backup og meta

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

    ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) …… အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေးမှာ လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ ရပြီး အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    လိင်အင်္ဂါ ထောင်မတ်ခြင်း (Priapism) ရဲ့ ရောဂါလက္ခဏာတွေ

    လိင်အင်္ဂါ ထောင်မတ်ပြီး ပြန်မကျတော့တဲ့ အခြေအနေကို သွေးစီးဆင်းမှုနှုန်းပေါ် မူတည်ပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။

    ပထမ တစ်မျိုး ဖြစ်တဲ့ သွေးစီးဆင်းနှုန်း နည်းသေးတဲ့ အခြေအနေ (Low-flow or Ischemic Priapism) မှာ

    • ထောင်မတ်နေချိန် ၄နာရီထက် ကြာမြင့်ခြင်း

    လိင်အင်္ဂါရဲ့ ထိပ်က ပျော့နေပြီး ကိုယ်ထည်က မာနေခြင်း

    • လိင်အင်္ဂါအတွင်းက နာကျင်နေခြင်းကို ခံစားရပါတယ်။

    ဒုတိယ သွေးစီးဆင်းနှုန်း မြင့်တဲ့ ထောင်မတ်ခြင်း အခြေအနေ (High-flow Priapism) မှာတော့ နာကျင်မှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံပြီး ဖြစ်စေ၊ လိင်စိတ်ထကြွစေရန် နှိုးဆွခြင်းမရှိတဲ့တိုင်အောင် သူ့အလိုလို ထောင်မတ်ပြီး ပြန်မကျတော့တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

    ဘာကြောင့် ဒီပြဿနာနဲ့ ကြုံတွေ့လာရတာလဲ။

    ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အဓိက လိင်အင်္ဂါတွင်း သွေးစီးဆင်းမှု အဝင်အထွက်ကို အဟန့်အတားဖြစ်စေတဲ့ ရောဂါ၊ ကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဖြစ်ရတာပါ။ သွေးအားနည်း ရောဂါရှိသူ၊ သွေးကင်ဆာရှိသူ၊ သွေးဖြူဆဲလ်တွေကြောင့် ဖြစ်တဲ့ ကင်ဆာအမျိုးအစားကြောင့် Priapism ပြဿနာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ရှားပါးဖြစ်စဉ်အနေနဲ့

    • စိတ်ကျရောဂါ ထိန်းချုပ်ဆေး
    • စိုးရိမ်ပူပန်ခြင်းကို ထိန်းချုပ်တဲ့ဆေး
    • သွေးကျဲဆေးတွေကို အလွန်အကျွံ သောက်နေရခြင်
    •  ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ အဆိပ်သင့်ခြင်း
    • အဆိပ်ရှိပင့်ကူနက် အကိုက်ခံရခြင်း
    • ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တဲ့ ရောဂါ
    • ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါ
    • လိင်တံကင်ဆာ
    • အရက်၊ ဆေးခြောက်၊ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

    ဘယ်လို ကုသမှုခံယူသင့်လဲ။

    အကယ်လို့ ကိုယ့်ရဲ့ လိင်တံထောင်မတ်နေတာ ၄ နာရီထက် ကျော်သွားတာ၊ အချိန်အကြာကြီး ထောင်မတ်ပြီးနောက် ပြန်မကျတော့ဘဲ နာလာတာဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရှင်ရဲ့ လိင်အင်္ဂါ အခြေအနေ၊ ကျန်းမာရေး ပြဿနာ၊ နောက်ကြောင်း ရာဇဝင်၊ ရောဂါအတွက် ရေရှည်စွဲသောက်နေရတဲ့ သောက်ဆေး စတာတွေကို အရင်ဆုံး မေးမြန်းစစ်ဆေးမှာ ဖြစ်ပါတယ်။

    နောက်ထပ် လိုအပ်တဲ့ စစ်ဆေးမှုအနေနဲ့

    • ထောင်မတ်နေတဲ့ လိင်တံအတွင်း အပ်နဲ့ ထိုးသွင်းကာ သွေးနမူနာယူခြင်း

    • သွေးတွင်းမှာ ရှိတဲ့ သွေးနီဆဲလ် ပမာဏကို စစ်ဆေးခြင်း

    • ဆီးနမူနာယူပြီး မူးယစ်ဆေး သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း

    • လိင်တံအတွင်း သွေးစီးဆင်းမှုနှုန်းကို တိုင်းတာရန် အာထရာဆောင်းရိုက်ခြင်း စတာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    ကုသမှုပုံစံအနေနဲ့

    ၁။ Low-flow အမျိုးအစားကြောင့် ဖြစ်တဲ့ Priapism ပြဿနာအတွက် လိင်တံကို ဆေးထိုးအပ်နဲ့ ထိုးဖောက်ပြီး အထဲမှာ အောင်းနေတဲ့ သွေးများကို ဆေးထိုးပြွန်ထဲ ထုတ်ယူမှာ ဖြစ်ပါတယ်။ လိင်အင်္ဂါမှာ သွေးနည်းလာတာနဲ့အမျှ နာကျင်မှုက သက်သာလာမှာ ဖြစ်ပြီး ထောင်မတ်ခြင်းလည်း ပြန်ကျသွားမှာ ဖြစ်ပါတယ်။

    ၂။ နောက်ထပ် ကုသမှုအနေနဲ့ သွေးကြောများကို ကျဉ်းသွားစေတဲ့ ဆေးရည်ကို လိင်အင်္ဂါအတွင်း ထိုးသွင်းတဲ့ ကုထုံးကို အသုံးပြုနိုင်ပါတယ်။ လိင်အင်္ဂါအတွင်း သွေးဝင်စေတဲ့ သွေးကြောများကို ကျုံ့သွားစေပြီး အပြင်ပြန်ထွက်စေတဲ့ သွေးကြောများကို ချဲ့ပေးလိုက်ခြင်းဖြင့် လိင်အင်္ဂါအတွင်းက သွေးများကို ခန္ဓာကိုယ်နေရာအနှံ့ဆီ ပြန်ရောက်သွားအောင် ကူညီပေးနိုင်ပါတယ်။

    ၃။ ဒီကုသမှု ၂ မျိုးလုံးနဲ့ အဆင်မပြေဘူးဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ ဆရာဝန်က အကြံပေးမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်က လိင်အင်္ဂါအတွင်း သွေးဝင်ထွက်နှုန်းကို ထိန်းချုပ်ဖို့ သွေးကြောများကို ပြုပြင်ပေးဖို့ပဲ ဖြစ်ပါတယ်။

    ၄။ High-Flow အမျိုးအစား လိင်တံထောင်မတ်ခြင်းကတော့ သိပ်ပြီး အန္တရာယ်မရှိတဲ့အပြင် နာကျင်မှုလည်း မရှိတာကြောင့် ကုသမှု ကြီးကြီးမားမား ခံယူဖို့ မလိုပါဘူး။ ရံဖန်ရံခါမှာ ကုသမှု မခံယူဘဲ သူ့အလိုလို ထောင်မတ်ခြင်း ပြန်ကျသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ လူနာရှင်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ ကုထုံးတွေကိုတော့ ဆရာဝန်က အကြံပေးမှာပါ။

    လိင်တံထောင်မတ်ခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ လိင်ကျန်းမာရေးနဲ့ လိင်မှုကိစ္စအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာ ဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ ထောင်မတ်ခြင်းကိုတော့ ကုသမှုခံယူဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်လို့ ရတာကြောင့် မပေါ့ဆသင့်ပါဘူးနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement