backup og meta

သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ

    ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်က မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီ သုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြား ပုံမှန် မဟုတ်တဲ့ လက္ခဏာတွေ မရှိရင်၊ ခဏလေးပဲ အရောင် ပြောင်းပြီး နောက်ပိုင်း ပုံမှန် အရောင် အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး ခင်ဗျ။

    သုက်ရည်က အရောင်ပြောင်းနိုင်သလား၊၊

    ၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန် သုက်ရည်အရောင် လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလို အရောင်မျိုး ထွက်လာရတာပါ။

    ၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာ ကျန်နေခဲ့တဲ့ ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် အသားဝါ ဖြစ်နေတာ၊ သုက်ရည်ထဲမှာ သွေးဖြူဆဲလ်တွေ များနေတာ၊ ဆီးကျိတ်ထဲ ပိုးဝင်တာ၊ အဝါရောင် ဆိုးဆေးတွေ ပါတဲ့ အစားအစာတွေ စားသုံးတာ၊ အရက် အလွန်အကျွံ သောက်တာကြောင့် ဖြစ်နိုင်ပါတယ်။

    ၃။ သုက်ရည်ထဲ သွေးပါနေတဲ့အခါ ပန်းရောင်၊ အနီရောင်၊ အညိုရောင်၊ လိမ္မော်ရောင်ကို ပြောင်းသွားနိုင်ပါတယ်။ ပန်းရောင်နဲ့ အနီရောင်ကတော့ သုက်လွှတ်စဉ် လတ်လတ်ဆတ်ဆတ် ထွက်ခဲ့တဲ့ သွေးရောသွားတာဖြစ်ပြီး အညိုနဲ့ လိမ္မော်ရောင်ကတော့ အောက်စီဂျင်နဲ့ ထိတွေ့နေပြီးတဲ့ သွေးအဟောင်းနဲ့ သုက်ရည်ရောသွားတာကြောင့် ဖြစ်ပါတယ်။

    ဒီလို အရောင်တွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ ဆီးကျိတ်အသားစ ယူရင်းခိုက်မိတာ၊ သွေးတိုးလွန်းတာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ ဆီးကျိတ် ပိုးဝင်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ လက်နဲ့ တစ်ကိုယ်ရေ အာသာဖြေတာ၊ ကင်ဆာရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ၄။ သုက်ရည်က အမည်းရောင် ပြောင်းသွားခြင်းကတော့ သုက်ပို့ပြွန်မှာ အချိန် အတော်ကြာရှိနေပြီး ခဲခြောက်သွားကာ အမည်းရောင် ပြောင်းသွားတဲ့ သွေးတွေ သုက်ရည်နဲ့အတူ ရောပါလာခြင်းကြောင့် ဖြစ်ပါတယ်။ ကျောရိုး ထိခိုက်တာ၊ သွေးထဲမှာ ပြဒါးဓာတ် များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

    သုက်ရည်က အပျစ်မှ အကျဲ ပုံစံ အမျိုးမျိုး ပြောင်းလဲနိုင်ပြီး ကိုယ်ခန္ဓာတွင်းရှိတဲ့ ရေဓာတ်ပမာဏ၊ ဟော်မုန်း မျှခြေနဲ့ ရောဂါ အခြေအနေ၊ ဗီတာမင် ချို့တဲ့ခြင်း၊ မြုံခြင်းတွေနဲ့ သက်ဆိုင်မှုရှိပါတယ်။ အကယ်လို့ သုက်ရည် အပျစ်ပဲ ထွက်တဲ့ သူတစ်ယောက်က ရုတ်တရက် ဆိုသလို အကျဲရည်တွေ ပြောင်းလဲလာခဲ့ရင် စောင့်ကြည့်ဖို့ လိုပါတယ်။ လက္ခဏာက နေ့စဉ်ရက်ဆက်လိုလိုပဲ ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

    အမျိုးသား တစ်ယောက်ရဲ့ ဘဝသက်တမ်းမှာ ဘယ်လောက်ပဲ ကျန်းမာရေး ကောင်းနေနေ သုက်ရည်အရောင် ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအရောင်ပြောင်းလဲခြင်းနဲ့အတူ

    • ဆီးသွားရခက်တာ
    • လိင်အင်္ဂါပတ်လည်မှာ ရောင်နေတာ
    • လိင်တံ၊ ကပ္ပာယ်အိတ်ပေါ်မှာ အနီကွက်တွေ ဖြစ်ပြီး ယားယံနေတာ
    • ပြည်တွေ စိမ့်ထွက်နေတာ
    • အအေးမိ၊ တုပ်ကွေးလက္ခဏာတွေလိုမျိုး တွေ့ရတာ
    • အဖျားတက်တာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြကြည့်တာ အကောင်းဆုံးပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement