backup og meta

အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ

    ဘယ်လိုရောဂါပဲ ဖြစ်နေပါစေ၊ စိတ်ရောဂါ ဆိုတာ ပေါ့ဆလို့မရတဲ့ ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာ ကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ် ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ လူသားတစ်ဦးပင်ဖြစ်နေပါစေ စိတ်က အနည်းငယ်တော့ ယိုင်သွားတတ်ပါတယ်။ အထူးသဖြင့် အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ ပါတယ်။

    အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ

    အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ နေပါတယ်။ ဒီလိုပြောရတာက စစ်တမ်းကောက်ယူချက်အရ အမျိုးသမီးတွေမှာ စိတ်ရောဂါ ဖြစ်ဖို့ ပိုလွယ်ကူပေမယ့် သူတို့တွေက ကိုယ့်ရဲ့ရောဂါအခြေအနေကို နားလည်လွယ်ပြီး ကုသဖို့ကိုလည်း အားတက်သရောရှိကြပါတယ်။ အမျိုးသားတွေကတော့ ဒါနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ စိတ်ရောဂါ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ ကုသဖို့ကို အင်မတန်ဝန်လေးတတ်ကြပါတယ်။

    ဒီပြဿနာ ဘယ်ကစလာလဲဆိုတော့ လူတွေ နားလည်သတ်မှတ်ခံယူထားတဲ့ ယောက်ျားပီသမှု ဆိုတဲ့ အရာကြီးက အဓိကတရားခံပါပဲ။ ယောက်ျားမှန်ရင် စိတ်ဓာတ်မာရမယ်၊ မျက်ရည်မကျရဘူး၊ စိတ်ဓာတ်မယိုင်လဲရဘူး။တစ်အိမ်ထောင်လုံး၊ တစ်မိသားစုလုံးရဲ့ တာဝန်ဝတ္တရားတွေဟာ ယောက်ျားတွေပဲ ထမ်းရွက်ရတာ၊ စိတ်ဓာတ်ပျော့ညံ့တယ်ဆိုတာ ယောက်ျားမပီသတာ အစရှိသဖြင့် လူ့ပတ်ဝန်းကျင်ဘောင်က စည်းမျဉ်းသဘောတရားတွေ သတ်မှတ်လိုက်ပါတယ်။  ဒီသဘောတရားတွေနဲ့ ကြီးပြင်းလာရတဲ့ သူတွေက စိတ်ဓာတ်ကျ‌နေရင်တောင် လူများသိအောင် မဖော်ပြတတ်၊ ကိုယ့်မှာရှိတဲ့ ပြဿနာကို မိသားစုတွေနဲ့ ရင်မဖွင့်ရဲဘဲ တစ်ယောက်တည်းကြိတ်မှိတ်သည်းခံကြပါတယ်။  ဖြစ်လာရင်လည်း ကုသမှုခံယူရမှာ ရှက်တာရော၊ တခြားသူတွေသိသွားတဲ့အခါ ကဲ့ရဲ့မှာရော စိုးရိမ်စိတ်တွေက အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို လမ်းဆုံးထိရောက်အောင် တွန်းပို့လိုက်တော့တာပါပဲ။

    အမျိုးသားတွေမှာ စိတ်ကျန်းမာရေးပြဿနာကြုံလာတဲ့အခါ ဘာတွေဖြစ်နိုင်လဲ။

  • ပထမဆုံးအနေနဲ့ ကိုယ်နေ့စဉ်ဘဝမှာ လုပ်နေတဲ့အရာတွေ အကုန်လုံး ကမောက်ကမဖြစ်တော့တာပါပဲ။
  • ကျောင်းသားဆိုရင် ကျောင်းစာတွေ မလိုက်နိုင်တော့ဘူး၊ စာလုပ်ဖို့ စိတ်မပါတော့ဘူး၊ စိတ်လေနေမယ်၊ လမ်းမှားရောက်ဖို့ လွယ်မယ်။
  • အလုပ်ခွင်မှာ ဝင်ရောက်နေတဲ့သူဆိုရင် တီထွင်ကြံဆနိုင်စွမ်းကို ထိခိုက်မယ်၊ အလုပ်လုပ်ရမှာ စိတ်မပါတော့သလို တစ်နေ့တစ်နေ့ အသက်ရှင်ရတာတောင် အဓိပ္ပါယ်မရှိဘူးလို့ မြင်လာမယ်။
  • ဒါတင်မကပါဘူး။ လူမှုရေး၊ အချစ်ရေး၊ မိသားစုပြဿနာတွေ ပိုပြီး ရှုပ်ထွေးလာမယ်။
  • စိတ်ဆိုးဒေါသထွက်လွယ်လာမယ်။
  • ညဘက်တွေမှာ စိတ်ဖိစီးမှုတွေကြောင့် အိပ်ရာပေါ် ခေါင်းချလိုက်ရင်တောင် အိပ်မပျော်တော့ဘဲ တောင်တွေး၊ မြောက်တွေး တွေးမိနေတော့ အိပ်ရေးပျက်လာမယ်။
  • အစားပျက် အသောက်ပျက်လာမယ်။
  • အရက်အလွန်အကျွံသောက်လာမယ်။
  • မူးယစ်ဆေးဝါး သုံးစွဲမှုတွေဖြစ်လာမယ်။
  • အန္တရာယ်များတဲ့ အပြုအမူတွေ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ လိင်အပျော်အပါးလိုက်စားမှုတွေ ဖြစ်လာမယ်။
  • စိတ်ဓာတ်ကျ လာမယ်။
  • ကျန်းမာရေးကလည်း ပိုပြီး ဆိုးရွားလာမယ်။
  • နောက်ဆုံး မိမိကိုယ်ကိုယ် အဆုံးစီရင်သည်အထိ စိတ်ဓာတ်တွေ အောက်ဆုံးကို ထိုးကျသွားမှာပါ။
  • အမျိုးသားတွေဟာ စိတ်ရောဂါ နဲ့ပတ်သက်ပြီး ကုသမှုမခံယူချင်ရုံသာမက ကိုယ့်မှာ ဒီလိုပြဿနာတွေရှိတယ်ဆိုတာလည်း ဘယ်သူ့ကိုမှ မသိစေချင်တတ်ပါဘူး။ သူတို့စိတ်ထဲမှာ စိတ်ရောဂါဆိုတာ ပျော့ညံ့ခြင်း၊ သိမ်ငယ်စရာကောင်းခြင်း၊ အောက်ကျခြင်း၊ ယောက်ျားမဆန်ခြင်းဆိုပြီး သတ်မှတ်ထားတတ်ကြပါတယ်။ အဲ့တော့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် ရောဂါဖြစ်နိုင်ခြေ ပိုနည်းပေမယ့် တကယ်တမ်း ရောဂါဖြစ်လာတဲ့အခါ ကုသမှုမခံယူဘဲ အခြေအနေပိုဆိုးလာတတ်ကြတာပါ။

    တကယ်တော့ စိတ်ရောဂါ ဆိုတာ လူတိုင်းမှာရှိပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့မှု၊ အထီးကျန်ခြင်း၊ ပူလောင်ခြင်း၊ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း၊ ဒါတွေက မိန်းကလေးတွေမှာမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ သဘောပေါက်ထားတယ်ဆိုရင်တော့ စိတ်ရောဂါ ကုထုံးပညာရှင် (Therapist) တွေနဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    ဘယ်အရာမဆို တစ်ယောက်တည်း ကြိတ်မှိတ်ပြီး မခံစားပါနဲ့။ မိသားစုနဲ့ မျှဝေပါ။ ကိုယ့်ရဲ့ နာကျင်မှုကို ရင်ဖွင့်ပါ။ ဘေးနားမှာ ကိုယ့်လက်ကို တွဲပြီး ကူပေးမယ့်သူဆိုတာ အနည်းဆုံးတစ်ယောက်တော့ ရှိတတ်ကြစမြဲပါပဲ။ လူတိုင်း စိတ်ရော ကိုယ်ပါ ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကို အကောင်းဆုံး ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းရင်း…

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement