backup og meta

အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ

    အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ က ဘာတွေ ဖြစ်မလဲ။ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အမျိုးသားတွေဟာ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိနေတဲ့တိုင်အောင် ဆရာဝန်နဲ့ သွားရောက်ပြသခြင်းမရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုများ မပြုလုပ်ခြင်း၊ အချို့သော ကျန်းမာရေးလက္ခဏာများကို လျစ်လျူရှုခြင်း၊ လိုအပ်သည့်အခါမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လက်တွန့်ခြင်းကြောင့် မလိုအပ်ဘဲ ရောဂါဒဏ်ကို ပိုခံရတဲ့အပြင် အသက်ဆုံးရှုံးမှုလည်း ပိုဖြစ်နိုင်ပါတယ်။

    ဒီဆောင်းပါးမှာတော့ အမျိုးသားများ လုံးဝမပေါ့ဆသင့်တဲ့ ကျန်းမာရေးလက္ခဏာများကို ပြောပြသွားမှာဖြစ်ပြီး ဒီလက္ခဏာတွေထဲက တစ်ခုခုကို ကိုယ်အမြဲ ကြုံတွေ့ခံစားနေရတယ်ဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

    အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ

    အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ ကတော့

    ၁။ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း

    ရင်ဘတ်အောင့်တယ်၊ အသက်ရှူမဝဘူးဆိုတာ ပုံမှန်ကျန်းမာနေတဲ့ သူတစ်ယောက်မှာ မတွေ့ရတဲ့ လက္ခဏာပါ။ အဆုတ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းချက်တွေ ရှိနေတာ၊ နှလုံးသွေးကြောကျဉ်းတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားလက္ခဏာအနေနဲ့

    • ရင်ဘတ်မှာ တစ်ခုခုဖိထားသလို မောနေတာ
    • ရင်ဘတ်ထဲ မွန်းကျပ်ပြီး အသက်ရှူရခက်နေတာ
    • အသက်ရှူမဝတာ
    • မောတာ
    • မူးဝေတာ စတာတွေပါ တွေ့ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ပြကြည့်ဖို့ လိုအပ်ပါတယ်။

    ၂။ ပုံမှန်မဟုတ်တဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်း

    ကိုယ်အလေးချိန် ရုတ်တရက်တက်လာတယ်ဆိုတာ အထိုင်များတာ၊ အဆီအစိမ့်စားတာ စတာတွေကြောင့်လည်း ဖြစ်နိုင်သလို အဆီနည်းပြီး ကြွက်သားထုတက်လာလို့ ကိုယ်အလေးချိန် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျတာမှာတော့ နည်းနည်းပြဿနာရှိပါတယ်။ ပေါင်ချိန်တစ်ဝက်နည်းပါးကို လပိုင်းလေးအတွင်းမှာ ကျသွားတာဆိုရင်တော့ ကင်ဆာရောဂါ သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ၊ ကိုယ်ခံအားမှာ ချို့ယွင်းမှုတစ်ခုခု ရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ၃။ သွေးဝမ်း သို့မဟုတ် ဝမ်းအမည်းများ မကြာခဏ သွားခြင်း

    ဝမ်းရဲ့ အရောင်အဆင်းသည် ကိုယ်စားလိုက်တဲ့အစားအစာပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းအမည်း၊ သွေးပါတဲ့ ဝမ်းတွေ သွားတယ်ဆိုတာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတဲ့ လက္ခဏာတွေပါ။ တစ်ရက်၊ နှစ်ရက်လောက်ပဲ မည်းပြီး နောက်ရက်မှာ ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားတယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပါဘူး။

    ဝမ်းအမည်းတွေဟာ အစာအိမ်အူလမ်းကြောင်းအပေါ်ပိုင်းမှာ သွေးယိုစီးတာကို ပြနေတာ ဖြစ်နိုင်သလို သွေးဝမ်းသွားခြင်းဆိုတာ မကြာခဏ ဝမ်းချုပ်လွန်းတာ သို့မဟုတ် အစာအိမ်အူလမ်းကြောင်း အောက်ပိုင်းမှာ သွေးယိုစီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရောင်အနည်းငယ် ဖျော့တယ်ဆိုရင်တော့ အသည်း သို့မဟုတ် သည်းခြေပြွန်မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့သွားပြသပြီး သွေးဝမ်းသွားတဲ့အခြေအနေ၊ လိပ်ခေါင်းရှိမရှိ သို့မဟုတ် အစာအိမ်မှာ အနာ ပေါက်နေသလားဆိုတာကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

    ၄။ မကြာခဏ ဆီးသွားခြင်း

    ရေများများသောက်လို့ ဆီးမကြာခဏသွားတာမျိုးမဟုတ်ဘဲ အကြောင်းမရှိ ဆီးခဏခဏ ထသွားနေတာ၊ နည်းနည်းနဲ့ ခဏခဏသွားတာ၊ ဆီးသွားပြီးသည့်တိုင်အောင် ဆီးသွားချင်စိတ်က ကျန်နေသေးတာ စတဲ့ ပြဿနာတွေဟာ ဆီးချိုရောဂါရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

    ဆီးကျိတ်ကြီးသူတွေမှာ မကြာခဏ ဆီးသွားချင်တာအပြင် ဆီး သို့မဟုတ် သုက်ရည်ထဲ သွေးပါနေခြင်း၊ တင်ပဆုံရိုးနေရာတစ်ဝိုက်မှာ နေရတာမသက်သာခြင်း စတဲ့ ပြဿနာတွေပါ တွေ့ရတတ်ပါတယ်။ အသက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။

    ၅။ ဝမ်းချုပ်ခြင်း

    အမျှင်စားသုံးမှုနည်းသူတွေ၊ ရေသောက်နည်းသူတွေ၊ အသက် (၅၀) နဲ့အထက် လူကြီးပိုင်းတွေမှာ ဝမ်းချုပ်တာ အဖြစ်များပါတယ်။ တစ်ခါတရံ ဝမ်းချုပ်တာ ပြဿနာမရှိပေမယ့် နေ့စဉ်ရက်ဆက် ဝမ်းချုပ်တာက ကျန်းမာရေးအရ တစ်ခုခု ချို့ယွင်းတာလည်း ဖြစ်နိုင်သလို ဝမ်းချုပ်ခြင်းကြောင့်လည်း နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။

    ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ စအိုကွဲခြင်း၊ စအိုလမ်းကြောင်း ပွန်းပဲ့ထိခိုက်မိခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်ထဲမှာ အကျိတ်တွေ ဖြစ်နေပြီး အူမကြီးကို ပိတ်မိသွားတဲ့အခါမှာလည်း ဝမ်းချုပ်တတ်ပါတယ်။

    ၆။ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း သို့မဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း

    ပန်းသေပန်းညှိုးဆိုတာ အသက်ကြီးပိုင်းအမျိုးသားတွေမှာ ကျားဟော်မုန်း ကျဆင်းခြင်းကြောင့် ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးပါ။ လူငယ်တွေမှာတော့ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာ၊ သွေးတွင်း အဆီနဲ့ ကိုလက်စထရော များလွန်းတာ၊ အိပ်ချိန်နည်းတာ၊ လှုပ်ရှားမှုမရှိတာကြောင့် လိင်တံထောင်မတ်နိုင်မှု ကျဆင်းတာမျိုး ကြုံရတတ်ပါတယ်။

    နောက်ထပ် သတိထားရမှာတစ်ခုကတော့ လူငယ်ပိုင်းတွေမှာ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်းဟာ စိတ်ဖိစီးမှု၊ စိုးရိမ်မှုလွန်ကဲခြင်း၊ စိတ်ကျရောဂါ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေရခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါဆိုတာ လူ့ခန္ဓာကိုယ်ကို ဆိုးရွားတဲ့ သက်ရောက်မှုမျိုး ဖြစ်စေတဲ့အတွက် မိမိကိုယ်ကို ထိန်းချုပ်တာ သို့မဟုတ် နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်နဲ့ သွားရောက်ပြသပြီး စိတ်ကုထုံး ခံယူတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။

    ၇။ မကြာခဏ ရင်ပူခြင်း

    ရင်ပူတယ်ဆိုတာ အစာအိမ်ကနေ စားချင့်ရည်ပြန်ကန်တက်ခြင်းကြောင့် ဖြစ်ရတာပါ။ ပုံမှန် အဆီအစိမ့်တွေ အလွန်အကျွံ စားပြီးရင် ရင်ပူတာဖြစ်တတ်ပေမယ့် အကြောင်းရင်းမရှိဘဲ မကြာခဏ ရင်ပူတာမျိုးဆိုရင်တော့ ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။

    GERD လို့ ခေါ်တဲ့ အစာအိမ်အူလမ်းကြောင်း စားချဉ့်ရည်ပြန်ကန်တက်တဲ့ ရောဂါသည် အကြောင်းရင်းမရှိဘဲ အစာအိမ်မှ စားချဉ်ရည်က လည်ချောင်းအထိ နောက်ပြန်စီးဆင်းတဲ့အတွက် ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။ မကုသဘဲ ပစ်ထားမယ်ဆိုရင် စားချဉ်ရည်အက်စစ်ဟာ လည်ချောင်းမှာရှိတဲ့ တစ်ရှူး​တွေကို ပျက်စီးစေပြီး ယားယံကာ အနာပေါက်စေနိုင်ပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့အထိ အန္တရာယ်များပါတယ်။

    ၈။ အလွန်အကျွံဟောက်ခြင်း

    ဟောက်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာတော့ ရယ်စရာဟာသတစ်ခုလို ပြက်ရယ်ပြုတတ်ကြပေမယ့် တကယ်ဖြစ်နေသူအနေနဲ့ အသက်အန္တရာယ် ကြီးမားစွာ ဖြစ်စေနိုင်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ အဓိက အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားခြင်းကြောင့် ပါးစပ်ကနေ လေတွေ ပြန်ကန်တက်လာတဲ့အတွက် ဟောက်သံဖြစ်ပေါ်လာရတာပါ။

    ဟောက်တတ်သူတွေမှာ အိပ်ချိန်အပြည့်အဝရခဲ့ရင်တောင် မနက်နိုးလာရင် အိပ်ရေးမဝဘဲ ပင်ပန်းနုံးချိနေတတ်ခြင်း၊ အန္တရာယ်များလွန်းတဲ့အခြေအနေမှာ အိပ်နေစဉ် အသက်ရှူရပ်ပြီး သေဆုံးသွားနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေ၊ အမျိုးအစား (၂) ဆီးချိုရောဂါရှင်တွေမှာလည်း ပိုဖြစ်နိုင်ခြေရှိပါတယ်။

    ၉။ ရင်သားကြီးလာခြင်း

    လေ့ကျင့်ခန်းလုပ်လို့ ရင်အုပ်ကြွက်သား ကြီးထွားလာတာမျိုး မဟုတ်ဘဲ နို့ဆူထွက်လာပြီး အမျိုးသမီးများကဲ့သို့ ရင်သားကြီးလာတဲ့ပုံစံမျိုးပါ။ စိတ်ဖိစီးမှုများလွန်းတာ၊ ကျားဟော်မုန်း ကျဆင်းပြီး မဟော်မုန်းတွေ တိုးလာတာ၊ ရင်သားကင်ဆာကြောင့် ရင်သားကြီးလာနိုင်ပါတယ်။ ရင်သားကို စမ်းသပ်ကြည့်လို့ အဖုအလုံး စမ်းမိတာ၊ တစ်ရှူးများ မာပြီး ခဲနေသလို ခံစားမိတာ၊ အနီရောင်နို့သီးခေါင်းက အမည်းရောင်ကို ပြောင်းလဲသွားတာ၊ နို့သီးခေါင်းထိပ်ကနေ နို့တွေ ထွက်လာတာ စတဲ့ လက္ခဏာများတွေ့ရပါက ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။

    ဒီလက္ခဏာ (၉) ခုကတော့ အမျိုးသားများ လုံးဝမပေါ့ဆသင့်တဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ (၂၁) ရာစုလို ခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရောဂါတစ်ခုခု ခံစားနေရတာကို ဘယ်သူမှ ဖွင့်မပြောဘဲ ကိုယ့်ဘာသာ ကျိတ်ပြီးခံစားနေလို့တော့ ဘာအကျိုးထူးမှ မရပါဘူး။ တစ်ခုခု စိတ်ထဲမှာ မသင်္ကာရင် ဆရာဝန်နဲ့ အမြန်ပြပြီး စစ်ဆေးကုသမှုခံယူပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement