backup og meta

အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

    အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ ….. မယုံမရှိနဲ့နော်။ အရက် သို့မဟုတ် ဘီယာ ခဏခဏသောက်တာ ဆက်တိုက် ဖြစ်လာပြီဆို ကိုယ့်မျက်နှာကို မှန်ထဲ သေချာကြည့်ပါ။ အရင်ကနဲ့ ဓာတ်ပုံတွေ ပြန်ယှဉ်ကြည့်ပါ။ သောက်ခဲ့တဲ့ ပမာဏ နဲ့ သက်တမ်း ကို မူတည်ပြီး အနည်းဆုံးတော့ အသားအရေ ပိုညစ်လာပါလိမ့်မယ်။

    နောက်တစ်ဆင့် အနေနဲ့ အသားက ပွယောင်းယောင်း ဖြစ်မယ်၊ ဗိုက်လေး စူထွက်လာမယ်၊ တဖြည်းဖြည်းနဲ့ ရှိရင်းစွဲ အသက်အရွယ် ထက် ပိုရင့်ရော်လာပါမယ်။

    အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

    အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ ဆိုတော့ အရက်ကြောင့် ပေါ့။ အရက် ဆိုတာ ဘီယာ၊ ဝီစကီ၊ ဝိုင် နဲ့ ဗော့ကာ စတဲ့ အယ်လ်ကိုဟော ပါသမျှ သောက်စရာ အားလုံးကို ဆိုလိုပါတယ်။ ဒါတွေ များများ သောက်လေ လူက ပိုရင့်ရော်လေ ပါပဲ။

    ရုပ်ရင့်တယ် ဆိုတာ အပြင်ပန်း ကိုပဲ မြင်ရသေးတာပါ။ တကယ်တမ်း အယ်လ်ကိုဟောကြောင့် သွေးကြောတွေ နဲ့ ကိုယ်တွင်းအင်္ဂါတွေ အပါအဝင် လူ့ခန္ဓာကိုယ် တစ်ခုလုံးကိုပါ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

    အရက်ကြောင့် လူကို ဘာတွေ ထိခိုက်စေနိုင်သလဲ ဆိုတော့ –

    ရေဓာတ် ခမ်းခြောက်စေတယ်

    အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ် ပိုနည်းလာတတ်တယ်။ အရက်၊ ဘီယာတွေက အရည်တော့ အရည်တွေ ပေမယ့် ရေဓာတ် မရနိုင်ပါဘူး။ ရေဓာတ် ကိုတောင် ပိုပြီး ခမ်းခြောက် စေတတ်ပါတယ်။

    အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲက ရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခမ်းခြောက်နိုင်တဲ့ အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။

    အသားအရေ ခြောက်သွေ့ စေနိုင်တယ်

    လူတွေက အသက်ကြီးလာရင် အရေပြားတွေ ပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက် ဖြစ်တဲ့ ရင့်ရော်မှု ဖြစ်စဉ် ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ် ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ ရုပ်ရင့်စေပါလိမ့်မယ်။

    ကိုယ်တွင်းကလီစာ တွေကို အားနည်းစေတယ်

    အယ်လ်ကိုဟောက အရေးကြီးတဲ့ ကိုယ်တွင်းကလီစာ တချို့ကို ထိခိုက်စေပြီး မြန်မြန် ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေ ပိုများစေနိုင်တယ် ဆိုပေမယ့် တော်တန်ရုံ သောက်တဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်း ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကျောက်ကပ်လုပ်ဆောင်ချက် တွေမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေတယ်

    အရက် တစ်ငုံ သောက်လိုက်တိုင်း ကိုယ့်ခေါင်းကို (ဦးနှောက်အာရုံကြောကို) အရင် တန်းထိမှာပဲ။ ခေါင်းထဲမှာ မူးနေချင်တာကိုး။

    သက်တမ်းကြာကြာ အရက်များများ သောက်ခဲ့သူတွေမှာ ဦးနှောက်ဆဲလ်တွေ ကျုံ့လာနိုင်ပြီး အရက်ကြောင့် ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှု (ARBD) နဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေ ဖြစ်လာစေနိုင်တယ်။

    ဆုံးဖြတ် သုံးသပ်နိုင်စွမ်း မရှိတာ၊ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု အားနည်းလာတာ၊ အာရုံစူးစိုက်ရခက်တာ၊ စိတ်တိုဒေါသ ဖြစ်လွယ်တာ စတာတွေ အပါအဝင် လက္ခဏာမျိုးစုံ ရှိလာတတ်ပါတယ်။

    ကိုယ်ခံအားစနစ်ကို အားနည်းစေတယ်

    အယ်လ်ကိုဟောက တီဘီရောဂါ၊ နမိုးနီးယားရောဂါ တို့လို အသက်အန္တရာယ် ပေးနိုင်တဲ့ ရောဂါတွေကို ခန္ဓာကိုယ်ရဲ့ခုခံကာကွယ်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။

    အရက်ကြောင့် ဖြစ်တဲ့ အသည်းရောဂါဟာ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်တစ်ရှူးတွေကို တိုက်ခိုက်မှုကြောင့် ဖြစ်လာတာ လို့လည်း သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

    နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်

    ဝိုင်နီမှာ ကိုလက်စထရောပမာဏကို ထိန်းညှိပြီး သွေးကြောကျန်းမာရေးကို ကာကွယ်ပေးတယ် ဆိုတဲ့ polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ တစ်နေ့တစ်ခွက်လောက် ဆေးဖြစ်ဝါးဖြစ် သောက်ရင် နှလုံးအတွက် ကောင်းတယ်လို့ သုတေသနတချို့ကဖော်ပြကြတယ်။

    ဒါပေမယ့် များသွားရင် နှလုံးခုန် မမှန်တာ၊ သွေးပေါင်တက်တာတွေ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ကျန်းမာချင်လို့တော့ အယ်လ်ကိုဟောကို အားမကိုးပါနဲ့။

    အိပ်ရေးပျက် စေနိုင်တယ်

    အိပ်ပျော်အောင် လို့ အရက်သောက်ပြီး အိပ်ပစ်လိုက်တယ် ဆိုတာ မှန်ကန်တဲ့ အနားယူနည်း မဟုတ်ပါဘူး။ အရက်သောက်ပြီး မှောက်သွားခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ့်အစား တရေးနိုးမှာ အရက်ကြောင့် မျက်စိကြောင်နိုင်သလို အိပ်နေရင်းလည်း ဂနာမငြိမ် ဖြစ်နေစေနိုင်တယ်။

    ဒါ့ကြောင့် –

    ဘာပဲဖြစ်ဖြစ်ပါ၊ အရက် ကြောင့် ကောင်းကျိုးဆိုတာ မရှိနိုင်တဲ့ အတွက် လျှော့သောက်ပါ။ အရွယ်ပိုရင့်တာ၊ ရောဂါထူတာ၊ အသေစောတာ မဖြစ်စေချင်ရင် ၊ ကိုယ့်ကိုယ်ကို ချစ်ရင် အယ်လ်ကိုဟောကို တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါ။

    ကိုယ့်လူတို့ ရုပ်မရင့်ချင်ဘူးဆိုရင် –

  • ဗီတာမင် တွေ ပြည့်ဝအောင် စားသုံးပါ၊
  • အားကစား လုပ်ပါ၊
  • အရက်၊ ဘီယာ ရှောင်ပါ၊
  • အသားအရေ ထိန်းသိမ်းပါ၊
  • ရေ များများ သောက်ပါ။
  • ဒီအခြေခံ အချက်လေးတွေ အတိုင်း နေထိုင်မယ် ဆိုရင် ကျန်းမာနုပျိုပြီး အသက်ရှည်မှာ မလွဲပါဘူးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement