backup og meta

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

    အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။

    ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။

    ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသွင်းဆက်ဆံနေစဉ် သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။

    တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး လိင်မှုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ်ရော၊ လိင်ဆက်ဆံဖော်ကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    သူ့ရဲ့ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ။

    တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ သုက်ထွက်ချိန်ဟာ ပုံမှန်အတိုင်းဖြစ်နေတတ်ပြီး ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါမှာ ဆန္ဒပြီးမြောက်ပြီး မိနစ် ၃၀ ထက်ပိုကြာနေတတ်ပါတယ်။ ဒီလိုကြာနေတဲ့အခါ ကိုယ်တိုင် လက်နဲ့အာသာဖြေလိုက်ရမှ သို့မဟုတ် ဆက်ဆံဖော်က ပါးစပ်ဖြင့် နှိုးဆွပေးလိုက်တော့မှ သုက်ထွက်နိုင်တဲ့ အမျိုးသားတွေလည်း ရှိသလို လုံးဝမထွက်လာတဲ့သူတွေလည်း ရှိပါတယ်။

    သုက်ထွက်တော့မယ့် အချိန်မှာ ရုတ်တရက် စိတ်ကတခြားရောက်သွားတာ၊ စိတ်မပါသလို ဖြစ်သွားတာ၊ သုက်ထွက်ဖို့ ခက်ခဲတာ၊ တစ်နေသလို ခံစားရတာ၊ အရှိန်လျော့သွားတာ အစရှိတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ ပုံမှန်ဆက်ဆံနေကျ မဟုတ်တဲ့ အဖော်တွေ၊ တချို့သော ကိုယ်နဲ့ အသားမကျတဲ့ နေရာ၊ အခြေအနေမျိုးတွေမှာ သုက်ထွက်ဖို့ ကြာတတ်ပါတယ်။ ဒါကိုတော့ အခြေအနေအရ သုက်ထွက်ရန်ကြာခြင်း (Situational Delayed Ejaculation) လို့ ခေါ်ပါတယ်။

    သုက်ထွက်ချိန် ကြာမြင့်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

    စိုးရိမ်ပူပန်စိတ်တွေ၊ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့သူတွေမှာ အဖြစ်များနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြီးစိုးနေတဲ့ အတွေးတွေက လိင်စိတ်ဆန္ဒကိုပါ လွှမ်းမိုးသွားတာကြောင့် လိင်ဆက်ဆံရာမှာ အခက်အခဲတွေ ကြုံလာတတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ အချစ်ရေးကိစ္စ အဆင်မပြေတာ၊ စိတ်ဆိုးဒေါသထွက်နေတာ၊ ကိုယ့်စိတ်ထဲမှာ မှန်းထားသလောက် လက်တွေ့လိင်ဆက်ဆံတဲ့အခါ စိတ်တိုင်းမကျတာတွေကြောင့်လည်း အဖြစ်များပါတယ်။

    ကျန်းမာရေးအခြေအနေအရ ကျောရိုး၊ တင်ပါးဆုံရိုးမှာ ရှိတဲ့ အာရုံကြောတွေမှာ ဒဏ်ဖြစ်နေတာ၊ ဆီးကျိတ်ခွဲစိတ်မှုအပြီး အာရုံကြောထိခိုက်သွားတာ၊ နှလုံးရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ သိုင်းရွိုက်ဟော်မုန်း၊ ကျားဟော်မုန်း နည်းလာခြင်း၊ မွေးရာပါချို့ယွင်းချက်တွေ၊ စိတ်ကျရောဂါပျောက်ဆေး၊ သွေးတိုးကျဆေး၊ ဆီးဆေး၊ အရက်အလွန်အကျွံသောက်ခြင်းကြာင့် သုက်ထွက်ကြာနိုင်ပါတယ်။

    သုက်ထွက်ကြာတာကို ဘယ်လိုကုသမလဲ။

    မကုသဘဲ ထားလိုက်လို့ ပျောက်သွားတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လကြာ ဝေဒနာခံစားနေရတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ လိင်ဆက်ဆံနေစဉ် သုက်ထွက်ဖို့ ကြာလွန်းတယ်လို့ ခံစားနေရရင်၊ ဒီလိုဖြစ်နေတာ ၆လထက် ကျော်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။ သွေးဖောက်စစ်ခြင်း၊ ဆီးစစ်ခြင်း၊ တခြားသော ရောဂါတွေ၊ ကျားဟော်မုန်း ပမာဏ၊ ဟော်မုန်းမျှခြေ အပြောင်းအလဲ၊ လတ်တလော ခံစားနေရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေအပြင် ကိုယ့်ရဲ့ လိင်တံမှာ ကောင်းစွာထောင်မတ်နိုင်ခြင်း၊ တခြားသော ပြဿနာတွေ ရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပါတယ်။

    တရားခံအကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီးသွားမှ ကုသမှုခံယူဖို့ အကောင်းဆုံးဖြစ်မယ့် နည်းလမ်း၊ ကုထုံးတွေကို ဆရာဝန်က အကြံပေးမှာဖြစ်ပါတယ်။ သုက်ထွက်ကြာတာကို မကုသဘဲ ပစ်ထားလိုက်ရင် သူ့နောက်ကွယ်မှာ လိင်စိတ်သာယာမှု မရှိတာ၊ လိင်ဆက်ဆံရမှာ စိုးရိမ်ပူပန်တာ၊ မျိုးမအောင်တာ၊ မြုံတာ၊ လိင်စိတ်ဆန္ဒနည်းသွားတာအပြင် တခြားစိတ်ကျန်းမာရေးမှာပါ ထိခိုက်လာနိုင်သလို ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့လည်း လူမှုရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီပြဿနာရှိနေတယ်လို့ သံသယရှိနေရင် မရှက်ပါနဲ့။ တွေ့ရာ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ စောစောသိလေ ကုသပျောက်ကင်းဖို့ ပိုလွယ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement