backup og meta

ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ

    ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ …… အမျိုးသားတွေရဲ့ လိင်တံအတွင်းမှာ အသေးငယ်ဆုံးသော ဖိအား၊ အထိအတွေ့ကို ခံစားသိရှိနိုင်တဲ့ အာရုံကြောတွေ ပါဝင်ပါတယ်။ ဒီအာရုံကြောတွေက အကြောင်းအမျိုးမျိုးကြောင့် အားနည်းသွားတာ၊ ထိခိုက်မိတဲ့အခါမျိုးမှာ လိင်တံက အနည်းငယ် သို့မဟုတ် လုံးဝထုံကျဉ်သွားတတ်ပါတယ်။

    ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ

    ဒီနေ့ပြောပြပေးမှာကတော့ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ လိင်တံထုံကျဉ်ခြင်းကို ဖြစ်စေတဲ့ အပြုအမူတွေနဲ့ လိင်ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။

    လိင်တံထုံကျဉ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။

    ကိုယ့်ရဲ့ ငယ်ပါကို ကိုယ်တိုင် သို့မဟုတ် တခြားတစ်ယောက်က ထိလိုက်တဲ့အခါ အထိအတွေ့နဲ့ ပတ်သက်ပြီး ခံစားမိတာလည်း မရှိ၊ ထောင်မတ်လာတာမျိုးလည်း မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်။ တစ်ခါတလေ အထဲမှာ သွေးစီးဆင်းမှု လုံးဝရပ်တန့်သွားသလိုလည်း ခံစားရနိုင်ပါတယ်။ တခြားလက္ခဏာတွေအနေနဲ့

    • ဝှေးစေ့၊ လိင်တံပတ်လည်က အရေပြား သို့မဟုတ် Perineum လို့ခေါ်တဲ့ လိင်အင်္ဂါနဲ့ စအိုဝကြား နေရာမှာ ခံစားနိုင်မှု ပျောက်ဆုံးနေတာ
    • ပူစပ်ပူလောင် ဖြစ်တာ
    • ထုံကျဉ်ပြီး အသားထဲက အပ်လေးတွေနဲ့ စူးနေသလို ခံစားမိတာ
    • လိင်တံ၊ ဝှေးစေ့မှာ အေးစက်စက်ဖြစ်နေတာ
    • အရေပြားက ခရမ်းရောင် သို့မဟုတ် ပြာနှမ်းနှမ်းအရောင် ပြောင်းနေတာကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

    ဘာကြောင့် လိင်တံက ထုံကျဉ်သွားတာလဲ။

    များသောအားဖြင့် ထိခိုက်မိတာ၊ နေထိုင်မှုပုံစံမှားယွင်းတာ၊ တစ်ကိုယ်ရေအာသာဖြေခြင်း၊ လိင်ဆက်ဆံခြင်း ပုံစံအနေအထား မမှန်တာ၊ အားကစားအပြင်းအထန် လုပ်တာကြောင့် လိင်တံဟာ ထုံကျဉ်သွားနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး တချို့နေရာတွေပဲ ကွက်ပြီး ထုံနေတာမျိုးလည်း ရှိသလို လိင်အင်္ဂါတစ်ခုလုံး ထုံကျဉ်နေသလို ဖြစ်နိုင်ပါတယ်။

    ၁။ ထိခိုက်မိခြင်း

    မတော်တဆ ထိခိုက်မိတာ၊ လိင်အင်္ဂါတစ်ဝိုက်ကို အကန်ခံရတာ၊ အထိုးခံရတာ အစရှိသဖြင့် မတော်တဆထိခိုက်မှုတွေကြောင့် လိင်တံအတွင်းမှာ ရှိတဲ့ သွေးကြော၊ အာရုံကြောတွေကို ထိခိုက်မိပြီး ထုံကျဉ်သွားနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီထုံကျဉ်မှုဟာ ရက်အနည်းငယ်သာကြာတတ်ပြီး အချိန်တော်တော်ကြာလို့မှ လုံးဝပြန်မကောင်းလာဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

    ၂။ စက်ဘီး၊ ဆိုင်ကယ် အကြာကြီးစီးခြင်း

    စက်ဘီးပေါ် အချိန်အကြာကြီးထိုင်ပြီး စီးမိတဲ့အခါ လိင်တံ၊ ဝှေးစေ့နဲ့ လိင်အင်္ဂါနဲ့ စအိုကြားနေရာကို ဖိအားသက်ရောက်မှုဖြစ်စေပြီး သွေးကြောအတွင်း သွေးစီးဆင်းမှုနည်းကာ လိင်တံထုံသွားစေနိုင်ပါတယ်။

    ၃။ အချိန်ကြာကြာ ထိုင်ခြင်း

    သက်သောင့်သက်သာ မဖြစ်တဲ့ ထိုင်ခုံတွေမှာ ထိုင်တာ၊ ထိုင်တဲ့အနေအထားကြောင့် လိင်တံပတ်လည်မှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဖိအားသက်ရောက်သွားပြီး ထုံကျဉ်နေတတ်ပါတယ်။

    ၄။ တစ်ကိုယ်ရေသန့်ရှင်းမှု ပစ္စည်းများ

    အနံ့ပြင်းလွန်းတဲ့ ဓာတုဗေဒပစ္စည်း အများအပြား ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာတွေဟာ လိင်အင်္ဂါအရေပြားကို ယားယံစေပြီး အခန့်မသင့်ရင် ထုံသွားတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

    ၅။ ကျပ်လွန်းတဲ့ အတွင်းခံတွေ ဝင်ခြင်း

    အတွင်းခံဘောင်းဘီကို ကျပ်သိပ်နေအောင် ဝတ်ထားတဲ့အခါ လေဝင်ပေါက်ပိတ်သွားသလို လိင်အင်္ဂါရော ကပ္ပာယ်အိတ်ပါ အထဲမှာ စုပြုံပြီးထိုးထည့်သွားသလို ဖြစ်နေတဲ့အတွက် ယားယံခြင်း၊ အသားထဲက ဆူးစူးသလို ဖြစ်ခြင်း၊ အရေပြားနီရဲခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ၆။ တစ်ကိုယ်ရေအာသာဖြေခြင်း

    ထောင်မတ်နေတဲ့ လိင်တံဟာ ထိခိုက်ပွန်းပဲ့မှု ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ကိုယ်က အားသုံးပြီး တစ်ကိုယ်ရေအာသာဖြေလိုက်တဲ့အခါ အရေပြားထိခိုက်ပွန်းပဲ့ပြီးသွားပြီး သူ့နောက်မှာ အရေပြားအရောင်ပြောင်းလဲသွားခြင်း၊ ယားယံခြင်း၊ ပိုးဝင်ခြင်း၊ ထုံကျဉ်တာတွေကပါ လိုက်လာပါတယ်။ အထူးသဖြင့် နေ့စဉ်နေ့တိုင်း အာသာဖြေတာ၊ မလိုအပ်ဘဲ လိင်တံကို ကိုင်ပြီး အာသာဖြေဖို့ ကြိုးစားတာတွေကြောင့်လည်း လိင်တံက ထုံကျဉ်သွားတတ်ပါတယ်။

    ၇။ ကျားဟော်မုန်း နည်းနေခြင်း

    တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေး၊ စိတ်ရောဂါအမျိုးမျိုးကြောင့် ကျားဟော်မုန်းတွေ ကျလာတဲ့အခါ အမျိုးသားတွေအနေနဲ့ လိင်စိတ်ဆန္ဒနည်းလာတာ၊ လိင်တံမထောင်မတ်နိုင်တာ၊ ထောင်မတ်နေစဉ်မှာလည်း ထုံကျဉ်သလိုဖြစ်ပြီး ပြန်ပျော့ခွေသွားတာမျိုး ဖြစ်နိုင်ပါတယ်။

    ၈။ အာရုံကြော ပြဿနာ

    ဆီးချိုကြောင့် ဖြစ်တဲ့ အာရုံကြောစနစ်ချို့ယွင်းခြင်း၊ ဦးနှောက်၊ အမြင်၊ ခါးရိုးမှာရှိတဲ့ အာရုံကြောစနစ် အားနည်းခြင်း၊ ကင်ဆာရောဂါကုထုံးတွေကြောင့်လည်း လိင်အင်္ဂါအပြင် ခန္ဓာကိုယ်အောက်ပိုင်းမှာ ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ၉။ ပီရိုးနီးရောဂါ

    ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်းကို ဖြစ်စေတဲ့ အမျိုးသားရောဂါဖြစ်ပြီး လိင်တံအတွင်းမှာ ရှိတဲ့ တစ်ရှူးတွေ ပျက်စီးကာ အမာရွတ်တွေဖြစ်ကျန်ရစ်ခဲ့တာကြောင့် ဒီရောဂါဝင်လာရတာပါ။ ဒီရောဂါရှိသူတွေမှာလည်း ရံဖန်ရံခါ လိင်တံထုံကျဉ်ခြင်း ဖြစ်တတ်ပါတယ်။

    ၁၀။ ဆီးကျိတ်ကင်ဆာဖြစ်နေသူတွေ

    အကြောင်းအမျိုးမျိုးကြောင့် ဆီးကျိတ်ကြီးနေတာ၊ ဆီးကျိတ်ကင်ဆာဖြစ်နေတဲ့သူတွေမှာ မကြာခဏ ဆီးသွားချင်တာ၊ ဆီးသွားရခက်တာ၊ လိင်အင်္ဂါအရေပြားထဲမှ စူးနေသလို ခံစားရတာ၊ ထုံကျဉ်သလိုခံစားရတာဖြစ်နိုင်ပါတယ်။

    ကုသဖို့ လိုအပ်သလား။

    ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။ ထိခိုက်မှုကြောင့် ဖြစ်တဲ့ လိင်တံထုံကျဉ်ခြင်းကတော့ အချိန်သိပ်ပေးစရာမလိုဘဲ လက္ခဏာက သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ ကျန်းမာရေးပြဿနာကြောင့် ဖြစ်တာဆိုရင်တော့ သူ့ကိုဖြစ်စေတဲ့ အဓိကတရားခံရောဂါကို အမြစ်ပြတ်ကုသနိုင်မှ ဒီလက္ခဏာက ပျောက်သွားမှာပါ။ ဆေးဝါးအနေနဲ့ ဆရာဝန်နဲ့ အရင်ပြသပြီး ကိုယ့်ရောဂါကို ထိန်းချုပ်ပေးနိုင်မယ့် ဆေးဝါးတွေကို ညွှန်းပေးတဲ့အတိုင်း သောက်ဖို့ လိုအပ်ပါတယ်။

    လူနေမှုပုံစံကိုရော ဘယ်လိုပြောင်းလဲနေထိုင်သင့်လဲ။

  • တစ်နေရာထဲမှာ အကြာကြီး ထိုင်နေတဲ့အကျင့်ကို ဖျောက်ပါ
  • လှုပ်လှုပ်ရှားရှားနေပါ
  • မနက်ပိုင်းမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာမျိုး လုပ်ပါ
  • Gym ကစားပါ
  • ထိုင်တဲ့အခါမှာလည်း သက်သောင့်သက်သာဖြစ်မယ့် ခုံမှာထိုင်ပါ
  • ခါးကို မတ်မတ်ထားပါ။ ကုန်းမနေပါစေနဲ့
  • စက်ဘီးကို ဆက်တိုက် အချိန်အကြာကြီးမစီးပါနဲ့
  • ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement