backup og meta

အမျိုးသားတွေ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ


Eaindray Kha မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

    အသားအရေ ထိန်းသိမ်းတာက မိန်းကလေးတွေပဲ လုပ်ရမှာ မဟုတ်ဘူးနော်။ ယောက်ျားလေးတွေလည်း အသားအရေထိန်းသိမ်း ဖို့ လိုပါတယ်။ ဒါမှ ကျန်းမာလှပပြီး ကြံ့ခိုင်တဲ့ ယောက်ျားလေးတစ်ဦးဖြစ်မှာပါ။ ယောက်ျားလေး တော်တော်များများကတော့ အသားအရေကို အရမ်းဂရုမစိုက်ကြပါဘူး။ တကယ်တော့ လိုအပ်တဲ့အရာမို့ ဘာတွေ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော်။

    မျက်နှာသစ်တဲ့အခါမှာ ရေအေးအေးလေး သုံးပြီး သစ်ပေးပါ။ တချို့ယောက်ျားလေးတွေက ဆပ်ပြာနဲ့ပဲ မျက်နှာသစ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အသားအရေကိုလိုက်ပြီး သင့်တော်တဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သုံးစွဲရမှာပါ။ ဆဲလ်သေတွေဖယ်ရှားပြီး ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာ ဖြစ်ရင် ပိုကောင်းပါတယ်။

    မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေ ကောင်းမွန်နေဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။ အရက်နဲ့ ကော်ဖီက ရေဓာတ်ဆုံးရှုံးစေတာမို့ အသားအရေ ခြောက်နိုင်ပါတယ်။ အကယ်လို့ ကိုယ်က ကော်ဖီနဲ့ အရက်သောက်လေ့သောက်ထ ရှိတယ်ဆိုရင် ရေ တစ်နေ့ကို (၆) ခွက်လောက် သောက်ပေးပါနော်။

    ယောက်ျားလေးတစ်ယောက်မှာ အရေးအကြောင်းတွေ နည်းလေး ကောင်းလေပါပဲ။ ဘာလို့လဲဆိုတော့ အများအားဖြင့်က နုလားရင့်လားလေးပဲ ကြည့်ကြတာ များလို့ပါ။ ဖြူတာ၊ အသားအရေကြည်လင်တာကို အဓိက မကြည့်ကြလို့ပါ။ ဒီတော့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ မဖြစ်စေဖို့အတွက် နေရောင်ကာခရင်မ်နဲ့ အစိုဓါတ်ထိန်းခရင်မ်လေးတွေ လိမ်းဖို့ လိုပါတယ်။ မနက်ဘက်မလိမ်းချင်ရင်တောင် ညဘက်တော့ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းအိပ်ပါ။

    ယောက်ျားလေးတွေအနေနဲ့လည်း အိပ်ချိန်ကို သတိထားသင့်ပါတယ်။ ကိုယ့်အသားအရေမှာ ဝက်ခြံနဲ့ တင်းတိပ်တွေ ရှိနေတာဟာ အိပ်ရေးဝဝ မအိပ်ဖြစ်တာကြောင့်ပါ။ အသားအရေ ထိန်းချင်တယ်ဆိုရင်တော့ အိပ်ရာဝင်ချိန်ကို သတ်မှတ်လိုက်ပါ။

    မိန်းကလေးတွေ အသားအရေလှပဖို့ ခရမ်းချဉ်သီးကပ်တာတွေ၊ အာလူးကပ်တာတွေ လုပ်သလိုပါပဲ ယောက်ျားလေးတွေအနေနဲ့လည်း ပေါင်းတင်တာမျိုး မလုပ်ချင်ဘူးဆိုရင်တောင် အသီးအရွက်လေးတွေ များများ စားပေးဖို့ လိုပါတယ်။ အသီးအရွက်များများ စားပေးတာက ခန္ဓာကိုယ်အတွက် အမျှင်ဓာတ် ရရှိပြီး ဝမ်းမှန်စေတာမို့ အသားအရေ ကြည်လင်စေပါတယ်။

    အသားအရေ ထိန်းသိမ်းချင်တယ်ဆိုရင်တော့ ဆေးလိပ်လျှော့သောက်လိုက်ဖို့ အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ ဆေးလိပ်က သွေးလည်ပတ်မှု အားနည်းစေပြီး အရေးအကြောင်းတွေ ဖြစ်အောင်လည်း လှုံ့ဆော်လို့ပါ။ ဒါ့အပြင် ဆေးလိပ်က နှုတ်ခမ်းသားတွေကို ပြာနှမ်းပြီးမည်းစေနိုင်ပါသေးတယ်။ ဒါတွေက အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်စေတဲ့ လက္ခဏာတွေပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement