backup og meta

အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ

    တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားကျန်းမာရေး ဆက်စပ်ပုံ၊ အတွင်းခံဘောင်းဘီဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေ ပြောပြပေးပြီးပြီဆိုတော့ အခု အမေးများတဲ့ အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ ဆိုတဲ့ အကြောင်းကို ကျန်းမာရေးရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

    အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ

    ဒီဆောင်းပါးမှာတော့ လူကြိုက်အများဆုံးနဲ့ ဝယ်ယူမှုအများဆုံး အတွင်းခံဘောင်းဘီတွေအကြောင်းကို အဓိကပြောပြပေးသွားမှာဖြစ်ပြီး ကျန်တာတွေကိုတော့ ချန်လှပ်သွားမှာဖြစ်ပါတယ်။ ဒီဘောင်းဘီတွေကတော့

    ၁။ Brief အတွင်းခံ

    T ပုံသဏ္ဍာန်ရှိပြီး ယောက်ျားလေးတော်တော်များများ ဝတ်တတ်ကြတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပိန်တဲ့သူတွေ၊ အရပ်ပုတဲ့သူတွေအတွက် အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ ဘောင်းဘီနဲ့ ဝတ်ဆင်လို့အဆင်ပြေပြီး ပုဆိုးနဲ့ဆိုရင်တော့ အပေါ်က သားရေပတ်ကပေါ်နေလို့ ကြည့်ရဆိုးစေနိုင်ပါတယ်။ ရေကူးတဲ့အခါမှာလည်း ရေကူးဘောင်းဘီအောက်ကနေ ခံဝတ်လို့ အဆင်ပြေပါတယ်။

    Brief အမျိုးအစားရဲ့ အားသာချက်က ယောက်ျားလေးတွေရဲ့ ပစ္စည်းကို နေရာတကျဖြစ်စေပြီး အလုံးအထည် ပုံစံကို သိသိသာသာဖော်ပေးတယ်။ အရမ်းလည်း မရှည်လို့ ချွတ်ရ၊ ဝတ်ရတာလွယ်ကူစေတယ်။ စတိုင်ဘောင်းဘီတွေ၊ ဂျင်းဘောင်းဘီ၊ ဘယ်လိုဘောင်းဘီမျိုးနဲ့မဆို ဝတ်လိုက်ရင် သူ့နေရာနဲ့ အဆင်ပြေစေပြီး ချောင်နေတာ၊ ကျပ်နေတာမျိုးလည်း အလွန်နည်းပါတယ်။ ဒီအမျိုးအစားကိုရွေးတော့မယ်ဆိုရင်တော့ ကိုယ့်ခါးဆိုဒ်နဲ့ ကွက်တိဖြစ်နေမယ့်အတွင်းခံအရွယ်အစား ရွေးဝယ်တာ အကောင်းဆုံးပါပဲ။

    ၂။ Trunk အတွင်းခံ

    Brief အမျိုးအစားနဲ့ ကွာသွားတာကတော့ ဘေးပေါင်ဘက်မှာ အောက်ကို နှစ်လက်မလောက် ရှည်ထွက်သွားတာပါပဲ။ အားကစားလုပ်သူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ Gym ကစားတဲ့အခါ အဝတ်များပါတယ်။ တင်ပါးကိတ်တဲ့အမျိုးသားတွေ၊ ငယ်ပါကြီးတဲ့အမျိုးသားတွေဆိုရင် ဝတ်လိုက်တာနဲ့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှကို ပေါ်လွင်စေပြီး အများသူငါ ငေးကြည့်ရလောက်တဲ့အထိ ကြည့်ကောင်းပါတယ်။ ဒီအတွင်းခံကို ပုဆိုး၊ ဘောင်းဘီတိုတွေနဲ့ တွဲဝတ်ရင်တော့ အကောင်းဆုံးပါပဲ။

    အဓိကကတော့ အထဲကပစ္စည်းရဲ့ ကောက်ကြောင်းအလှကို ပေါ်စေချင်တာဖြစ်တဲ့အတွက် ဝတ်လိုက်တဲ့ဘောင်းဘီအရွယ်အစားက ကိုယ့်တင်၊ ခါးနဲ့ ကွက်တိကျနေဖို့ လိုပါတယ်။ ချောင်နေတာ၊ တင်ပါးပြားနေတာဆိုရင်တော့ သိပ်ပြီးကြည့်မကောင်းပါဘူး။ ပိန်တဲ့သူတွေဆိုရင်လည်း ဒီအတွင်းခံကို ရှောင်သင့်ပါတယ်။ နောက်ပြီးတော့ အကျပ်သားဖြစ်တဲ့အတွက် လေဝင်လေထွက်ပေါက်မရှိဘဲ အပြင်သွားပြီး ပြန်လာတဲ့အခါ သေချာပေါက်ချွတ်လဲဖို့ လိုပါတယ်။

    အရပ်က အရမ်းမရှည်၊ မပုတဲ့ အမျိုးသားတွေ ပွဲလမ်းသဘင်တက်တဲ့အခါ ပုဆိုးနဲ့ တွဲဝတ်တာ အဆင်အပြေဆုံးပါ။ တချို့တွေကတော့ ရေကူးဘောင်းဘီမဝတ်ဘဲ Trunk အတွင်းခံနဲ့ ရေကူးတာမျိုးလုပ်တတ်ပါတယ်။ မလုပ်ပါနဲ့။ အထဲမှာ အတွင်းခံဝတ်မယ်ဆိုရင်လည်း ရေကူးဘောင်းဘီကိုတော့ မဖြစ်မနေဝတ်ပြီးမှ ရေကူးပါ။

    အမျိုးသားဝတ် အတွင်းခံများ

    ၃။ Boxer Brief အတွင်းခံ

    ဒီအမျိုးအစားက ကိုယ်ကျပ်ဘောင်းဘီအတိုနဲ့ ပုံစံချင်းဆင်ပါတယ်။ ပေါင်ရဲ့တစ်ဝက်လောက်ထိ ရှည်ပြီးတော့ ကိုယ့်ရဲ့ပစ္စည်းကို အထဲမှာ ပုံစံတကျ သိမ်းဆည်းထားနိုင်ဖို့ ကူညီပေးပါတယ်။

    အားကစားလုပ်တဲ့အခါ အဝတ်များပြီး Trunk လောက်လည်း မကျပ်တဲ့အတွက် တစ်နေကုန်ဝတ်လို့ အသားပွန်းတာ၊ ခါးမှာသားရေပတ် အရာထင်တာ၊ ချွေးအရမ်းထွက်ပြီး အပူအောင်းနေတာမျိုး မဖြစ်စေပါဘူး။

    အရပ်ရှည်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ဗလတောင့်တဲ့သူ၊ တင်ပါးကိတ်တဲ့သူတွေသာမက ဗိုက်ပူတဲ့သူတွေအတွက်ပါ အဆင်ပြေစေပါတယ်။ ဘောင်းဘီထက်စာရင် ပုဆိုးနဲ့ တွဲဝတ်တာကတော့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။

    ၄။ Boxer အတွင်းခံ

    ပွပွယောင်းယောင်း ဝတ်ရတာကြိုက်တဲ့အမျိုးသားတွေအတွက် Boxer က အဆင်ပြေပါတယ်။ ခါးနဲ့ အံဝင်ခွင်ကျဖြစ်ပြီး အရမ်းလည်းချောင်မနေသလို ကျပ်မနေပါဘူး။ ကိုယ့်ရဲ့ ပစ္စည်းအတွက်လည်း လေဝင်လေထွက်ကောင်းစေကာ အနံ့အသက်ဆိုး ကင်းစေတယ်။ အားကစားလုပ်တဲ့အခါဖြစ်စေ၊ အိမ်မှာနေတဲ့အခါ ဘောင်းဘီမဝတ်ဘဲ Boxer နဲ့ပဲ လွတ်လွတ်လပ်လပ်နေလို့ရပါတယ်။

    ကမ်းခြေသွားတဲ့အခါမျိုးမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ လူငယ်မဆန်၊ လူကြီးမကျ ပုံစံမျိုးဖြစ်စေပြီး အမြင်ဆန်းစေတယ်။ တခြားအတွင်းခံတွေလိုမျိုး အထိန်းအကွပ်သိပ်မရှိတဲ့အတွက် လမ်းလျှောက်တဲ့အခါကျရင် အောက်စလွတ်တာ၊ လှုပ်ခါနေတာ၊ ရုတ်တရက် ထောင်မတ်လာတဲ့အခါ လူကြားထဲမှာဆို နေရခက်တာမျိုး ဖြစ်စေနိုင်တာကြောင့် အပြင်သွားတဲ့အခါတော့ မဝတ်သင့်ပါဘူး။ ပိန်တဲ့သူတွေထက် မဝမပိန် ခန္ဓာကိုယ်၊ ဝတဲ့သူတွေအတွက်တော့ အရွေးချယ်သင့်ဆုံးပါပဲ။

    ကဲ ဒါဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့်နဲ့ လိုက်ဖက်မယ့် အတွင်းခံဘောင်းဘီတွေကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတွင်းခံဆိုတာ ကိုယ့်ရဲ့ ပစ္စည်းကို အနံ့ဆိုးမဖြစ်စေဖို့၊ ထိခိုက်ပွန်းပဲ့မိတာ၊ ယားယံတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားဖြစ်တာကြောင့် ဘာအတွင်းခံမှ မဝတ်ဘဲ အပြင်ထွက်တာမျိုးတော့ မလုပ်သင့်ပါဘူးနော်။

    အတွင်းခံတွေကိုလည်း ဝတ်ပြီး အပြင်ကပြန်လာတာနဲ့ လဲလိုက်ဖို့၊ နောက်တစ်ကြိမ် ထပ်မဝတ်ဖို့နဲ့၊ ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် အတွင်းခံအဟောင်းတွေကို လွှင့်ပစ်ပြီး အသစ်လဲသင့်တယ်ဆိုတဲ့အကြောင်းလည်း မမေ့ဖို့ ထပ်သတိပေးလိုက်ပါတယ်ခင်ဗျ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement