backup og meta

ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

    လိင်အင်္ဂါပတ်လည်မှာ ရှိတဲ့အရေပြားသည် တခြားနေရာတွေထက် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်သလို အနံ့အသက်ထွက်ခြင်း၊ ယားယံခြင်း၊ မှိုစွဲခြင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်ဖို့ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတတ်တာကြောင့် လိင်အင်္ဂါတစ်ဝိုက်မှာ ပိုပြီး ယားယံတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ အကြောင်းကို ဝေမျှပေးသွားချင်ပါတယ်။

    ယားတဲ့နေရာကို လက်နဲ့ကုတ်တယ်ဆိုတာ သိပ်ကိုကြည့်ရဆိုးတဲ့အပြင် ဝေဒနာကို ခဏလေးပဲ သက်သာစေနိုင်သလို မတော်တဆ ပွန်းပဲ့သွားရာကနေ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြရမှာလည်း ရှက်တယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေကို ပြောပြပေးမှာမို့ သေချာဖတ်ကြည့်လိုက်ကြရအောင်။

    ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

    ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ ကတော့

    ၁။ ရေခဲဝတ်ကပ်ခြင်း

    သန့်ရှင်းတဲ့ အဝတ်ထဲ ရေခဲ ၂တုံး ၃တုံးလောက်ထည့်ပြီး လိင်တံရဲ့ ယားယံနေတဲ့ နေရာတစ်ဝိုက်ကို ၅မိနစ်ကနေ ၁၀ မိနစ်အထိ ကပ်ထားပေးပါ။ ဒီနည်းလမ်းဟာ ဝဲခြောက်၊ ဝဲစို၊ အရေပြားမှိုစွဲခြင်း၊ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်တဲ့ ယားယံခြင်းကို သက်သာစေပြီး နီရဲရောင်ရမ်းတာကို ကျစေပါတယ်။ တကယ်လို့ ရေခဲဝတ်ကပ်လို့ အဆင်မပြေရင်လည်း အဝတ်သန့်သန့်ကို ရေစွတ်ပြီး လိင်တံပေါ်မှာ ၁၀မိနစ်လောက် အုပ်ထားပေးလို့ ရပါတယ်။

    ၂။ အုတ်ဂျုံ

    အနောက်နိုင်ငံမှာတော့ ကျန်းမာတဲ့ မနက်စာအဖြစ် လူတော်တော်များများ စားသုံးကြတဲ့ အုတ်ဂျုံမှာ အရေပြားကို အေးမြစေတဲ့ အာနိသင်ပါဝင်ပါတယ်။ ဒီအုတ်ဂျုံကို ရေခဲသေတ္တာထဲထည့်သိမ်းထားပြီး အသုံးပြုကာနီးမှ ရေကျက်နွေးထဲ တစ်ဇွန်းလောက်ထည့်မွှေပြီး ရလာတဲ့အနှစ်ကို လိင်အင်္ဂါပေါ် သုတ်လိမ်းရမှာပါ။ တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၀မိနစ်ခန့်လုပ်ပေးရင် လုံလောက်ပါတယ်။ ပြီးသွားရင်တော့ ရေအေးနဲ့ အုတ်ဂျုံဖတ်တွေ မကျန်ခဲ့အောင် သေချာဆေးကြောသန့်စင်ပေးပါ။

    ၃။ ပန်းသီးရှာလကာရည်

    အသား၊ ငါးတွေ ဆေးတဲ့နေရာမှာလည်း အသုံးပြုသလို ဟင်းချက်တဲ့အခါဖြစ်စေ၊ ကိုယ်အလေးချိန်ကျဖို့အတွက်လည်း အသုံးပြုတတ်ကြပါတယ်။ သာမန်ယားယံတာမျိုးထက် မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက် သုံးဖို့ ပိုသင့်လျော်ပါတယ်။ အရေပြားမှာ ပွန်းပဲ့ဒဏ်ရာ၊ သွေးထွက်နေရင်တော့ ပူစပ်ပူလောင်ဖြစ်နိုင်တဲ့အတွက် မသုံးသင့်ပါဘူး။ ပန်းသီးရှာလကာရည်တစ်ဇွန်း၊ ရေတစ်ဇွန်း ဆတူရောစပ်ပြီး လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ ပေါင်ခြံတလျှောက်ကို လိမ်းပေးရမှာပါ။ ခြောက်သွားရင်တော့ ရေနဲ့ သေချာပြန်ဆေးလိုက်ရုံပါပဲ။

    ၄။ ပင်လယ်ဆား

    စတိုးဆိုင်တော်တော်များများမှာ အရေပြားကို ကြေးချွတ်ဖို့အတွက် ပင်လယ်ဆားတွေ ရောင်းတာကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ပင်လယ်ဆားမှာပါတဲ့ အငန်ဓာတ်ဟာ ယားယံနေတဲ့ ပိုးမွှားတွေကို သေစေပြီး နီရဲရောင်ရမ်းတာကို ကျစေတယ်၊ အစိုဓာတ်ထိန်းပေးလို့ အသားခြောက်ပြီး ထပ်ယားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ရေစိမ်ကန်ထဲမှာ ရေနွေးအပြည့်နဲ့ ပင်လယ်ဆား လက်တစ်ဆုပ်စာဖြူးပြီး ၁၅ မိနစ်ခန့် စိမ်ထားပေးရမှာပါ။ ရေစိမ်ကန်မရှိရင်တော့ လိင်တံကို ရေနွေးများများစွတ်ပေးပြီး ပင်လယ်ဆားကို လက်မှာယူပြီး လိင်တံအရေပြားကို ဖြည်းဖြည်းချင်းတိုက်ချွတ်ပေးရမှာပါ။ ပြီးသွားရင်တော့ ရေအေးနဲ့ ပြန်ဆေးချရမှာဖြစ်ပါတယ်။

    ပွန်းပဲ့ထားတာတွေရှိရင်တော့ အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်လို့ ဂရုစိုက်ပါ။

    ၅။ မုန့်ဖုတ်ဆိုဒါ

    လိင်တံအရေပြားမှိုစွဲနေတဲ့ အမျိုးသားတွေအတွက် ဝေဒနာသက်သာစေဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ ရေနွေးထဲ မုန့်ဖုတ်ဆိုဒါ ၂ဇွန်းထည့်ပြီး အနှစ်ရတဲ့အထိ မွှေပေးရမှာပါ။ အဲ့ဒီအနှစ်ကို လိင်အင်္ဂါအရေပြားပေါ် သုတ်လိမ်းပြီး မိနစ်အနည်းငယ်ကြာရင် ရေအေးနဲ့ ပြန်ဆေးချရမှာဖြစ်ပါတယ်။

    ဒီနည်းလမ်းတွေဟာ မခံမရပ်နိုင်အောင် လိင်အင်္ဂါအရေပြားက ယားယံလာတဲ့အခါမျိုးမှာ ဝေဒနာသက်သာစေဖို့အတွက် အိမ်တွင်းနည်းလမ်းတွေပဲဖြစ်ပါတယ်။ အရေပြားပြဿနာဆိုတာ ရှက်စရာမဟုတ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် လုံးဝမသက်သာလာဘူး၊ ဒါမှမဟုတ် တစ်ပတ်ထက်ပိုပြီး ယားယံနေတယ်၊ ပုံမှန်မဟုတ်တဲ့ အရည်တွေပါ စိမ့်ထွက်နေတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။

    ဝေဒနာရှင်ရဲ့ လိင်အင်္ဂါကို သေချာစစ်ဆေးကြည့်ရှုပြီး လိင်အပျော်အပါးလိုက်စားခြင်းရှိမရှိ၊ ကျန်းမာရေးပြဿနာ၊ နေထိုင်စားသောက်မှုပုံစံ စတာတွေကို စစ်ဆေးပြီး ကိုယ့်မှာဖြစ်နေတဲ့ အရေပြားပြဿနာနဲ့ လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ပေးသွားမှာဖြစ်ပါတယ်။

    အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement