backup og meta

လိင်တံကျိုးတတ်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံကျိုးတတ်သလား

    လိင်တံကျိုးတတ်သလား …. ဒီကိစ္စဟာ ငယ်ငယ်တုန်းက ယောက်ျားလေးတွေအကြား ရေပန်းစားတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့သလို အသက်တော်တော်ကြီးတဲ့အထိလည်း ရေရေရာရာ မသိသေးသူ အတော်များပါတယ်။ ဒါဟာ တကယ်ဖြစ်နိုင်ပါသလားလို့ မေးရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရပါမယ်။ ဒါပေမယ့် လိင်တံမှာ အရိုးမရှိတဲ့အတွက် ခြေကျိုး၊လက်ကျိုးသလို အရိုးသွင်သွင်ကျိုးတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့လေ။ သင့်လိင်တံ ထောင်မတ်နေချိန်မှာ အရာတခုခုနဲ့ အားပြင်းပြင်း ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။

    လိင်တံကျိုးတတ်သလား

    လိင်တံကျိုးတတ်သလား ဆိုတော့ လိင်တံကျိုးတဲ့အကြောင်း မပြောခင် လိင်တံရဲ့ ဖွဲ့စည်းပုံလေးကို တစ်ချက်အကျဉ်းချုပ် ပြောကြည့်ချင်ပါတယ်။ သင့်လိင်တံမှာ ရှည်မျောမျောပြွန်လေး သုံးခုပါဝင်ပါတယ်။ ပြွန်အကြီးနှစ်ခုကို corporeal bodies တွေလို့ ခေါ်ပြီး ဒီပြွန်တွေထဲ သွေးတွေ ဝင်ရောက်လာတဲ့အခါ လိင်တံထောင်မတ်လာပါတယ် (ဘောလုံးထဲ လေမှုတ်သွင်းလိုက်သလို စဉ်းစားလိုက်ပါ)။ ဒီပြွန်တွေရဲ့ အပြင်ဖက်အရေပြားကိုတော့ tunica albuginea လို့ခေါ်ပြီး လိင်တံထောင်မတ်ချိန်မှာ အလျားရော၊ဘေးအနံရောပါ ပြန့်ကားထွက်နိုင်စွမ်းရှိပါတယ်။ တတိယမြောက် ပြွန်အသေးလေးကတော့ လိင်တံရဲ့ အောက်ဖက်အလျားတလျှောက်မှာ ရှိပြီး ဆီးထွက်ရာ လမ်းကြောင်းလေး ဖြစ်ပါတယ်။

    လိင်စိတ်ကြွလာတဲ့အခါ ပြွန်အကြီးနှစ်ခုထဲကို သွေးတွေ အများအပြား ဝင်ရောက်လာတဲ့အတွက် ဖိအားလည်း များလာပါတယ်။ ရလာဒ်အနေနဲ့ လိင်တံမာတောင့်လာပြီး ကွေးဖို့မလွယ်ကူတော့ပါဘူး။ ဒီလို အချိန်မျိုးမှာ အရာတခုခုနဲ့ အားပြင်းပြင်း ထိခိုက်မိရင် ဖိအားက ဆထက်ထမ်းပိုး အလွန်အမင်း တက်လာပါတယ် (ဥပမာ ဆက်ဆံဖော် အမျိုးသမီးရဲ့ ဆီးခုံနဲ့ဆောင့်မိခြင်း စသဖြင့်)။

    ဒီအခါ ဖိအားဒဏ်ကို ခါးစည်းခံနေရတဲ့ ဘေးပတ်ပတ်လည်က တစ်ရှူးတွေဟာ ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ပြဲထွက်သွားပါတော့တယ်။ ဒါကို လိင်တံကျိုးတယ်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ လိင်တံကျိုးခြင်းဟာ လိင်တံထောင်မတ်နေချိန်မှာပဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

    လိင်တံကျိုးခြင်းရဲ့ လက္ခဏာတွေက ဘာလဲ

    လိင်တံကျိုးပြီဟေ့ဆိုရင် အချိန်မဆိုင်းဘဲ သင်သတိထားမိမှာပါ။ အထဲက တစ်ရှူးစုတ်ပြဲသွားတဲ့ အသံလေးတစ်ချက်ကိုလည်း သင်ကြားလိုက်ရမှာပဲ ဖြစ်ပါတယ်။ လေမှုတ်ထည့်ထားတဲ့ ပူဖောင်းကို ပင်အပ်လေးနဲ့ ဆတ်ခနဲ ထိုးလိုက်ရင် ဖောင်းခနဲ ပေါက်သွားသလို သင့်လိင်တံလည်း ထောင်မတ်နေရာက ချက်ချင်းပြန်ပျော့သွားမှာပါ။ ဒီနောက်မှာတော့ ရောင်ကိုင်း၊ပြာနှမ်းပြီး သွေးခြေဥလာမှာဖြစ်ကာ နာကျင်မှုကိုလည်း ခံစားရပါမယ်။ တော်တော်ဆိုးဆိုးရွားရွား နာကျင်မှာပါ။ အကယ်၍ ဆီးလမ်းကြောင်းပြွန်အသေးလေးကိုပါ ထိခိုက်သွားတယ်ဆိုရင် ဆီးသွားချိန်မှာ သွေးတွေထွက်လာပါလိမ့်မယ်။ ဒါဆိုရင် သင့်ရဲ့ ဆီးပြွန်လေးပါ စုတ်ပြဲသွားပြီဆိုတဲ့ သဘောပေါ့။

    လိင်တံကျိုးပြီဆိုရင် ဘာဆက်လုပ်ရမလဲ

    လိင်တံပြဿနာတက်လို့ ဆေးရုံအရေးပေါ်ဌာနဆီ ပြေးရတာ ကြားလို့တော့ သိပ်မကောင်းလှဘူးပေါ့လေ။ ဒါပေမယ့် အရှက်ထက် အသက်က အရေးကြီးတာမို့ အထက်ဖော်ပြပါ လက္ခဏာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့ ဆေးရုံသာ အမြန်ဆုံးပြေးပါ။ ဆရာဝန်တွေအနေနဲ့ သင့်ရဲ့လိင်တံကို စစ်ဆေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ၊ပုံရိပ်ဖော် စစ်ဆေးမှုတွေကို ပြုလုပ်ပါလိမ့်မယ်။ တခါတရံ သင့်ဆီးပြွန်ထဲ မှန်ပြောင်းထည့်ကြည့်တာမျိုးလည်း လုပ်ရတတ်ပါတယ်။ ဒါမှ ဆီးပြွန်တစ်ရှူးတွေပါ စုတ်ပြဲသွားခြင်း ရှိမရှိ သိနိုင်မှာပါ။ လိင်တံတစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် သင့်တော်တဲ့ ခွဲစိတ်ကုသမှုကို ခံယူရလေ့ ရှိပါတယ်။ ဒါ့အပြင် လိင်တံကျိုးပြီး သုံးရက်အတွင်းမှာ ခွဲစိတ်ကုသဖို့ အထူးအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ကြာသွားရင် အမာရွတ်စတင် ဖြစ်ပေါ်လာနိုင်တာမို့ ပြန်ပြင်ဖို့ ခက်သွားပြီး လိင်တံထောင်မတ်ခြင်းကို ဒုက္ခပေးပါလိမ့်မယ်။ ဒါကြောင့် လိင်တံကျိုးပြီဆိုရင် ဆေးရုံဆေးခန်းဆီ အမြန်ပြေးပြီး လိုအပ်တဲ့ ခွဲစိတ်ကုသမှုကို ၇၂နာရီအတွင်း ခံယူဖို့ အရေးတကြီး လိုအပ်ပါတယ်။ အားလုံးအဆင်ပြေတယ်ဆိုရင်တော့ ခွဲစိတ်အပြီး ၄ – ၆ ပတ်လောက်အတွင်းမှာပဲ လိင်ဆက်ဆံခြင်းအမှုကို ပြန်ပြုနိုင်ပါမယ်။

    လိင်တံကျိုးခြင်းကို ဘယ်လိုရှောင်ရှားမလဲ

    လိင်တံကျိုးခြင်းဟာ အင်မတိအင်မတန် ဖြစ်ခဲတဲ့ ရှားပါးပြဿနာတစ်မျိုးပါ။ ဒါကြောင့် သင့်အနေနဲ့ အိပ်ရာထက်မှာ ချစ်ရည်လူးတဲ့အခါ ဒီကိစ္စကြီးကိုပဲ ခေါင်းထဲထည့်ပြီး တွေးကြောက်နေစရာ မလိုပါဘူး။ ဒါပေမယ့် အချို့အချို့သော လိင်ဆက်ဆံမှုပုံစံတွေဟာ လိင်တံကျိုးဖို့ရာ အလားအလာ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသမီးက အပေါ်ကနေတဲ့ ပုံစံဟာ လိင်တံကျိုးနိုင်ခြေများတဲ့ ပုံစံအနေအထားတစ်ခု ဖြစ်တယ်ဆိုတာကို သိထားရပါမယ်။ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတဲ့အခါ သူမရဲ့ ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးက ထောင်မတ်နေတဲ့ လိင်တံပေါ် ကျရောက်နေတဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ချက်က အမျိုးသမီးရဲ့ ယောနိထဲ လိင်တံထိုးသွင်းတဲ့အခါ လုံးဝထောင်မတ်နေတဲ့ အနေအထားမှာရှိနေမှ ထိုးသွင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ဝက်တစ်ပျက် ထောင်မတ်နေတဲ့ လိင်တံဟာ လိမ်ပြီးကျိုးနိုင်ခြေ ပိုများတာကြောင့်ပဲ ဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement