backup og meta

သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့


Ye Myo Myat မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

    လိင်ကျန်းမာရေးလို့ဆိုရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော သူ့ပြဿနာနဲ့ သူတော့ ရှိတတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင်လည်း လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ သုက်လွှတ်မြန်တာ၊ သုက်လွှတ်ဖို့ ကြာလွန်းတာ၊ မျိုးမအောင်တာ အစရှိသဖြင့်ပေါ့။ ဒီနေ့မှာတော့ အမျိုးသားထုကြီး မကြာခဏမေးတတ်ကြတဲ့ သုက်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လုပ်ကြည့်လို့ ရတဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

    ၁။ ဖြည်းဖြည်းချင်းပဲ စပါ။

    ပြီးပြီးရောဆိုပြီး စကတည်းက အင်နဲ့အားနဲ့ ဝင်လိုက်ရင်တော့ ကိုယ့်အတွက်ရော ကိုယ့်အဖော်ကိုပါ အပြည့်အဝ အားရကျေနပ်စိတ် ဖြစ်စေမှာ မဟုတ်ပါဘူး။ လိင်မှုကိစ္စဆိုတာလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။ သေချာခံစားကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်းပဲ စပါ။ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အတွက်ရော၊ ကိုယ့်အဖော်အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး ဆန္ဒအထွတ်အထိပ်ရောက်တဲ့အထိ နှိုးဆွကြည့်ပါ။ စစချင်း ထိုးသွင်းဆက်ဆံတဲ့အခါ ဖြည်းဖြည်းချင်းစီ သူ့စည်းချက်နဲ့သူ မျောပါသွားပါ။ အားမထည့်ပါနဲ့။

    ၂။ လိင်မှုကိစ္စ မလုပ်ခင် အနည်းဆုံး တစ်နာရီခြားပြီး အာသာဖြေထားပါ။

    ကိုယ်က ပြီးတာ မြန်တယ်ဆိုတာ ကြိုသိထားရင် ကိုယ့်စိတ်ကို စောစောစီးစီးလျှော့ထားတာ ပိုကောင်းပါတယ်။ ဒီလိုလျှော့ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တိုင် တစ်ကိုယ်ရေအာသာဖြေတာပါပဲ။ ကိုယ်က သုက်ကို ကြိုပြီး လွှတ်ထားတဲ့အခါမှာ တကယ်လိင်မှုကိစ္စ စတင်လုပ်တဲ့အချိန်မှာ ချက်ချင်းလုပ်၊ ချက်ချင်းထွက်ဆိုတာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

    ၃။ ကွန်ဒုံးကို အသုံးပြုပါ။

    အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရတယ်ဆိုပြီး အမျိုးသားတွေက ကွန်ဒုံးအသုံးပြုဖို့ လက်တွန့်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဒုံးတစ်ထပ် ပါနေတဲ့အခါ ရာဘာတစ်ထပ်ပါနေတော့ ခံစားမှုအားက အနည်းငယ်လျော့သွားတတ်ပြီး မြန်မြန်ကြီး သုက်မလွှတ်မိစေဖို့ ထိန်းပေးနိုင်မှာပါ။

    ၄။ လိင်ဆက်ဆံတဲ့အနေအထားကို ပြောင်းပါ။

    အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ကိုယ်ကြိုက်နှစ်သက်တဲ့ အနေအထားတွေ ရှိတတ်ပါတယ်။ ဒီလိုအနေအထားမျိုးနဲ့ စလိုက်တဲ့အခါ ခံစားမှုပိုကောင်းပြီး လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်ဖို့ ပိုလွယ်တတ်ပါတယ်။ ဒီတော့ စတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ မစပါနဲ့။ တခြား ကိုယ်မနေဖူးတဲ့ ပုံစံအနေအထား သို့မဟုတ် ကိုယ့်ချစ်သူသဘောကျလောက်မယ့် အနေအထားမျိုးနဲ့ စကြည့်ပါ။

    ၅။ အားအရမ်းမသုံးပါနဲ့။

    လိင်ဆက်ဆံနေချိန်မှာ အားစိုက်ထုတ်ရတာ သဘာဝပဲဆိုပေမယ့် သုက်လွှတ်မြန်တဲ့ အမျိုးသားတစ်ယောက်အတွက်တော့ ဒီကိစ္စကို နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ချန်ထားလိုက်ပါ။ စစချင်းမှာ ဖြည်းဖြည်းချင်းပဲ ထိုးသွင်းမှုကို ပြုလုပ်ပါ။ အဆုံးထိ အားနဲ့ဆောင့်သွင်းလိုက်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပါ။

    ၆။ ပွဲမဝင်ခင် အပြင်က လေ့ကျင့်ပါ။

    တစ်ကိုယ်ရေအာသာဖြေတဲ့ အလုပ်ကို ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ၊ မရှိရှိ အမျိုးသားတိုင်း လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ သုက်မြန်မြန်ထွက်ဖို့အတွက် အဓိကမထားဘဲ ကိုယ့်ရဲ့လိင်တံကို ဖြည်းဖြည်းချင်းနှိုးဆွပြီး သုက်ထွက်တော့မယ်ဆိုရင် ရပ်လိုက်၊ ကိုယ့်ရဲ့ ငယ်ပါကို ပွတ်သပ်ဆွလိုက်၊ အပြာရုပ်ရှင်ကြည့်တာ၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ တစ်ခုခုကို တွေးတာမျိုး လုပ်ကြည့်ပါ။ ဒီလိုအချိန်ဆွဲပြီး အာသာဖြေတဲ့နည်းလမ်းကို ပုံမှန်လုပ်ပေးတဲ့အခါ တကယ်ဆက်ဆံနေတဲ့အချိန် သိသာတဲ့အကျိုးထူးကို တွေ့ရမှာဖြစ်ပါတယ်။

    ၇။ ပြီးတော့မယ်လို့ သိထားရင် ဘာလုပ်မလဲ။

    ကိုယ့်ကိုယ်ကိုယ် သုက်ထွက်တော့မယ်လို့ သိပြီဆိုတာနဲ့ ခဏရပ်ပြီး နားလိုက်ပါ။ လိင်တံထိပ်ဖူးကို ဖြည်းဖြည်းချင်းညှစ်ထားပြီး ထိပ်ဖူးအောက်နား ဆီးစွန့်ပြွန်ရှိတဲ့နေရာကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပေးပါ။ ဒီလိုဖိထားခြင်းဖြင့် ဆီးစွန့်ပြွန်ကို ဖိအားပေးထားသလို ဖြစ်ပြီး သုက်မထွက်စေဖို့၊ လိင်စိတ်အထွတ်အထိပ်ကို မရောက်သွားစေဖို့ ကူညီပေးပါတယ်။

    သုက်လွှတ်မြန်တဲ့အမျိုးသားတွေအတွက် သုက်ထိန်းပေးနိုင်မယ့် ကြာဆေးတွေ ဈေးကွက်ထဲမှာ ရှိတယ်ဆိုပေမယ့် ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် သဘာဝအတိုင်း ကိုယ်ရော ကိုယ့်အဖော်ပါ စိတ်ပျော်ရွှင်မှုရစေဖို့ နည်းလမ်းတွေကို ကိုယ်တိုင်လုပ်ကြည့်ပါလို့ အကြံပေးလိုက်ချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement