backup og meta

အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း (၅) သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း (၅) သွယ်

    ကိုယ့်လူတို့ရေ… ကိုယ်အသက်အရွယ်လေး ရလာတဲ့အခါ “သိပ်အရွယ်တင်တာပဲ၊ လူငယ်လေး အတိုင်းပဲနော်” ဆိုတဲ့ မှတ်ချက်စကားကို ကြားချင်သလား။ ဒါမှမဟုတ် ကိုယ့်အသက်လည်း မကြီးသေးဘဲ “ဟယ် ငယ်ငယ်လေးနဲ့ ရုပ်ရင့်လိုက်တာ၊ မထင်ရဘူးနော်” ဆိုတဲ့ စကားမျိုး ကိုယ့်နားထဲ နားဝင်ချိုနိုင်ပါ့မလား။ ဒီလို မကြားချင်ဘူးဆို အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း လေးတွေ လေ့လာထားလိုက်ပါတော့။

    အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း (၅) သွယ်

    အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း တွေကတော့

    (၁) ဗီတာမင် တွေ ပြည့်ဝအောင် စားသုံးပါ

    အစားမရွေးတတ်တဲ့ ကိုယ့်လူတွေအတွက်တော့ အဆင်ပြေပေမယ့် ဟိုလိုဆို မစား၊ ဒါဆိုလည်း မကြိုက်နဲ့ ကြေးထူတတ်တဲ့ သူတွေအတွက် ရုပ်ပိုရင့်စေမယ့် အချက်ပါ။

    ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် အေ စတာတွေက အရွယ်တင်နုပျိုစေဖို့ အဓိကအရေးပါသလို ကိုယ်ခံအား၊ အသားအရေ ကာကွယ်မှုတို့အတွက် အကျိုးပြုအဆီဓာတ် အိုမီဂါသရီး၊ ဆယ်လီနီယမ်တို့လို အာဟာရဓာတ်တွေလည်း လိုအပ်ပါတယ်။

    အရိုးအဆစ်နဲ့ ကြွက်သားတွေ သန်မာဖို့ အတွက်လည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေက မရှိမဖြစ် အရေးကြီးတာကြောင့် အသားငါး၊ အသီးအရွက် စုံလင်အောင်စားပါ၊ မစားနိုင်ရင် ဖြည့်စွက်အားဆေး သောက်ပါ။

    (၂) အားကစား လုပ်ပါ

    ကျန်းမာရေး လိုက်စားပါ လို့ ခြုံငုံ ပြောကြတာက ကျန်းမာရေးနဲ့ ညီအောင် စားသုံးပြီး ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ကို ဆိုလိုပါတယ်။ Gym မသွားနိုင်တောင် အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုတော့ လုပ်သင့်တယ်။

    ကြွက်သား အားစိုက်ရတဲ့ လေ့ကျင့်ခန်းတွေက အရိုးအဆစ်နဲ့ ကြွက်သားသန်မာမှု အတွက် သိပ်ကို အထောက်အကူပေးပါတယ်။ အသက်ကြီးလာတာတောင် လူငယ်တွေထက် သန်မာနေတဲ့ သူတွေ မြင်ဖူးကြတယ်မဟုတ်လား။

    (၃) အရက်ဘီယာ လျှော့ပါ

    အယ်လ်ကိုဟော နဲ့ ကင်းတဲ့ ပုရိသတွေဆိုတာ ခပ်ရှားရှား၊ မရှိသလောက်ပါပဲ။ ဒါပေမယ့် အယ်လ်ကိုဟောက ကိုယ့်ရဲ့ ရုပ်ရည် အသွင်အပြင်ကိုရော၊ ခန္ဓာကိုယ် တစ်ခုလုံး ကိုပါ အိုမင်းရင့်ရော်စေနိုင်တာကို သင်သိပါရဲ့လား။

    ဒါ့ကြောင့် မရှောင်နိုင်၊ မဖြတ်နိုင်တောင် အလွန်အကျွံ မသောက်ပါနဲ့။ ဆက်တိုက် သို့မဟုတ် မကြာခဏ မသောက်ပါနဲ့။ ရောဂါ ပိုထူစေပြီး လူ့သက်တမ်း တိုစေနိုင်ပါတယ်။

    (၄) ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်တစ်ခုလုံး ဘယ်နေရာကိုမှ ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ထိခိုက်ပြီး သက်လုံမကောင်းတာ၊ အသားအရေတွေ ပျက်စီးတာ၊ အမျိုးသားစွမ်းဆောင်ရည်တွေ ကျဆင်းတာ စတာတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေမှာ အသေအချာပါပဲ။

    ဒါကြောင့် ဆေးလိပ်မသောက်တတ်ရင် အစလုပ်ပြီး မသောက်ပါနဲ့။ သောက်တတ်ရင်တော့ ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။ ဆေးလိပ်လက်ကြားညပ်မှ ခေတ်မီတဲ့ ခေတ်မဟုတ်တော့ပါဘူး။

    (၅) အသားအရေ ထိန်းသိမ်းပါ

    ယောကျာ်းလေးမို့ အသားအရေ ထိန်းဖို့ မလိုဘူးလို့ မတွေးပါနဲ့။ ခုနောက်ပိုင်း အမျိုးသား တွေ အသားအရေကို ဂရုစိုက်လာကြပြီဆိုပေမယ့် တချို့တွေကတော့ ဖြစ်သလို နေကြလေ့ရှိပါတယ်။

    အရွယ်မတိုင်ခင် ရုပ်မရင့်ချင်၊ မအိုစာချင်ဘူးဆိုရင်တော့ မျက်နှာသန့်စင်တာ ၊Toner သုံးတာ၊ နေရောင်ကာခရင်မ်လိမ်းတာ၊ Moisturizer လူးတာ လိုမျိုး ပုံမှန် အသားအရေ ထိန်းသိမ်းမှုတွေတော့ လုပ်ပေးသင့်ပါတယ်။

    (၆) ရေ များများ သောက်ပါ

    တခြားအရည်တွေ ထက် ရေကိုပဲ ဦးစားပေးသောက်ပါ။ လူ့ခန္ဓာကိုယ် အတွက် အရေးပါဆုံးအရာတွေထဲ ရေက ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။ ဘီယာတွေ မော့မယ့်အစား ရေသာ သောက်ပါ။

    အရွယ်တင်နုပျိုပြီး အသားကြည်မယ့် အပြင် ကိုယ်တွင်းအင်္ဂါ တွေရဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းစေတာမို့ ကျန်းမာကြံ့ခိုင်စေဖို့ သေချာပါတယ်။

    မယုံရင် လိုက်လေ့လာကြည့်ပါ။ အသက်ကြီးလာလည်း မပျက်စီးလာတဲ့ အမျိုးသားတွေဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေတာ တွေ့ရပါလိမ့်မယ်နော်။

    ရေးသားသူ – Dr. Thin Yadanar@ Frances

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement