backup og meta

ကျွန်တော့် လိင်တံက အရမ်း သေးနေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွန်တော့် လိင်တံက အရမ်း သေးနေသလား

    ကျွန်တော့် လိင်တံက အရမ်း သေးနေသလား ဆိုတဲ့ မေးခွန်းကို အမျိုးသားတွေက သူတို့ရဲ့ လက်တွဲဖော်တွေကိုတော့ ထုတ်မမေးတတ်ကြပေမဲ့ ဆရာဝန်တွေနဲ့ တွေ့တဲ့အခါကျရင်တော့ ဒါက မေးလေ့မေးထရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cohen ကလေးဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ ကလေးအထူးကု ဖြစ်သူ လိန်း အက်စ် ပေါလ်မာ (Lane S. Palmer) ကတော့ ” ဖခင်တွေက သူတို့သားတွေရဲ့ လိင်တံအရွယ်အစား သေးနေလားဆိုတာကိုမကြာခဏမေးလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ သူတို့လိင်တံရော သေးနေလားဆိုတာကို မေးမြန်းလေ့ရှိကြပါတယ် ” ဆိုပါတယ်။

    ကျွန်တော့် လိင်တံက အရမ်း သေးနေသလား

    လိင်တံအရွယ်အစား သေးနေလားဆိုတာကို မေးကြတဲ့ အမျိုးသားတွေဟာ တခြားအကြောင်းရင်းကြောင့် ဆရာဝန်ကိုလာတွေ့ကြတာ ဖြစ်တယ်လို့ အမေရိကန် နယူးယောက်မြို့ Lake Success ရှိ စမစ် ဆီးလမ်းကြောင်းဆိုင်ရာ တက္ကသိုလ်မှ မျိုးပွားအင်္ဂါနဲ့ လိင်မှုဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ ပါမောက္ခ ဘရုစ် အာ ဂီးလ်ဘတ် (Bruce R. Gilbert) ကဆိုပါတယ်။ သူတို့တွေ ဆေးရုံကို တခြားကိစ္စနဲ့ ပတ်သတ်ပြီးလာပြတဲ့ အချိန်မှာ “ အော် ဒါနဲ့ စကားမစပ် ကျွန်တော် ကျွန်တော့်လိင်တံနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆရာ။ ” လို့ပြောတတ်ကြတယ်။ ဒီလိုမေးကြတဲ့ အမျိုးသားအများစုကတော့ အသက် ၂၀ ကနေ ၄၀ ကြားဖြစ်ပြီး တချို့ကတော့ အသက် ၄၀ ကနေ ၅၀ ကြားဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဒီထက် အသက်ကြီးတဲ့ အမျိုးသားတွေတောင် မေးတတ်ကြပါတယ်။ ” လို့ဆိုပါတယ်။

    အမျိုးသားတွေ လိင်တံအရွယ်အစား သေးနေတယ်ဆိုပြီး စိုးရိမ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ လိင်တံအရွယ်အစား အရမ်းသေးနေလို့ဆိုပြီး စိုးရိမ်တာကတော့ သာမန်မဟုတ်တော့ပါဘူး။

    လိင်တံအတွက်အရွယ်အစား ဘယ်ဆိုဒ်က ပုံမှန်လဲ၊ ဘယ်ဆိုဒ်က ပုံမှန်မဟုတ်ဘူးလဲ။

    သင့်အနေနဲ့ အမျိုးသားတစ်ယောက်ရဲ့ လိင်တံက အလုပ်လုပ်နေသ၍ သူ့မှာ ဘာပြဿနာ မှမရှိဘူးလို့ ထင်မိနေပါလိမ့်မယ်။ ဒီလို ထင်နေတာက မှားပါတယ်။ လိင်တံအရွယ်အစားဟာ အမျိုးသားတစ်ယောက် ကိုယ့်ကိုကိုယ်မြင်တဲ့ပုံရိပ်ရဲ အဓိက အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာ အချက်တစ်ချက်က အမျိုးသားအများစုက သူတို့လိင်တံရဲ့ အရွယ်အစားကို သေးတယ်လို့ပဲ မြင်တတ်ကြပါတယ်။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် အချိန် ၂ နှစ်တာကာလအတွင်းမှာ အီတလီက ဆေးရုံတစ်ရုံမှာ အမျိုးသား ၆၇ ယောက်တိတိဟာ သူတို့လိင်တံသေးနေတဲ့အတွက် ခွဲစိတ်ပြုပြင်လို့ရမလားလို့ လာရောက်စုံစမ်းခဲ့ကြပါတယ်။ နောက်ဆုံးတော့လည်း သူတို့အားလုံးရဲ့ လိင်တံတွေဟာ ပုံမှန် လိင်တံအရွယ်အစားတွေ ပဲ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

    ” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျွန်တော့်လူနာတစ်ယောက်ဆို လိင်တံကို တစ်နေ့ တစ်နာရီလောက်အချိန်ပေးပြီး တိုင်းနေရင်း သူ့လိင်တံကအရမ်းသေးနေတယ်လို့ ထင်နေတာပါ။ ဒါပေမဲ့ သူ့လိင်တံကလည်း ပုံမှန်အရွယ်အစားပါပဲ။ ” ဂီးလ်ဘတ်ကဆိုပါတယ်။

    ဒါပေမဲ့ ဒီလိုမျိုးစိုးရိမ်တာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ အမျိုးသား ၄၅ ရာခိုင်နှုန်းခန့်က လိင်တံကြီးတာ ပိုလိုချင်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီး ၈၅ % ခန့်က သူတို့ အဖော်ဖြစ်သူရဲ့ လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး ကျေနပ်တယ်လို့ ဆိုကြပါတယ်။

    ဒီလို အမျိုးသမီး ၈၅ ရာခိုင်နှုန်းခန့်က သူတို့ အဖော်ဖြစ်သူနဲ့ လိင်တံအရွယ်အစားကို ကျေနပ်ကြပေမဲ့ အမျိုးသားအများစုကတော့ ထောင်မတ်နေတဲ့ အချိန် သူတို့လိင်တံဘယ်လိုပုံစံရှိလဲ၊ ပျော့နေတဲ့အချိန် သူတို့ လိင်တံ ဘယ်လိုပုံစံရှိလဲဆိုတာ စိုးရိမ်နေကြတုန်းပါပဲ။

    ဒီတော့ သူတို့ရဲ့ လိင်တံဟာ ပုံမှန်အရွယ်အစားလား၊ အရွယ်အစားကြီးလား၊ သေးလားဆိုတာကို အမျိုးသားတွေ ဘယ်လိုသိနိုင်မလဲ။ ဖိနပ်အရွယ်အစားနဲ့ လိင်တံဆိုဒ်ကို ခန့်မှန်းနိုင်တယ်ဆိုတဲ့ယုံတမ်းစကားတွေအရ သိတာကိုပြောတာ မဟုတ်ပါဘူး။ သေချာအတိအကျသိဖို့ကတော့ရှင်းပါတယ်။ သေချာတိုင်းတာဖို့ပါပဲ။

    ဒါဆိုရင် လိင်တံကို ဘယ်လိုတိုင်းတာမလဲ။

    လိင်တံ တစ်ခုရဲ့ အရွယ်အစားကို တိုင်းတာတာဟာ ထောင်မတ်နေတဲ့ အချိန်တိုင်းတာရတာ မဟုတ်ဘူးဆိုရင် အမျိုးသား အများစု အံ့အားသင့်သွားကြမှာပါ။ ဒီလိုတိုင်းတာ နည်းက အမျိုးမျိုးရှိပါတယ်။ ယုံကြည်စိတ်အချရဆုံး လိင်တံကို တိုင်းတာနိုင်တဲ့ နည်းက SPL လို့ခေါ်တဲ့ stretched penis length ပါ။ အမျိုးသားတစ်ယောက်ရဲ့ SPL က ရှည်လေလေ ၊ ထောင်မတ်တဲ့ အခါ ရှည်လေလေပါပဲ။ SPL ကို လိင်တံ ပျော့ခွေနေတဲ့ အချိန်တိုင်းတာရတာ ဖြစ်ပါတယ်။ တိုင်းတာမယ်ဆိုရင် ပေတံဖြစ်ဖြစ်၊ ပေကြိုးဖြစ်ဖြစ် တစ်ခုခုကို လိင်တံအရင်းနားဆီးခုံရိုးကို တင်းကျပ်စွာ ကပ်ထားလိုက်ပါ။ ကပ်ပယ်အိတ်နဲ့ လိင်တံခွာသွားတဲ့ နေရာကနေ စပြီး မတိုင်းတာပါနဲ့။ ဒီလိုတိုင်းတာမယ်ဆိုရင် အဖိုးတန်တဲ့ အတိုင်းအတာတွေ လျော့သွားမှာပါ။ ဒီလိုပေတံထောက်ပြီးတာနဲ့ လိင်တံထိပ်ကို သေချာမြဲမြဲကိုင်ပြီး အရှေ့ကို ရောက်နိုင်သမျှရောက်အောင် ဆွဲဆန့်ပါ။ ပြီးရင် ဆီခုံးရိုးကနေ ဆွဲဆန့်ထားတဲ့ လိင်တံထိပ်ထိအတိုင်းအတာကို တိုင်းလိုက်ပါ။ တိုင်းတာပြီးတော့ ၅.၄လက်မနီးပါး ရှိတဲ့အတိုင်းအတာကို ရပါသလား။ ရတယ်ဆိုရင်တော့ သင့်ရဲ့ လိင်တံဆိုဒ်က လုံးဝ သဘာဝ အရွယ်အစားရှိနေပါတယ်။ အရွယ်ရောက် အမျိုးသားအများစုက သာမန်အားဖြင့် ၅.၂၄ လက်မခန့် ရှိကြတယ်လို့ ပေါလ်မားက သူ့စစ်တမ်းများအရ ဆိုပါတယ်။ လိင်တံအရွယ်အစားတိုင်းတာတဲ့ စစ်တမ်းများအားလုံးနီးပါး ဒီအရွယ်အစား ပတ်လည်ခန့်မှာသာရှိပါတယ်။

    တကယ်လို့ ဒီအတိုင်းအတာထက် နည်းနည်း တိုနေမယ်ဆိုရင် သင့်မှာ အဖော်အများကြီးရှိပါတယ်။ သာမန် လိင်တံအရွယ်အစား အောက်ထက် အနည်းငယ်သေးငယ်တဲ့ အမျိုးသားတွေဟာ သာမန် အရွယ်အစားအနည်းငယ်ကြီးတဲ့ အမျိုးသားတွေလိုပဲ အများအပြားရှိပါတယ်။

    ဘယ်လောက်ကြီးပြီဆိုရင် လိင်တံကြီးတယ်လို့ ခေါ်လို့ရမလဲ။

    ပေါလ်မားရဲ့ စစ်တမ်းများအရ အမျိုးသား ဝ.၆ ရာခိုင်နှုန်းခန့်ကသာ SPL ၆.၈ လက်မနဲ့ အထက် ရှိကြတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လိင်တံကြီးနေတာကိုတော့ အမျိုးသားတွေ စိုးရိမ်လေ့မရှိကြပါဘူး။

    ဘယ်အရွယ်အစားလောက်ဆို အမျိုးသား လိင်တံအရမ်းသေးတယ်လို့ ပြောလို့ရလဲ။ (Micropenis)

    ကျွန်တော့် လိင်တံက အရမ်း သေးနေသလား ဆိုတော့ လိင်တံအရမ်းသေးတဲ့ အမျိုးသားတွေလည်းရှိပါတယ်။ ဒါကို ဆေးပညာအရ micropenis လို့ခေါ်ပြီး အမျိုးသား ဝ.၆ ရာခိုင်နှုန်းဟာ micropenis ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ ပေါလ်မားရဲ့ စာရင်းဇယားများအရ micropenis အရွယ်အစားဟာ ၃ လက်မနဲ့ ၂ လက်မ ကြားသာရှိတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တောင် အမေရိကန်ဒေါက်တာတွေကတော့ SPL ၃ လက်မခန့်ရှိ အမျိုးသားတွေကို ခွဲစိတ်ဖို့ သိပ်ညွှန်ကြားလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လိင်တံခွဲစိတ်ခြင်းဟာ အန္တရာယ်များလို့ပါ။ micropenis လိင်တံပိုင်ရှင်တွေဟာ သူတို့ လိင်တံဟာ micropenis ဖြစ်နေကြောင်းကို လူပျိုပေါက်အရွယ်ရောက်မှ သိရတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ micropenis ဟာ မျိုးရိုးဗီဇနဲ့ ဟော်မုန်းများ ပုံမှန်မဟုတ်တဲ့အတွက် ဖြစ်ရတာ ဖြစ်ပြီး လိင်တံသေးတဲ့ အပြင်တစ်ခြားပြင်းထန်တဲ့ ရောဂါများလည်း ဖြစ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံဟာ သန္ဓေသား ၈ ပတ်အရွယ်ကတည်းက စတင်ဖွံ့ဖြိုးတာပါ။ ၁၂ ပတ်အကြာမှာတော့ လိင်တံဟာ အပြည့်အဝဖွံ့ဖြိုးပြီး စတင်ကြီးထွားပါတော့တယ်။ ဒုတိယ သုံးလပတ်နဲ့တတိယ သုံးလပတ်ကြားမှာတော့ အမျိုးသားလိင်ဟော်မုန်းတွေက လိင်တံကို ပုံမှန်အရွယ်အစားအထိကြီးထွားစေပါတယ်။ အဲ့အချိန် ဟော်မုန်း ထုတ်လုပ်ခြင်းကို နှောင့်ယှက်တဲ့အရာတွေရှိလာရင် လိင်တံကြီးထွားခြင်း ရပ်တန့်သွားပါတယ်။

    သန္ဓေသားဘဝမှာ micropenis ဖြစ်နေတာကို စောစောတွေ့မယ်ဆိုရင် လိင်တံကြီးထွားမှုကို လှုံဆော်ပေးတဲ့ တက်စတိုစတီရုန်း ဟော်မုန်းနဲ့ ကုသလို့လိုရပါတယ်။ ဒီလို တက်စတိုစတီရုန်း ဟော်မုန်းနဲ့ ကုသခြင်းဟာ ကလေးဘဝနဲ့ လူပျိုဖော်ဝင်ပြီးတဲ့ အချိန်ထိတောင် လိင်တံကြီးထွားစေနိုင်ပြီး စိတ်ချရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ စစ်တမ်းများအရတော့ ဒီကုသမှုနည်းလမ်းဟာ လူပျိုပေါက်အရွယ် လိင်တံကြီးထွားမှုကို ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။

    “ အရွယ်ရောက်တဲ့ အချိန် အထိ micropenis ဖြစ်နေမယ်ဆိုရင် ရွေးချယ်စရာက နည်းလာပါပြီ။

    လူပျိုပေါက်လူနာတစ်ယောက်အတွက် လိင်တံအတု တပ်ဆင်ခြင်းကလွဲပြီးmicropenis ကို လုံလုံလောက်လောက်ကုသပေးနိုင်တဲ့ နည်းမရှိပါဘူး” လို့ ဂီးလ်ဘတ်က ဆိုပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက micropenis ဟာ ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။micropenis ထက်ပိုပြီး အတွေ့ရများတဲ့ ဖြစ်စဉ်တစ်ခုက လိင်တံကို သေးကွေးနေတဲ့ ပုံစံ ဖြစ်အောင်ပြုလုပ်ပေးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အရမ်းမသိသာတဲ့လိင်တံ အခြေအနေ inconspicuous penis လို့ခေါ်ပါတယ်။

    inconspicuous penis သို့မဟုတ် အရွယ်အစားကြောင့် ပြဿနာတက်နေတာ မဟုတ်တဲ့ လိင်တံ

    inconspicuous penis ဆိုတာ အတွေ့ရခက်တဲ့ လိင်တံကို ပြောတာ ဖြစ်ပါတယ်။ Micropenis ဆိုတာတကယ်သေးငယ်နေတဲ့ လိင်တံ ကိုခေါ်တာဖြစ်ပြီး inconspicuous penis ခေါင်းစဉ်အောက်က အတွေ့ရနည်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ inconspicuous penis ရဲ့ဖြစ်စဉ်တွေထဲက အတွေ့ရများတဲ့ ဖြစ်စဉ်တွေကတော့ အသားချင်းကပ်နေတဲ့ လိင်တံနဲ့ အသားထဲမြုပ်နေတဲ့ လိင်တံတို့ဖြစ်ပါတယ်။ အသားချင်းကပ်နေတဲ့ လိင်တံဆိုတာ ကပ်ပယ်အိတ်ဟာ လိင်တံရဲ့ အောက်ခြေ အရင်းထိ ကပ်နေတဲ့ အတွက် လိင်တံကို အောက်စိုက်စေပြီး ခန္ဓါကိုယ်အတွင်းပိုင်းထဲ ပိုရောက်နေတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။ ပုံမှန်အားဖြင့် လိင်တံဟာ ကပ်ပယ်အိတ်နဲ့ ၉၀ ရာခိုင်နှုန်းမှာ ရှိနေတာ ဖြစ်ပြီး အသားချင်းကပ်နေတဲ့ လိင်တံ မှာတော့ ကပ်ပယ်အိတ်ဟာ လိင်တံနဲ့ တွဲနေပြီး ဘယ်နေရာနားကွဲသွားလဲဆိုတာ သိပ်မသိသာပါဘူး။

    အသားထဲမြုပ်နေတဲ့ လိင်တံဆိုတာကတော့ လိင်တံက အရေပြားအောက်ထဲရောက်နေတာကိုခေါ်တာ ဖြစ်ပါတယ်။ ဒီလို လိင်တံမျိုးဟာ အဝလွန်နေတဲ့ ဗိုက်မှ အဆီတွေက တွဲကျပြီး လိင်တံကို ဖုံးအုပ်နေစေတာ ဖြစ်ပါတယ်။ နောက်တွေ့ရတဲ့ ပုံစံမျိုးက ကပ်ပယ်အိတ်နဲ့ ဆက်သွယ်ထားတဲ့ အပိုင်းက မပါလာတဲ့အခါမှာ လိင်တံက ဆီးခုံရိုးသို့ ကပ်နေတာ ဖြစ်ပါတယ်။

    တစ်ခြားမြုပ်နေတဲ့ လိင်တံ အမျိုးအစားကတော့ လိင်တံထိပ်ငုံ အရေပြားက အရမ်းကြီးမားလွန်းနေတဲ့ အခါမှာ လိင်တံကိုမြုပ်နေစေတာ ဖြစ်ပါတယ်။ ကပ်တွဲနေတဲ့ လိင်တံကတော့ ပုံမှန်အားဖြင့် ခွဲစိတ်ခြင်းဖြင့် ကုသလို့ရပေမဲ့ မြုပ်နေတဲ့ လိင်တံတွေ ဆိုရင်တော့ ကိုယ်အလေးချိန်လျှော့ချခြင်း နဲ့ liposuction လို့ခေါ်တဲ့ အဆီတွေကို စုပ်ထုတ်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချို့ ဖြစ်စဉ်တွေမှာလည်း ခွဲစိတ်နည်းဖြင့် ကုသနိုင်ပါတယ်။

    လိင်တံသေးခြင်း ရောဂါလက္ခဏာ

    small penis syndrome လို့ အမည်ပေးထားတဲ့ ဖြစ်စဉ်ဟာ ကိုယ်မှာ လိင်တံကြီးကြီးမရှိလို့ ယောက်ျားအစစ်တစ်ယောက်မဟုတ်ဘူးဆိုပြီးထင်နေတဲ့ ယူဆချက်ကိုခေါ်တာဖြစ်ပါတယ်။ အမျိုးသား အများစု ဒီအချက်ကို ယုံကြည်ကြတဲ့ အဓိက အကြောင်းရင်းကတော့ အမျိုးသားအများစုက ပုံမှန်လိင်တံအရွယ်အစား ဘယ်လောက်ရှိလဲဆိုတာကို မသိကြလို့ဖြစ်ပါတယ်။ အမျိုးသား အများစုကို ပုံမှန်လိင်တံအရွယ်အစား ဘယ်လောက်ရှိလဲဆိုတာ မေးမြန်းတဲ့ စစ်တမ်းတစ်ခုမှာလည်း အမျိုးသားအများစုက မှားယွင်းကြပြီး ၁၅ ရာခိုင်နှုန်းက သူတို့ မသိကြောင်း ဝန်ခံခဲ့ကြပါတယ်။

    နောက်တစ်ချက်ကတော့ ယောက်ျားလေးတွေ အကြည့်များတဲ့ အပြာရုပ်ရှင်တွေ ဖြစ်ပါတယ်။ ပေါလ်မားကတော့ သူ့ရဲ့ လိင်တံအရွယ်အစား သေးငယ်နေလို့ဆိုပြီး အကြီးအကျယ်စိတ်ဆင်းရဲနေတဲ့ လူငယ်တစ်ဦးကို ကုသပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သေချာ စစ်ဆေးတဲ့ အခါမှာတော့ သူရဲ့ လိင်တံဟာ လုံးဝပုံမှန်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဘာကြောင့် ဒီလို ခံစားနေရတာလဲဆိုတဲ့ အဖြေကိုရှာကြည့်တော့ ဒီလူငယ်လေးဟာ အင်တာနက် အပြာရုပ်ရှင်များကို ကြည့်ရှုသူတစ်ယောက်ဖြစ်ပြီး ဒီအပြာရုပ်ရှင်ထဲက ပုံဖျက်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံကိုမြင်ပြီး ဒီလို ခံစားချက် ဖြစ်လာတာပါ။ ဘာကြောင့်လဲဆိုတော့ လိင်တံအရွယ်အစားဟာ အမျိုးသားခန္ဓါကိုယ်ရဲ့ အဓိကပုံရိပ်ဖြစ်တဲ့ အတွက် အမျိုးသားအများစုဟာ လိင်တံအရွယ်အစားကို အာရုံစိုက်ရင်း body dysmorphic disorder လို့ခေါ်တဲ့ ခန္ဓါကိုယ်ရဲ့ ပြစ်ချက်တွေ အပေါ် အလွန်အကျွံ စိုးရိမ်ပူပန်တဲ့ စိတ်ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ body dysmorphic disorder နဲ့ တစ်ခြားသော စိတ်ရောဂါတွေကို ခံစားနေရမယ်ဆိုရင် စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပေါလ်မားရော ဂီးလ်ဘတ်ကပါ ဒီလို စိတ်ဝေဒနာ ခံစားနေရတာ ပျောက်ကင်းဖို့ဆိုရင်တော့ ဒီအမျိုးသားတွေကို သူတို့ လိပ်တံ အရွယ်အစားက လုံးဝပုံမှန်ဖြစ်ကြောင်း ပြောပြရင် ပျောက်တယ်လို့ဆိုပါတယ်။

    “ ကျွန်တော် လူနာတစ်ယောက်ကို ကုပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေး ဖြစ်စဉ် နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်စဉ်တို့ ကို သေချာ စစ်ဆေးလေ့ရှိပါတယ်။ တကယ်လို့ ဆေးပညာအရ ပြဿနာ ရှိမနေဘူးဆိုရင် ကျွန်တော် လူနာနဲ့ သေချာစကားပြောပြီး သူ့မှာ တစ်ခြားကျန်းမာတဲ့ ယောက်ျားလေးတွေလိုပဲ အရွယ်အစားတူတဲ့ လိင်တံရှိကြောင်းပြောပြရပါတယ် “

    ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အတိုင်း တချို့သော အမျိုးသားတွေကတော့ တစ်ချို့ အမျိုးသားတွေထက် လိင်တံသေးကြမှာပါ။ ဒါကလည်း ပုံမှန်ဖြစ်စဉ်သာ ဖြစ်ပါတယ်။

    “ တကယ်လို့ အမျိုးသားတစ်ယောက်ရဲ့ လိင်တံဟာ သာမန် လုပ်ဆောင်ချက်တွေ အားလုံးကို ကောင်းကောင်း အလုပ်လုပ်မယ်ဆိုရင် ကိုယ်ရဲ့ လိင်တံ အရွယ်အစားကို လက်ခံရပါမယ်။ သင့်အနေနဲ့ အရပ်ပုတဲ့ လူကို ရှည်လာအောင် လုပ်လို့ မရပါဘူး။ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ခန္ဓါကိုယ် ဖွဲ့စည်းပုံကို လက်ခံရပါလိမ့်မယ်။

    ခွဲစိတ်ခြင်းဖြင့် သေးနေတဲ့ လိင်တံကို ကြီးလာအောင် လုပ်လို့ရလား။

    လိင်တံကြီးစေမယ့် ဆေးနည်းတွေ၊ ကိရိယာတွေ၊ ခွဲစိတ်မှုတွေ အကြောင်းကြော်ငြာတွေဆိုရင် အမျိုးသား အများစုက စိတ်ဝင်စားတတ်ကြပါတယ်။ ဒါပေမဲ့ အထက်ပါ အရာအများစုက အလိမ်အညာတွေ သာဖြစ်ပါတယ်။

    ဒါဆိုရင် ဆေးပညာအရ လိင်တံကြီးလာအောင် လုပ်ဆောင်လို့ရရဲ့လား။

    “ လိင်တံကြီးစေဖို့ လုပ်ဆောင်လို့ ရတာတော့ သိပ်မရှိပါဘူး။ ခွဲစိတ်မှု အရဆိုရင်တောင် လိင်တံအရွယ်အစားနဲ့ လုံးပတ်ကို သိသိသာသာ ကြီးလာအောင် လုပ်လို့ မရနိုင်ပါဘူး။ ဒါ့အပြင် ဒီလို ခွဲစိတ်ရင် ပြင်းထန်တဲ့ ရောဂါတွေတောင် ထွက်ပေါ်လာနိုင်ပါသေးတယ် ” လို့ ပေါလ်မားကဆိုပါတယ်။

    augmentative phalloplasty လို့ခေါ်တဲ့ ခွဲစိတ်မှု တစ်ခုကတော့ လိင်တံ လုံးပတ်ကို ပိုကြီးလာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခွဲစိတ်မှုဟာ ခန္ဓာကိုယ်ရဲ့ တခြားသော အစိတ်အပိုင်းက အဆီတွေကို လိင်တံထဲ ပေါင်းထည့်ပေးတာ ဖြစ်ပြီး လိင်တံပျော့ခွေနေတဲ့ အချိန် လိင်တံကို လက်မဝက်လောက် ပိုရှည်လာစေပါတယ်။

    “ ဒါပေမဲ့ ဒီလို အဆီအစားထိုးမှုတွေ လုပ်ခြင်းရဲ့ အကျိုးဆက်ကို ခန့်မှန်းလို့ မရနိုင်တဲ့ အပြင် တစ်ခါတစ်ရံ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။ သင်အနေ့နဲ့ အဆီတွေ ဖုထစ်နေတဲ့ လိင်တံကိုတော့ မလိုချင်မိပါစေနဲ့။ ဒီခွဲစိတ်မှုကို လုပ်ရတာလည်း မလွယ်ပါဘူး ” လို့ ပေါလ်မားက ဆိုပါတယ်။

    အမျိုးသားအများစုဟာ သူတို့လိင်တံရဲ့ သုံးပုံ နှစ်ပုံသာ ခန္ဓာကိုယ်ထဲက ထွက်နေတယ်ဆိုတာကို မသိကြပါဘူး။ ကျန်တဲ့ သုံးပုံတစ်ပုံဟာ အရွတ်များ၊ ခန္ဓါကိုယ်အရိုးများနဲ့ ချိတ်ဆက်ထားပြီး လိင်မှု ကိစ္စ လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။ ဒီလို ခန္ဓာကိုယ်ထဲ ရှိနေတဲ့ လိင်တံ အရွတ်တွေကို ဖြတ်ထုတ်ပြီး လိင်တံကို တစ်လက်မ၊ ၂လက်မ အထိရှည်လာစေတဲ့ ခွဲစိတ်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ ဂီးလ်ဘတ်ကတော့ ဒီလို့ ဖြတ်ထုတ်လိုက်ခြင်းဟာ လိင်တံတွေရဲ့ ထောင်မတ်အားကို လျော့ကျစေတဲ့ အတွက် အားမပေးဘူးလို့ဆိုပါတယ်။

    “ ခွဲစိတ်ဆရာဝန်တွေ လိင်တံရဲ့ အတွင်းပိုင်းကို ယူပြီး ဖြတ်ထုတ်လိုက်တဲ့ အခါ အဖြစ်များတာကတော့ ကြာကြာမထောင်မတ်နိုင်တော့တာပါပဲ။ တကယ်လို့ အမျိုးသားတစ်ယောက်က သူ့လိင်တံကို ပိုရှည်စေချင်တယ်ဆိုရင် လိင်တံ မထောင်မတ်နိုင်တော့တာမျိုးရော လိုချင်ရဲ့လားဆိုတာ ကိုယ့်ကိုကို ပြန်မေးသင့်ပါတယ်။ ကျွန်တော့်ဆီကိုလည်း ဒီဟာကို အရင်လို ပြန်ဖြစ်အောင် လုပ်လို့ရလားလို့ မေးတဲ့ သူတွေရှိကြပါတယ်။

    အနောက်နိုင်ငံမှာဆို ဒီလို လိင်တံ ရှည်လာအောင်လုပ်တဲ့ ခွဲစိတ်မှုတွေက အန္တရာယ် များလွန်းတဲ့ အတွက် ဆေးအာမခံတွေတောင် သိပ်မထုတ်ပေးကြပါဘူး။ ဒီလို ခွဲစိတ်မှုတွေဟာ စမ်းသပ်ခွဲစိတ်မှုတွေသာ ဖြစ်ပြီး အကျိုးဆက်တွေအနေနဲ့ လိင်တံပြန်တိုသွားခြင်း၊ အဖုအထစ်များ ဖြစ်ပေါ်ခြင်း၊ အမာရွတ်ဖြစ်ခြင်း၊ လိင်ဆက်ဆံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ချို့ယွင်းခြင်း၊ လိင်တံကွေးကောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင်တော့ ပြန်ပြင်လို့ မရတော့ပါဘူး။

    ပစ္စည်းတွေကရော သေးနေတဲ့ လိင်တံကို ကြီးလာအောင်လုပ်လို့ရလား။

    လိင်အင်္ဂါကို ဆွဲပေးတဲ့ ပစ္စည်းတွေဟာ တစ်လက်မခန့် လိင်တံကို ပိုရှည်လာစေနိုင်ပါတယ်။

    ဒါပေမဲ့ ဂီးလ်ဘတ်ကတော့ ဒီပစ္စည်းတွေ အသုံးပြုနေတဲ့ လူနာနှစ်ယောက်ကို ကုသပေးဖူးခဲ့ပြီး “ ဒီပစ္စည်းတွေကို တစ်ရက်မှာ နာရီအကြာကြီးတပ်ဆင်ထားရပြီး လပေါင်းများစွာခန့်အထိ ဝတ်ဆင်ရပါတယ်။ အမျိုးသားအများစုက လိင်တံ အရမ်းကြီးချင်ကြပေမဲ့ သူတို့မှာ အဲ့လောက်အချိန်မရှိကြပါဘူး။ လူနာ အများစုလည်း ဒီလောက်ဇွဲရှိကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ” လို့ ဆိုပါတယ်။ Vacuum devices တွေဟာ အမျိုးသားတွေ လိင်တံ ထောင်မတ်ခြင်း ပြဿနာ ဖြစ်နေတာကို ကုသပေးနိုင်ပေမဲ့ လိင်တံကိုတော့ ပိုရှည်လာစေမှာ မဟုတ်ပါဘူး။

    အသစ်ဖြစ်စေတဲ့ ဆေးဝါးတွေကရော သေးနေတဲ့ လိင်တံကို ရှည်လာအောင် လုပ်ပေးနိုင်လား။

    လေ့လာချက်အရတော့ သိပ္ပံပညာရှင်တွေဟာ regenerative medicine ကို အသုံးပြုပြီး တိရစ္ဆာန် လိင်တံတွေကို ကြီးထွားစေနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ သိပ္ပံပညာရှင်တွေကတော့ ဒီလို ဆေးနည်းပညာကို အသုံးပြုပြီး small penis syndrome ဝေဒနာရှင်အမျိုးသား ၆၉ ယောက်ကို ကုသပေးခဲ့ဖူးပါတယ်။ ဒီဖြစ်စဉ်မှာတော့ သိပ္ပံပညာရှင်တွေဟာ လူနာ ဝှေးစေ့အရေပြားတွေကို လိင်တံကို အစားထိုး ထည့်သွင်းပြီး ကြီးထွားစေခဲ့တာ ဖြစ်ပါတယ်။

    “ ဒီ regenerative medicine ဆေးတွေနဲ့ဆို နောက်ပိုင်းရွေးချယ်စရာရှိလာတော့မှာပါ။ ဒါပေမဲ့ ဒီဆေးတွေကို လူတွေမစမ်းသပ်ရသေးပါဘူး။ ဒီဆေးဟာ အလားအလာအများကြီးရှိပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ လူနာတွေကို ဘာမှ မလုပ်ပေးနိုင်သေးပါဘူး” လို့ ဂီးလ်ဘတ်က ဆိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement