယောက်ျားလေးတွေ အများစုမှာ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းဟာ လူပျိုပေါက်အရွယ်ရောက်လာတဲ့ အချိန်မှာ ဒီအတိုင်း ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ (Phimosis ) ဟာ လူပျိုပေါက်အရွယ်အထိ ဖြစ်နေရင် နာကျင်ခြင်း၊ လိင်ဆက်ဆံချိန် အဆင်မပြေဖြစ်ခြင်း၊

    ကူးစက်ရောဂါ ကူးစက်နိုင်ခြင်း၊ ဆီးသွားရင် ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေကို ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ခံစားရနေပြီဆိုရင် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့် Paraphimosis ( လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထားမရောက်တဲ့ ဖြစ်စဉ် ) ဟာ အန္တရာယ်များတဲ့အတွက် ချက်ခြင်း သွားရောက်ပြသသင့်ပါတယ်။ phimosis ရော paraphimosis ကိုပါ ကုသပေးနိုင်တဲ့ နည်းလမ်းတွေ ယခုခေတ်မှာ အများအပြားရှိနေပါပြီ။ ဒီလို မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ အတွက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လိင်တံ အရေပြားဆွဲဆန့် ခြင်းလေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 29/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement