backup og meta

ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆရာ

    အမျိုးသားတိုင်းရဲ့ လိင်တံမှာ အနံ့တစ်မျိုးစီ ရှိကြပါတယ်။ ပုံမှန်ထက်ကို အနံ့က ပြင်းနေပြီး မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာရင် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ တခြားသော အရေပြားဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆိုတာက ဆေးခန်းတွေမှာ အမေးများတဲ့ မေးခွန်းတစ်ခုပါပဲ။

    ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆရာ

    လိင်တံအနံ့ဆိုးထွက်တဲ့ အကြောင်းရင်းပြဿနာတွေက အမျိုးမျိုးရှိပါတယ်။ အကြောင်းရင်းပေါ် မူတည်ပြီး ကုသရတဲ့အတွက် ဆရာဝန်နဲ့ သေချာပြသမယ်၊ ကိုယ့်ရဲ့ အရေပြားကိုလည်း ဂရုစိုက်မယ်ဆိုရင်၊ ကိုယ့်မှာဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကိုလည်း သေချာသိမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ခုဆောင်းပါးမှာ လိင်တံနံစေတဲ့ အကြောင်းရင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ၁။ အဖြူရောင်အကျိအချွဲတွေ

    လိင်တံထိပ်ဖူးပတ်လည်မှာ ချွေးပြန်တာ၊ အဆီထွက်တာ၊ အရေပြားဆဲလ်အသေတွေ စုမိသွားတဲ့အခါ အဖြူရောင်အကျိအချွဲတွေ ဖြစ်သွားပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ထိပ်အရေပြားအောက်ကို သေချာသန့်ရှင်းရေးမလုပ်တဲ့ အမျိုးသားတွေမှာ တွေ့ရတတ်ပါတယ်။

    ဒီအကျိအချွဲတွေကြောင့် ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေပြီး လိင်တံကို မကောင်းတဲ့ အနံ့အသက်တွေ ဖြစ်စေပါတယ်။

    ဒါကြောင့် ထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတိုင်း ရေချိုးတဲ့အခါ အရေပြားကို နောက်သို့လှန်ဆွဲပြီး သေချာသန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ ပြီးရင် ခြောက်အောင် သုတ်ပါ။ ပေါင်ခြံ၊ လိင်တံကို စိုစွတ်နေအောင် မထားပါနဲ့။ အကျိအချွဲတွေ မရှိတော့တဲ့အခါ အနံ့ဆိုးက သူ့အလိုလိုပျောက်သွားမှာပါ။

    ၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

    ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုး ကူးစက်ဝင်ရောက်ခံရတာ ဖြစ်ပါတယ်။

    • လိင်အပျော်အပါးလိုက်စားတာ
    • ဆီးသွားပြီးနောက် ဆီးအိမ်ထဲမှာ ဆီးကျန်နေတာ
    • ဆီးကျောက်တည်နေတာ
    • ဆီးကျိတ်ကြီးလာတာ
    • ဆီးချိုရောဂါ
    • ဆီးပိုက်ထည့်ထားတဲ့ အမျိုးသားတွေမှာ ပိုးဝင်တာအဖြစ်များပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ လိင်တံက ငါးညှီနံ့နံနေမယ်၊ မကြာခဏဆိုသလို ဆီးသွားချင်နေမယ်၊ ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်နေမယ်၊ ဆီးအရောင် နောက်နေတာ သို့မဟုတ် ပန်းရောင်သမ်းနေမယ် စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။  လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။

    ရောဂါကုသဖို့အတွက် ဆီးလမ်းကြောင်း ဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေးတွေအပြင် ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုလည်း ညွှန်းပေးမှာဖြစ်ပါတယ်။ ဆေးအညွှန်းအတိုင်း သေချာသောက်မယ်ဆိုရင် လအနည်းငယ်အတွင်း ပျောက်ကင်းသွားမှာပါ။

    ၃။ လိင်တံမှိုစွဲခြင်း

    ခုခံအား ကျတဲ့အခါ၊ လိင်တံသန့်ရျင်းရေး အားနည်းတဲ့အခါ၊ မှိုစွဲနေတဲ့ မိန်းမကိုယ်အတွင်း အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံတဲ့အခါ လိင်တံမှိုစွဲခြင်း ဖြစ်နိုင်ပါတယ်။

    အများစုက Candida လို့ခေါ်တဲ့ မှိုပိုးကူးစက်ခံရတာကြောင့် ဖြစ်ပါတယ်။ ငယ်ပါက နံနေတာအပြင် တခြားလက္ခဏာအနေနဲ့ အရေပြားနီပြီး ယားယံနေမယ်၊ ပူစပ်ပူလောင်ဖြစ်မယ်၊ အရေပြားမှာ အဖြူကွက်တွေ ထနေပြီး အဖတ်များလန်နေမယ်၊ မှိုစွဲတဲ့နေရာမှာ စိုစိစိဖြစ်နေမှာပါ။

    ဒီပြဿနာဖြစ်လာပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ မှိုရောဂါကို အကင်းအရှင်းပျောက်စေမယ့် Fluconazole, Miconazole, Clotrimazole, Imidazole ပါဝင်တဲ့ မှိုပိုးသတ်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။

    ၄။ Balanitis

    လိင်တံထိပ်ဖူး ရောင်ရမ်းသွားတဲ့ အခြေအနေဖြစ်ပြီး ထိပ်အရေပြားပါ ရောင်နေပြီဆိုရင်တော့ Balanoposthitis လို့ခေါ်တဲ့ ပိုပြင်းထန်တဲ့အခြေအနေကို ရောက်ရှိနိုင်ပါတယ်။ လိင်တံထိပ်ဖူးရောင်စေတဲ့ အကြောင်းရင်းတွေကတော့

    • အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ
    • တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ
    • ထိပ်အရေပြားအောက် အရိအချွဲတွေ စုပုံနေတာ
    • အမွှေးရနံ့ပါတဲ့ ကိုယ်တိုက်ဆပ်ပြာအပြင်းတွေ သုံးတာ
    • ရောဂါပိုးဝင်တာ
    • လိင်တံမှာပေါက်တဲ့ နှင်းခူ၊ အရေပြားခြောက်ပြီး အဖြူဖတ်ထတဲ့ Psoriasis ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

    မကောင်းတဲ့ အနံ့ဆိုးတွေအပြင် အရေပြားနီရဲတာ၊ ယားယံတာ၊ ရောင်နေတာ၊ အရေပြားအောက်မှာ ချွဲကျိကျိအရည်တွေ ပြည့်နေတာ၊ ဆီးသွားစဉ်ပူစပ်ပူလောင်နေသလို ဖြစ်နိုင်ပါတယ်။ ထိပ်အရေပြားမဖြတ်ထားရင်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။

    ရောင်နေတာ ၂ရက်ထက်ကျော်သွားပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။ Balanitis ဖြစ်တာသေချာပြီဆိုရင်တော့ ပိုးသတ်ဆေး၊ ယားယံတာ သက်သာစေဖို့ လိမ်းဆေး သို့မဟုတ် အရေပြားမှိုရောဂါအတွက် လိမ်းဆေးတစ်မျိုးမျိုးပေးမှာဖြစ်ပါတယ်။

    မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ အရေပြားနောက်လှန်ဆွဲလို့မရတော့တဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိထားပါ။

    ၅။ ဂနိုရောဂါ

    ဆီးပူညောင်းကျရောဂါလို့လည်း လူသိများတဲ့ ဂနိုဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဖြင့် ထိုးသွင်းဆက်ဆံတဲ့အခါ အကာအကွယ်မသုံးရင် ကူးစက်ခံရနိုင်ပါတယ်။

    အမျိုးသားတွေမှာ အများအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြလာတဲ့အခါမှာလည်း လိင်တံမှအနံ့ထွက်တာ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံမှ စိမ်းဖန့်ရောင်၊ အဝါရောင် သို့မဟုတ် အဖြူရောင်ပြည်ရည်တွေ စိမ့်ထွက်လာတာ၊ လိင်အင်္ဂါ သို့မဟုတ် စအိုဝပတ်လည်မှာ ယားယံတာ၊ သွေးထွက်တာ၊ ဝမ်းသွားစဉ် နာကျင်ပြီး အောင့်တာဖြစ်နိုင်ပါတယ်။

    ဂနိုရောဂါရှိတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။ ထိုးဆေးအပြင် ရောဂါကိုအမြန်ဆုံး သက်သာစေမယ့် ဆေးတွေကို ဆရာဝန်အနေနဲ့ ညွှန်းပေးမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်ဆီက ရောဂါပိုးက ပျံ့နှံ့နိုင်တဲ့အတွက် လိင်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့အတွက်  အဖော်ကိုပါ ဆေးစစ်ပေးပြီး ကုသသင့်ပါတယ်။

    ၆။ ခလက်မီးဒီးယားရောဂါ (Chlamydia)

    အကာအကွယ်မဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲမှာ ပါဝင်တဲ့ ခလက်မီးဒီးယားဟာလည်း လိင်တံကို မကောင်းတဲ့အနံ့အသက်တွေ ဖြစ်စေနိုင်ပါတယ်။ ဆီးသွားစဉ် ပူလောင်နေတာ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာ၊ ဝှေးစေ့က အောင့်နေပြီး ရောင်နေတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ မကုသဘဲထားလိုက်မယ်ဆိုရင် တခြားသူတွေကိုပါ ရောဂါပိုးကူးစက်စေနိုင်ပြီး မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။

    လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ ရောဂါအတွက် ဆရာဝန်နဲ့ မဖြစ်မနေပြသရပါမယ်။ ဆရာဝန်ပေးတဲ့ ရောဂါပိုးသတ်ဆေးကို ဆေးအညွှန်းအတိုင်း သောက်မယ်ဆိုရင်တော့ မြန်မြန်ပျောက်သွားမှာပါ။ လုံးဝအကင်းမပျောက်ခင်အထိ လိင်မှုကိစ္စတွေကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။

    ၇။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးပြွန်ရောင်ခြင်း

    ဂနိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးဝင်တာ မဟုတ်ဘဲ တခြားဘက်တီးရီးယားပိုးဟာ ဆီးပြွန်ထဲဝင်ပြီး ရောင်ရမ်းလာတဲ့အခါမှာ လိင်တံအနံ့ဆိုးထွက်နိုင်ပါတယ်။ လိင်တံထိပ်ဖူးမှာ ယားယံတာ၊ ရောင်နေတာ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံထိပ်မှ အဖြူနောက်ရောင်နဲ့ အနံ့ဆိုးတဲ့ အရည်တွေ စိမ့်ထွက်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

    ဒီရောဂါအတွက် ဆရာဝန်အနေနဲ့ Antibiotics တွေ ပေးမှာဖြစ်ပြီး တခြားသူတွေကို ကူးစက်ခြင်းမဖြစ်စေဖို့ လိင်မှုကိစ္စတွေကို ခဏရှောင်ဖို့ လိုအပ်ပါတယ်။

    လိင်တံအနံ့ဆိုးကင်းစေဖို့ ဘာတွေလုပ်ကြမလဲ။

    • ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတိုင်း ရေချိုးတဲ့အခါ အရေပြားအောက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
    • အနည်းဆုံး တစ်နေ့ တစ်ကြိမ်ရေပုံမှန်ချိုးပါ။
    • လိင်အင်္ဂါနဲ့ ပေါင်ခြံကို ခြောက်သွေ့အောင် ထားပါ။
    • ချောင်ချိတဲ့ ချည်သားအတွင်းခံမျိုး ဝတ်ဆင်ပါ။
    • လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပါ။
    • ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းရှောင်ပါ။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။
    • လိင်ဆက်ဆံပြီးတဲ့အခါတိုင်း လိင်တံကို သန့်ရှင်းရေးလုပ်ပါ။
    • လိင်ဆက်ဆံတဲ့အခါ ရေအခြေပြု ချောဆီတွေကိုပဲ သုံးပါ။

    ဒါဆိုရင်တော့ လိင်တံကနေ အနံ့ဆိုးထွက်တဲ့ပြဿနာကြောင့် စိတ်ညစ်နေတဲ့ အမျိုးသားတွေလည်း စိတ်သက်သာရာရမယ်လို့ မျှော်လင့်မိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement