backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကပ္ပါယ်အိတ် နာကျင်ခြင်းအကြောင်း သိကောင်းစရာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကပ္ပါယ်အိတ် နာကျင်ခြင်းအကြောင်း သိကောင်းစရာ

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဝှေးစေ့ တဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ နာကျင်တဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဝှေးစေ့ မှာ နာကျင်တာဟာ ဗိုက်အောက်ပိုင်းအထိပါ ပျံ့နှံ့သွားနိုင်ပါတယ်။

ဝှေးစေ့ ဘာလို့ နာကျင်ရတာလဲ။

ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ ဝှေးစေ့ တွေဟာ အရမ်းနူးညံ့တာမို့ အနည်းအပါး ထိမိခိုက်မိရင်တောင် နာကျင်တာ၊မသက်မသာဖြစ်တာမျိုး ခံစားရလေ့ရှိပါတယ်။ ဝှေးစေ့ နာကျင်ခြင်းခံစားရတာဟာ ဝှေးစေ့ ကိုယ်နှိုက်က နာကျင်တာဖြစ်နိုင်သလို coiled tube လို့ခေါ်တဲ့ ပြွန်လေးတွေကြောင့် ဒါမှမဟုတ် ဝှေးစေ့အနောက်ဖက်မှာရှိတဲ့ ထောက်မပေးထားတဲ့တစ်ရှူးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တခါတလေကျရင် ပေါင်ခြံ၊ဗိုက် ဒါမှမဟုတ် တခြားနေရာက ပြဿနာတွေကြောင့်လည်း ဝှေးစေ့နာကျင်တတ်ပြန်ပါသေးတယ်(ဥပမာ ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အူကျတဲ့ တချို့လူနာတွေမှာ ဝှေးစေ့ နာတတ်ပါတယ်)။ ရှားရှားပါးပါးဆိုသလို ဘာကြောင့်မှန်းမသိဘဲ နာနေတာမျိုးတွေလည်း ရှိပြန်ပါသေးတယ်။

အကြောင်းရင်းများ

ဝှေးစေ့နာကျင်မှုကို ဘာတွေကဖြစ်စေသလဲ

ဝှေးစေ့နာကျင်မှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့

• ထိခိုက်ဒါဏ်ရာ ရတာ။

• သုတ်ပို့ပြွန် ဒါမှမဟုတ် ဝှေးစေ့မှာ ပိုးဝင်တာ ဒါမှမဟုတ် ရောင်ရမ်းတာ။

• အသက်၁၀နှစ်နဲ့ အသက်၂၀ကြား ယောက်ျားလေးတွေမှာ ဝှေးညှာလိမ်ပတ် တတ်တဲ့အတွက် သွေးစီးဆင်းမှုကို ပိတ်ဆို့ပြီး နာကျင်စေနိုင်ပါတယ်။ ဒါဟာ အရေးပေါ် အခြေအနေဖြစ်ပြီး ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ ခြောက်နာရီအတွင်း ခွဲစိတ်မှုလုပ်နိုင်မယ်ဆိုရင်တော့ ဝှေးစေ့ထုတ်ပစ်ရတဲ့ အန္တရာယ်ကနေ ရှောင်ရှားနိုင်မှာပါ။

• ကပ္ပါယ်အိတ်ထဲမှာ အရည်တွေစုနေရင်လည်း အနည်းငယ် နာကျင်မှုကို ဖြစ်စေပါတယ်။ဥပမာ

• ကပ္ပါယ်အိတ်ထဲက သွေးပြန်ကြောတွေ ကြီးမားဖောင်းကားလာတာ (varicocele)

• ဝှေးစေ့ထဲ့မှာ အရည်တွေ စုပုံလာတာ (spermatocele)

• ဝှေးစေ့ပတ်ပတ်လည်မှာ အရည်တွေ စုပုံလာတာ (hydrocele)

• ကျောက်ကပ် ကျောက်တည်တာ။

• ပါးချိပ်ရောင်တာ။

• ဝှေးစေ့ကင်ဆာဖြစ်တာ။ ဒါကြောင့် နာတာအပြင် အလုံး၊အကျိတ်ပါ စမ်းမိရင် ဆရာဝန်ဆီ အမြန်ပြသင့်ပါတယ်။

ကုသမှုများ

အနည်းအကျဉ်း နာကျင်တာမျိုးလောက်ကတော့ အိမ်မှာပဲ ကုလို့ရပါတယ်။ အောက်ပါအချက်တွေကို တချက်ဖတ်ကြည့်ပါ။

• အားကစားသမားတွေ ဝတ်တဲ့ အတွင်းခံဝတ်ထားပါ။

• ပက်လက်လှန်အိပ်ရင် ကပ္ပါယ်အိတ်အောက်မှာ တဘက်လေးကို ခေါက်ပြီး ခုထားပါ။

• ရေခဲကပ်ပါ။

• ရောင်ရမ်းတာမျိုးရှိတယ်ဆိုရင် ရေနွေးနဲ့ ရေချိုးပါ။

• aspirin, ibuprofen ဒါမှမဟုတ် acetaminophen တို့လို အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို သောက်ပါ။ ဒါပေမယ့် ကလေးတွေမှာ အက်စ်ပရင်ဆေးပြားကို အသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ကို အရင်မေးပြီးမှ တိုက်ပါ။

ကာကွယ်မှု

• မှန်ကန်တဲ့ အရွယ်အစားရှိတဲ့ အတွင်းခံ ဘောင်းဘီကို ဝတ်ဆင်ပါ။

• အရမ်းပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း၊လှုပ်ရှားမှုတွေကို မလုပ်ပါနဲ့။

• လိင်ဆက်ဆံရင် အကာအကွယ်သုံးပါ။

• သင့်ကလေးကို MMR သုံးမျိုးစပ် ကာကွယ်ဆေး မှန်ကန်စွာ ထိုးပေးပါ။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြသင့်လဲ။

ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင်တာမျိုးဆို ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

အောက်ပါ အခြေအနေတွေမှာ အရေးပေါ် ဆေးကုသမှုကို ခံယူရပါမယ်။

• ရုတ်တရက် ပြင်းထန်စွာနာရင်။

• ကပ္ပါယ်အိတ်ကို ထိခိုက်မိရင် ၊တစ်နာရီလောက်ကြာပြီးတဲ့အထိ နာနေတုန်း ဒါမှမဟုတ် ရောင်ရမ်းနေတုန်းဆိုရင်။

• နာတာနဲ့အတူ ပျို့အန်တာ၊ချမ်းတုန်ဖျားတာ ဒါမှမဟုတ် ဆီးထဲသွေးပါတာတွေပါ ဖြစ်လာရင်။

တကယ်လို့ အောက်ပါအချက်တွေ ဖြစ်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။

• ဝှေးစေ့နားတဝိုက်မှာ ရောင်ရမ်းတာ၊ဖောင်းတာ၊အလုံးလိုမျိုးဖြစ်နေတာ ရှိရင်။

• အရမ်းကြီးမနာပေမယ့် ရက်ကြာလာရင်။

• ကပ္ပါယ်အိတ်က ပူနွေး၊နီရဲပြီး အထိမခံနိုင်အောင် နာနေရင်။

• ပါးချိပ်ရောင်နေတဲ့ သူနဲ့ ထိတွေ့မိရင်။

သင့်ဆရာဝန်က နာတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေမေးပြီး သင့်ရဲ့ ပေါင်ခြံနေရာ၊ကပ္ပါယ်အိတ်၊ဝှေးစေ့နဲ့ ဝမ်းဗိုက်တို့ကို စမ်းသပ်ပါလိမ့်မယ်။ ပိုးဝင် မဝင် သိနိုင်ဖို့ ဆီး၊သွေးတွေ စစ်ဖို့လည်း သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

ပြီးရင် ဝှေးစေ့နာတာကို ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းပေါ်မူတည်ပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement