backup og meta

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Arkar Hein မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

    ကျွန်တော်တို့ယောက်ျားလေးအများစုဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါ နဲ့ လုပ်ဆောင်ချက် အများစုကို သိပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက် ကို Hellosayarwon စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

    အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

    အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက်တွေက ဘာတွေများလဲ။

    ၁။ အမျိုးသားတွေရဲ့ လိပ်အင်္ဂါဟာ မမွေးခင်ကတည်းက ထောင်မတ်နိုင်ပါတယ်။

    အမျိုးသား လိင်အင်္ဂါတွေဟာ မွေးကတည်းက အဆင်သင့် ဖြစ်နေကြတာပါ။ ယောက်ျားလေးတွေအနေနဲ့ မိခင်ဝမ်းမှာကတည်းက ထောင်မတ်နေတဲ့ ဖြစ်စဉ်မျိုးတွေဟာ ရှိတတ်ပါတယ်။ တချို့သော ultrasound scan တွေမှာဆိုရင် သန္ဓေသားရဲ့ လိင်အင်္ဂါက ထောင်မတ်နေတာမျိုးကို တွေ့ရှိခဲ့ကြဖူးပါတယ်။

    ၁၉၉၁ ခုနှစ်က လေ့လာချက်အရတော့ သန္ဓေသားလိင်အင်္ဂါထောင်မတ်ခြင်းကို REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေမက်တဲ့ အိပ်စက်ချိန်တွေမှာ အတွေ့များကြောင်း သိခဲ့ရပါတယ်။ ဒါ့အပြင် ဒီလို ထောင်မတ်ခြင်းဟာ တစ်နာရီအတွင်းမှာ အကြိမ်ပေါင်းများစွာ ဖြစ်နေနိုင်ပါတယ်။

    ဘာကြောင့် သန္ဓေသားဘဝမှာတောင် ထောင်မတ်နေရလဲဆိုတာ သေချာမသိရသေးပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ကိုယ်လက်အင်္ဂါတွေ ကောင်းကောင်း အလုပ်လုပ်ရဲ့လားဆိုတာ စမ်းသပ်ကြည့်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

    ၂။ သင့်ရဲ့ လိင်အင်္ဂါဟာ သင်ထင်ထားတာထက် ၂ ဆရှည်လျားပါတယ်။

    ယောက်ျားလေးတွေ အမြဲတမ်းခေါင်းစားရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ လိင်အင်္ဂါရဲ့ အရှည်နဲ့ပတ်သက်တဲ့ အချက်တစ်ချက်ပါ။ တကယ်တမ်း ကျွန်တော်တို့ရဲ့ လိင်အင်္ဂါဟာ ထင်ထားတာထက် ၂ ဆ ပိုရှည်ပါတယ်။ လိင်အင်္ဂါအရှည်တစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အထဲမှာ ရှိနေပါတယ်။

    သင်ကတော့ ဒီကျန်တဲ့ အရှည်တစ်ဝက်ကို ခန္ဓာကိုယ်ထဲက ဆွဲထုတ်လိုက်ရင် ပိုကောင်းမှာပဲလို့ ထင်မိနိုင်ပေမယ့် ဒီအလျားတစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ရှိနေတာ ဖြစ်ပါတယ်။

    ထောင်မတ်ပေးနိုင်တဲ့ တစ်ရှူးတွေဟာ corpus cavernosum နဲ့ corpus spongiosum လို့ခေါ်တဲ့ ထောင်မတ်တစ်ရှုး ၂ မျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

    ၃။ ခြေထောက်ဆိုဒ်နဲ့ လိင်အင်္ဂါအရွယ်အစားရဲ့ ဆက်နွယ်မှု။

    BJU International ဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ လိင်အင်္ဂါအရွယ်အစားနဲ့ ခြေထောက်ဆိုဒ်တို့ ကြားဆက်နွယ်မှု တစ်ခုမှ မရှိကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။

    အရင်တုန်းက လေ့လာချက် အဟောင်းတစ်ခုဖြစ်တဲ့ ၁၉၉၃ ခုနှစ်က လေ့လာချက်တစ်ခုမှာ ကျွန်တော်တို့ရဲ့ လိင်တံအရွယ်အစားဟာ အရပ်နဲ့ ခြေထောက်အလျားဆိုဒ်တို့နဲ့ ဆယ်နွယ်နေကြောင်းတွေ့ရှိခဲ့တယ်ဆိုပေမဲ့ ဒီဆက်နွယ်မှုဟာ အတိအကျမဟုတ်တဲ့ ဆက်နွယ်မှုသာ ဖြစ်ပြီး လေ့လာသူတွေကလည်း ခြေထောက်ဆိုဒ်တွေ ကိုကြည့်ပြီး လိင်တံရဲ့အရွယ်အစားကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူးလို့ နိဂုံးချုပ်ခဲ့ပါတယ်။

    ၄။ ညဘက်အချိန်ထောင်မတ်ခြင်း။

    ယောက်ျားလေးအများစုဟာ တစ်ညမှာ အနည်းဆုံး ၃ ကြိမ်ကနေ အများဆုံး ၅ ကြိမ်အထိ ထောင်မတ်နိုင်ပြီး REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေ မက်တဲ့ အိပ်စက်ချိန်တွေမှာ အဖြစ်များပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျမသိရပေမဲ့ ထောင်မတ်ခြင်းဟာ ဆီးသွားခြင်းကို တားမြစ်ပေးနိုင်တဲ့အတွက် ညဘက်အချိန် အိပ်ရာထဲမှာ ဆီးမသွားအောင် ကာကွယ်ပေးဖို့အတွက် ထောင်မတ်တာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

    ညဘက်အချိန် လိင်တံထောင်မတ်ခြင်းနောက်ကွယ်က အကြောင်းရင်းတွေ ဘာတွေပဲဖြစ်နေဖြစ်နေ ဒီလိုထောင်မတ်ခြင်းတွေဟာ ရောဂါအမည်ဖော်ထုတ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ ပုံမှန်အချိန်မှာ လိင်တံကထောင်မတ်ဖို့ခက်ခဲနေပြီး အိပ်နေတဲ့အချိန်မှာတော့ ထောင်မတ်တတ်တယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်တာပါ။ သို့ပေမဲ့ အိပ်နေတဲ့အချိန်မှာလည်း ထောင်မတ်ခြင်းမရှိဘူးဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာပါ။

    ၅။ လိင်တံဟာ သေတဲ့အချိန်မှာတောင် ထောင်မတ်နေနိုင်ပါတယ်။

    အထက်မှာ ပြောထားခဲ့အချက်တွေအရ ယောက်ျားလေးတွေ အများစုဟာ မိခင်ဝမ်းထဲရှိနေစဉ်ကာလနဲ့ အိပ်နေချိန်မှာတောင် ထောင်မတ်နိုင်ကြောင်း သိရှိခဲ့ကြပါပြီ။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတဲ့အချက်ကတော့ လိင်တံဟာ သေဆုံးတဲ့ အချိန်မှာတောင် ထောင်မတ်နိုင်တယ်ဆိုတာပါပဲ။ ဒီလို ထောင်မတ်ခြင်းဟာ သေဆုံးပြီး ခဏအကြာမှာ ဖြစ်ပွားနိုင်ပြီး အများစုကတော့ ဆွဲကြိုးချသတ်သေတဲ့ ယောက်ျားလေးတွေမှာ အဖြစ်များကြောင်း တွေ့ရှိရပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ ဒါဟာ ဆွဲကြိုးချရာမှာ အသုံးပြုတဲ့ကြိုးက cerebellum လို့ခေါ်တဲ့ ဦးနှောက် အနောက်အောက်ဘက်က အစိတ်အပိုင်းကို ဖိအားသက်ရောက်လိုက်တဲ့အတွက် ဖြစ်ရတာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ ဒီလို နောက်ဆုံးအကြိမ်ထောင်မတ်ခြင်းဟာ ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရတဲ့ လူနာတွေ၊ အဓိကသွေးကြောတွေ ပျက်ဆီးသွားတဲ့ လူနာတွေ၊ အဆိပ်ခတ်ခံရတဲ့ လူနာတွေမှာလည်း ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

    ၆။ လိင်တံဟာလည်း ကျိုးနိုင်ပါတယ်။

    သင့်ရဲ့ လိင်တံဟာ အရိုးမရှိပေမဲ့လည်း ကျိုးနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ လိင်တံကျိုးတဲ့ ဖြစ်စဉ်တွေဟာ ‌ထောင်မတ်နေချိန် ပြင်းထန်အားပါတဲ့ လိင်ဆက်ဆံချိန်တွေမှာ ဖြစ်ပွားနိုင်ပါတယ်။

    လိင်တံကျိုးတဲ့ အချိန်မှာ ကျိုးအက်တဲ့ အသံတွေ၊ အပြင်းအထန်နာကျင်ခြင်း၊ ရောင်ကိုင်းခြင်းနဲ့ ပျော့တွဲသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ချက်ကတော့ ဒီလို လိင်တံကျိုးတဲ့ဖြစ်စဉ်တွေဟာ ဖြစ်ရိုးဖြစ်ထ သိပ်မရှိဘဲ အလျင်အမြန်ကုသနိုင်မယ်ဆိုရင် အရင်လို လုပ်ဆောင်ချက် အားလုံးကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    အလျင်အမြန်ဆေးရုံသွားမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေများပါတယ်။ လိင်တံကျိုးရခြင်းနဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာ လိင်တံကျိုးဖြစ်စဉ် ၄၂ ခုကို လေ့လာခဲ့ရာမှာတော့ အန္တရာယ်အများဆုံး လိင်ဆက်ဆံပုံဟာ အမျိုးသမီးက အပေါ်မှာ ရှိနေတဲ့ လိင်ဆက်ဆံပုံဖြစ်တယ်လို့ ဆိုပါတယ်။

    ၇။ ဦးနှောက်က ထိန်းချုပ်လို့မရပါဘူး။

    ယောကျ်ားလေးအများစုဟာ သုက်လွှတ်တဲ့အချိန်ကို မထိန်းချုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သုက်လွှတ်တာကို ထိန်းချုပ်တာ ဦးနှောက်ကမဟုတ်လို့ပါ။ သုက်လွှတ်အချက်ပြခြင်းကို လုပ်ဆောင်တာဟာ SEG [spinal ejaculation generator] လို့ခေါ်တဲ့ ကျောရိုးမှာရှိတဲ့ သုက်လွှတ်ခြင်းကို ထိန်းချုပ်တဲ့ နာဗ်ကျောများဖြစ်ပါတယ်။

    သို့ပေမဲ့လည်း ကျွန်တော်တို့ ဦးနှောက်က သုက်လွှတ်တဲ့ လုပ်ဆောင်ချက်အပေါ် သက်ရောက်မှုရှိနိုင်ပါသေးတယ်။ ဥပမာပြောရမယ်ဆိုရင် သုက်လွှတ်ခါနီး တခြားအကြောင်းအရာတစ်ခုကို တွေးလိုက်ခြင်းက သုက်လွှတ်ခြင်းကို ကြာစေနိုင်တယ်ဆိုတာ လူတော်တော်များများလည်းသိကြပါတယ်။ ဒါပေမဲ့ အခြေခံလုပ်ဆောင်ချက်အားလုံးကိုတော့ ကျောရိုးနဗ်ကြောကပဲ လုပ်ဆောင်တာ ဖြစ်ပါတယ်။

    ၈။ ဘယ်လို ထောင့်ဒီဂရီထောင်မတ်ကြသလဲ။

    ကျားလိင်တံဟာ ပုံမှန်အရပြောရမယ်ဆို ဒီဂရီထောင့်ပေါင်းစုံထောင်မတ်နိုင်ပါတယ်။ တည့်တည်ထောင်မတ်တာမျိုး၊ ဘယ်၊ ညာစောင်းပြီးထောင်မတ်တာမျိုး အပေါ်အောက်ထောင်မတ်တာမျိုး စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လိုထောင်မတ်ခြင်းကမှ အမှန်လို့ ယူဆလို့မရပါဘူး။ ပုံသေထောင်မတ်တဲ့ ပုံစံမျိုးလည်း မရှိပါဘူး။

    လိင်တံဟာ ရွဲ့စောင်းပြီး ထောင်မတ်နေမယ်ဆိုရင်လည်း စိုးရိမ်စရာမလိုပါဘူး။ ဒါဟာ ပုံမှန်ပဲဖြစ်ပါတယ်။ အနည်းငယ်သော လိင်တံများဟာသာဖြောင့်တန်းပြီး ကျန်လိင်တံတွေကတော့ ဘယ်ဘက်ကိုမဆို ရွဲ့နေနိုင်ပါတယ်။ ၃၀ ဒီဂရီလောက်အထိ ရွဲ့နေမယ်ဆိုရင်တောင် ပုံမှန်လို့ သတ်မှတ်လို့ရပါသေးတယ်။

    ၉။ ပိုပြီး ကြီးလာသလား။

    အမျိုးသားပေါင်း ၂၇၄ ယောက်ကို လေ့လာခဲ့တဲ့ စစ်တမ်းအရ ပျော့ခွေနေတဲ့ လိင်တံအလျားနဲ့ ထောင်မတ်ချိန်အလျားနဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။ အများစုက ပျော့ခွေနေတဲ့ အချိန်မှာ သေးနေပေမဲ့ ထောင်မတ်ချိန်မှာတော့ ပိုကြီးလာကြပါတယ်။ တချို့တွေကြတော့ ပျော့ခွေနေတဲ့အချိန်မှာ ကြီးမားနေပြီး ထောင်မတ်တဲ့အချိန်မှာလည်း အနည်းငယ်သာကြီးကြပါတယ်။ တချို့တွေကြတော့ ပျော့ခွေနေတဲ့ အချိန်ပဲဖြစ်ဖြစ် ထောင်မတ်နေတဲ့ အချိန်ပဲ ဖြစ်ဖြစ် သေးနေပြီး တချို့ကတော့ ထောင်မတ်တဲ့အချိန်ရော ပျော့ခွေတဲ့ အချိန်ရောကြီးမားကြပါတယ်။ ဒါဟာ အမျိုးမျိုးရှိနိုင်ပါတယ်။

    ၁၀။ ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေက အာသာဖြေချင်စိတ်ကို တားဆီးပေးနိုင်ပါတယ်။

    ပြောင်းဖူးများက ကျွန်တော်တို့နိုင်ငံမှာ သိပ်မစားကြတဲ့အတွက် ပါးစပ်ပြောစကားတွေ အများအပြားထွက်မလာပေမဲ့ အနောက်နိုင်ငံမှာတော့ ဒီလို ပါးစပ်ပြောစကားတွေရှိ ခဲ့ပါတယ်။ ဒီလို ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေဟာ အာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တဲ့ဆိုတဲ့အယူအဆဟာ ၁၈၅၂ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ အမေရိကန် ဆရာဝန်၊ အာဟာရဗေဒပညာရှင် ဂျွန် ဟာဗေး ကဲလောဂ် (John Harvey Kellogg) က စတင်ခဲ့တာ ဖြစ်ပါတယ်။

    ဟာဗေးဟာ ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေက လိင်စိတ်ကို တားဆီးပေးနိုင်တယ်ဆိုပြီး Corn Flakes ကို ၁၈၉၇ ခုနှစ်မှာ စတင်ရောင်းချခဲ့တာပါ။ ဒီလို ပြောင်းဖူး ကထုတ်ထားတဲ့ အစားအစာတွေဟာ အာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တယ်ဆိုပြီး ခေတ်စားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဘာမှမဆိုင်ဘူးဆိုတာ သိလာကြတဲ့အတွက် ဒီလို အယူအဆတွေ မရှိကြတော့ပါဘူး။

    အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် တွေကို သိရှိလောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Arkar Hein မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement