backup og meta

ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။

    ဒီတစ်ခေါက်တော့ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။

    သုက်ရည်ထွက်တယ်ဆိုတာ ကျန်းမာတဲ့ အမျိုးသားတွေအတွက်တော့ အထူးတဆန်းကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်က တစ်ကိုယ်ရေ အာသာဖြေထားတာ၊ လိင်ပိုင်းဆိုင်ရာ အတွေးတွေ တွေးနေတာမျိုးလည်း မလုပ်ဘဲ ဆီးသွားနေတဲ့အချိန် ဒါမှမဟုတ် အလုပ်လုပ်နေရင်း သုက်ရည်စိမ့်ထွက်တာမျိုး ခဏခဏ ဖြစ်နေပြီဆိုရင်တော့ နည်းနည်းစဉ်းစားဖို့လိုပါပြီ။

    ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းကို ဘာတွေကဖြစ်စေတာလဲ။

    မကြာခဏ လိင်စိတ်အာသာဖြေတဲ့အကြောင်း တွေးမိတာအပြင်

    • ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက် (Wet Dream) မက်တာ
    • သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
    • ဆီးကျိတ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ
    • အာရုံကြော ထိခိုက်မိတာ အစရှိတဲ့အကြောင်းရင်းတွေဟာ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်မှုကို ဖြစ်စေနိုင်ပါတယ်။

    ၁။ ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက်မက်ခြင်း

    လူပျိုဖော်ဝင်ကာစ အရွယ်၊ အသက် ၂၀နဲ့ ၃၀ကြား အမျိုးသားတွေ ညဘက်အိပ်တဲ့အခါ လိင်အာသာဖြေအိပ်မက် (Wet Dreams) မက်တာမျိုး အဖြစ်များပါတယ်။ ဒီလိုအိပ်မက်မက်နေတဲ့အချိန်မှာ လိင်တံထောင်မတ်ခြင်း ဖြစ်နေပြီး လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိဘဲ သုက်လွှတ်နိုင်ပါတယ်။ ပုံမှန်တစ်ကိုယ်ရေအာသာဖြေနေတဲ့အချိန်လို သုက်ရည်အများကြီးလွှတ်တာမျိုးမဟုတ်ဘဲ အနည်းငယ်သာ ယိုစိမ့်ထွက်လာတဲ့ပုံစံမျိုးပါ။

    ဒီအခြေအနေကို ပုံမှန်ယောက်ျားတစ်ယောက် လူပျိုဖြစ်တဲ့အခါ တွေ့ရတတ်တဲ့ ဖြစ်စဉ်လို့ သတ်မှတ်ပြီး ကျန်းမာရေးပြဿနာအနေနဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ အသက် ၂၀ နောက်ပိုင်းမှာ ဒီအပြုအမူတွေကို အတွေ့နည်းသွားတတ်ပေမယ့် လုံးဝမရှိတော့တာမျိုးတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လိင်ဆက်ဆံခြင်း၊ တစ်ကိုယ်ရေအာသာဖြေခြင်း မလုပ်တာ ရက်တော်တော်ကြာသွားတဲ့အခါ ပြန်ပြီး ဖြစ်တတ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ကုသစရာတော့ မလိုပါဘူး။

    ၂။ သောက်ဆေးများနဲ့ ဘေးထွက်ဆိုးကျိုး

    စိတ်ကျန်းမာရေးပြဿနာအတွက် ကုသတဲ့နေရာမှာ အသုံးပြုတဲ့ စိတ်ကျရောဂါထိန်းဆေး၊ စိတ်ငြိမ်ဆေးတွေအပြင် ဟော်မုန်းအစားထိုး ကုထုံးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ သုက်ရည်စိမ့်ထွက်ခြင်းအပြင် လိင်စိတ်ဆန္ဒ လျော့နည်းလာတာ၊ သုက်ထွက်ဖို့ကြာလွန်းတာ၊ လိင်တံ မထောင်မတ်နိုင်တာတွေလည်း ပါဝင်ပါတယ်။

    ဒီဆေးဝါးတွေဟာ စိတ်ကျရောဂါတွေအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေကို ကုသပေးတဲ့နေရာမှာ တော်တော်လေး အသုံးတည့်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်တာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ ဆေးပြောင်းတာဖြစ်စေ ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆေးရပ်သင့်၊ မရပ်သင့်ကို ဆုံးဖြတ်ပေးသွားမှာပါ။

    ၃။ ဆီးကျိတ်ပြဿနာများ

    ဆီးကျိတ်ကနေ သုက်ရည်တွေကို ထုတ်လုပ်ပေးပြီး ဒီသုက်ရည်တွေက သုက်ကောင်တွေကို သယ်ဆောင်ပေးပါတယ်။ ဒီဆီးကျိတ်မှာ ပြဿနာတစ်ခုခု ဖြစ်နေပြီဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဥပမာ – ဆီးကျိတ်ရောင်နေတာ၊ ဆီးကျိတ်ကင်ဆာလိုမျိုးပါ။

    ဆီးသွားနေစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ ဆီးထဲ သွေးပါတာ၊ အဖြူရောင်နောက်ကျိတဲ့ ဆီးတွေထွက်လာတာ၊ သုက်လွှတ်တဲ့အခါ မူမမှန်တဲ့ ပြောင်းလဲမှုမျိုးဖြစ်တာ၊ သုက်လွှတ်စဉ် နာကျင်တဲ့ လက္ခဏာတွေ တွေ့ရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။ ကိုယ်ဖြစ်နေတဲ့ ပြဿနာကို အရင်စစ်ဆေးပြီးတဲ့အခါမှ ဘက်တီးရီးယား ပိုးသတ်ဆေးပေးတာ၊ လိုအပ်တဲ့ ကုသမှုတွေ ခံယူတာ လုပ်လို့ရပါတယ်။

    ၄။ အာရုံကြောစနစ်ကို ထိခိုက်မိတာ

    အာရုံကြောစနစ်ထိခိုက်မိတဲ့အခါ သုက်လွှတ်ရာမှာ ပြောင်းလဲမှုတွေ ဖြစ်တတ်ပြီး ပုံမှန်မဟုတ်တဲ့ သုက်ရည်ယိုစိမ့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးလာတာ၊ ကျောရိုး သို့မဟုတ် လိင်အင်္ဂါပတ်လည်ကို ထိခိုက်မိတာ၊ ရောဂါပိုးဝင်တာ၊ ပေါင်ခြံတစ်ဝိုက်နဲ့ လိင်အင်္ဂါကို ခွဲစိတ်ကုသမှု ခံယူရင်း အာရုံကြောထိခိုက်မိတာတွေဟာ သုက်လွှတ်ခြင်းကို လှုံ့ဆော်ပေးတဲ့ အာရုံကြောတွေကို သွားပြီး သက်ရောက်မှုဖြစ်စေပါတယ်။

    အာရုံကြော ပိုးဝင်ပြီး ရောင်ရမ်းတဲ့အခြေအနေဟာ ကုသလို့လွယ်ပေမယ့် ခွဲစိတ်ကုသတာ၊ ကင်ဆာကုထုံး ကုသမှုခံယူတာ၊ ဦးနှောက်အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကြောင့်ဆိုရင်တော့ အနည်းငယ် ကုသဖို့ ခက်ပါလိမ့်မယ်။

    တခြားဘာကြောင့် ဖြစ်နိုင်သေးလဲ။

    အမျိုးသားများ သုက်လွှတ်ပြီးတဲ့အခါ ဆီးစွန့်ပြွန်မှာ သုက်တွေ အနည်းငယ်ကျန်တာမျိုး ဖြစ်တတ်တဲ့အတွက် ဆီးသွားနေစဉ်၊ ဆီးသွားပြီးတဲ့အခါ သုက်ရည် အနည်းငယ် ယိုစိမ့်တတ်ပါတယ်။ အကယ်လို့ ဆီးထဲမှာပါလာတာ သုက်ရည်မဟုတ်ဘဲ တခြား ပိုးဝင်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါကြောင့် ပြည်ယိုစိမ့်နေတယ်လို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

    ပုံမှန်အားဖြင့်တော့ အကြောင်းရင်းမရှိဘဲ သုက်ရည် ယိုစိမ့်ထွက်တယ်ဆိုတာ စိုးရိမ်စရာတော့ မဟုတ်ပေမဲ့ မကြာခဏဆိုသလို ဖြစ်နေတယ်ဆိုရင်တော့ အရင်ဆုံး စစ်ဆေးကြည့်ပါ။ ကိုယ့်မှာ ဖြစ်နေတဲ့ အကြောင်းရင်းကို သိမှ ဆရာဝန်အနေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုနည်းလမ်းကို အကြံပေးနိုင်မှာ ဖြစ်ပါတယ်။

    များသောအားဖြင့် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ခုခုရှိရင် သုက်ရည်ယိုစိမ့်တာအပြင် တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပါ တွေ့ရတတ်တဲ့အတွက် တခြားမူမမှန်တာမျိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် ဆီး၊ သုက်ရည်ထဲမှာ သွေးပါတာ၊ သုက်ရည်အနံ့က ညှီစို့စို့ ဖြစ်နေတာ၊ သုက်လွှတ်စဉ် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုဖြစ်တာ၊ သုက်ရည်နဲ့ မတူတဲ့ အရည်တွေ စိမ့်ထွက်တာ၊ ဆီးသွားနေချိန် နာကျင်မှုဝေဒနာခံစားရတယ်ဆိုရင်တော့ အမြန်ဆုံး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement